အပစ်ရပ်မိုင်းလားတပ်ဖွဲ့၏ သျှမ်းပြည် (အရှေ့ ပိုင်း) မိုင်းယောင်းမြို့နယ် အတွင်းရှိ ဝမ်ခိုးတပ် စခန်းကို မိုင်းဖြတ် အခြေစိုက် စကခ ၁၈ လက် အောက်ခံ ခမရ ၅၇၃ မြန်မာတပ်ကယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ဝင်ရောက်တပ်စွဲလိုက် ကြောင်း သိရသည်။
အဆိုပါ ဝမ်ခိုးစခန်းမှ မိုင်းလားတပ်များ ပြန်လည်ရုပ်သိမ်းအပြီး တစ်ပတ်ခန့် အကြာ မြန်မာတပ်များ ဝင်ရောက် တပ်စွဲခြင်း ဖြစ်သည်။
စစ်သည် အင်အား ၁၀၀ နီးပါး ပါဝင်သည့် စကခ ၁၈ လက်အောက်ခံ ခမရ ၅၇၀၊ ၅၇၃ တပ်ရင်းနှစ်ရင်းခန့်က စစ်ကား ၁၀ စီးကျော် ရောက်ရှိ တပ်စွဲထားကြောင်း မိုင်းလားတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးကသျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ဝမ်ခိုးစခန်းမှာ အစတုန်းက ကျနှော်တို့ တပ်စုတစ်စုလောက် ထိုင်တယ်၊ လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ အဲဒီစခန်းကနေ ပြန်ဆုတ်ပေးလိုက်တယ်၊ သျှမ်းတပ်တွေလဲ ဝင်ထွက်လှုပ်ရှားတော့ အချင်းချင်းတိုက်ပွဲ ဖြစ်မှာစိုးလို့ ဆုတ်ပေးထားတာ၊ ရန်သူ ကား ၁၀ စီးဆိုတော့ တပ်ရင်း ၂ရင်းလောက်ရှိမှာပေါ့ ”ဟု သူက ပြောသည်။
၎င်းစခန်းသည် မိုင်းယောင်းဒေသ နမ့်မလေ့ချောင်းအနီး တည်ရှိကာ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ဒေသ အပြင်စည်း လုံခြုံ ရေး အရံတပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
“စပ်ကြားနယ်မြေဘဲ။ သူလည်းလှုပ်ရှား ကိုယ်လည်းလှုပ်ရှားပေါ့ မိုင်းလားနယ်မြေ အပြင်စည်း လှုပ်ရှား နယ်မြေလေ။ ဗိုလ်ချုပ်ခင်ညွန့်ကတော့ မိုင်းလားအဖွဲ့ ဂွင်ဆိုပြီး အသိအမှတ်ပြုထားတာအခုကောင်တွေ ကတော့ မရဘူး တက်ထိုင်ပြီ”ဟု ဆိုသည်။
မြန်မာတပ်များ ဝမ်ခိုးတပ်စခန်း၌ အခြေပြု၍ ဒေသတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ် လာပါကမိုင်းလား တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနိုင်ကြောင်း သူက သုံးသပ်သည်။
မိုင်းလားအဖွဲ့ဟု လူသိများသော ဦးစိုင်းလင်း ဦးဆောင်သည့် သျှမ်းအရှေ့ အထူးဒေသ ၄ လက်နက်ကိုင် တပ်ဖွဲ့သည် မြန်မာ စစ်တပ်၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖွဲ့စည်းရေးကို ငြင်းဆန်နေပြီး ယခုအခါ စစ်အစိုးရနှင့် ဆက်ဆံရေး တင်းမာနေကြောင်း သိရသည်။