ကူးတို့ဆိပ်လေလံဦးစီးသည့် မူစယ်စည်ပင်ကို ဒေသခံများ မကျေနပ်

ကူးတို့ဆိပ်လေလံဦးစီးသည့် မူစယ်စည်ပင်ကို ဒေသခံများ မကျေနပ်
by -
သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာ နယ်စပ် ရွေလီမြစ်ဖြတ်ကူးသည့် သျှမ်းပြည် (မြောက်ပိုင်း)မူစယ်မြို့နယ် ပန်ခမ်း ကျေးရွာ အုပ်စု နောင်ရမ်း ရွာကူးတို့ဆိပ်လေလံပွဲ အား မူစယ်စည်ပင်ဋ္ဌာနက ဦးဆောင်ပြုလုပ်ခဲ့ရာ စည်ပင်ဋ္ဌာနနှင့် နီးစပ်သူများသာလေလံရရှိမှု အပေါ် နောင်ရမ်းဒေသခံများ  မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

ဧပြီလလယ်ပိုင်း သင်္ကြန်ကာလ ကူးတို့ဆိပ်လေလံပွဲ  ပြုလုပ်ခဲ့ရာ ရုံးပိတ်ရက်ဖြစ်သဖြင့် အခြားလေလံ အပြိုင်ဆွဲသူ များ ချလန်လျှောက်လွာသွင်းခွင့် မရရှိဖြစ်ခဲ့ရပြီး စည်ပင်နှင့်နီးစပ်သူများကသာ ရရှိသွားကြောင်း ကိုယ်တိုင် လေလံဆွဲသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“လေလံဆွဲတဲ့အချိန်က သင်္ကြန်အတွင်းဗျာ ဘဏ်တွေရုံးတွေ ပိတ်ထားတော့ ပီအိုပီ(ချလံစာရွက်)  လုံးဝ တင်လို့မရဘူး။   ကျနော်တို့ စာရွက်စာတမ်းအပြည့်အစုံပါ ပေမဲ့ လက်မခံဘူး ပယ်ချလိုက်တယ်၊ စည်ပင်နဲ့ အကျိုးတူပေါ့ဗျာ သူတို့က ပြိုင်ဘက်မရှိရသွားတာပေါ့ ” ဟု သူက ပြောသည်။

တစ်နှစ်စာ ကူးတို့ဆိပ်လေလံ ကြမ်းခင်းစျေး ကျပ် ၁၈ သိန်းဖြစ်ပြီး စည်ပင်နှင့်နီးစပ်သူများက ကျပ် ၂၈ သိန်း ပေး၍ ဧပြီ  ၂၁ ရက် တွင် လေလံရရှိသွားကြောင်း သူက ဆိုသည်။

“လေလံကို မူစယ်စည်ပင်ကကိုင်တယ်၊ အမှုဆောင်အရာရှိ ဦးသက်ပိုင် ဦးစီးအရာရှိ ဦးဝင်းဇော် သူတို့လူဘဲ  ရစေချင် တာ။ သူတို့လူဆိုတာက အပြင်လူ ၃ ၊ ၄ ယောက်ပေါ့ ။ ရွာကလူတစ်ယောက်ပါတယ် အကွက်ကျကျ အဲလို လုပ်သွားတာ ကြမ်းခင်း စျေး  ၁၈ သိန်းကို ၂၈ သိန်းပေးပြီးရသွားတာ ရွာကလူတွေ  အတော်နစ်နာ တယ်” ဟု ဆိုသည်။

ယခင်က အဆိုပါ ကူးတို့ဆိပ်လုပ်ငန်းကို ဒေသခံရွာသားများ စုပေါင်းလုပ်ကိုင်ကြပြီး ယခုနှစ်ကျမှ မူစယ် စည်ပင်ဋ္ဌာန  ဦးစီး၍  စတင် လေလံဆွဲခြင်း ဖြစ်ကြောင်း တစ်နှစ်လျှင် ကျပ်သိန်း ၁၅၀ ဝန်းကျင်ခန့်ဝင်ငွေ ရရှိကြောင်း သိရသည်။

လေလံကိစ္စကို ဦးစီးဆောင်ရွက် သည့် မူစယ်မြို့ စည်ပင်သာယာဋ္ဌာနကို နောင်ရမ်းရွာဒေသခံများကမကျေ မနပ်ဖြစ်နေ ကြောင်း သိရသည်။

Most read this week