ချင်းမိုင် (မဇ္စျိမ)။ ။ သမ္မတသစ်ဦးသိန်းစိန် အနေဖြင့် အမျိုးသား ချစ်ကြည်စည်းလုံးရေးကို ရှေးရှုလျက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တရပ် အမြန်ကြေညာပေးသင့်ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ၅ ပါတီက ရန်ကုန်၌ နှစ်ရက်ကြာ အစည်းအဝေးအပြီး ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်တိုက်တွန်း လိုက်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီနှင့် ချင်းအမျိုးသားပါတီ ပါဝင်သည့် ညီနောင် ၅ ပါတီ Brotherhood Forum ဟုခေါ်သည့် ပါတီအစုအဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။
“ကျနော်တို့ကတော့ General Amnesty ပေါ့ဗျာ။ ကျနော်လည်း ၁၉၈ဝ General Amnesty နဲ့ ထောင်ထဲက လွတ်လာတဲ့ ကျောင်းသားလူငယ်ပါ။ General Amnesty ဆိုတာ ယေဘုယျတော့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးအားဖြင့် အကျဉ်းကျတဲ့လူတွေ အကုန်လုံးပါတယ်ခင်ဗျ” ဟု အစည်းအဝေးတက်သူ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးလှစောက မဇ္စျိမကို ပြောသည်။
အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးထုတ်ပြန်သင့်သည့်ယူဆချက်အပါအဝင် ကြေညာချက် ၅ ချက်ကို တင်ပြခြင်းသာ ဖြစ်သည်။
“ဒီမိုကရေစီအစိုးရသစ်၏ မင်္ဂလာအခါသမယတွင် နိုင်ငံအသီးသီး ထုံးတမ်းစဉ်လာနှင့်အညီနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အမျိုးသားချစ်ကြည်စည်းလုံးရေးကို ရှေးရှုလျက်အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် တရပ်ကို အမြန်ဆုံး ထုတ်ပြန်ကြေညာပေးသင့်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်” ဟု ကြေညာချက်က ဆိုသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အမတ်နေရာ ၅၇ ဦး၊မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ၁၆ ဦး၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ၃၅ ဦး၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ် ပါတီ ၉ ဦးနှင့် ချင်းအမျိုးသားပါတီ ၁ဝ ဦး အနိုင်ရရှိထားသဖြင့် စုစုပေါင်း အမတ်ဦးရေ ၁၂၇ ဦးအင်အားရှိ သည့် ပါတီအစုအဖွဲ့ဖြစ်သည်။ လွှတ်တော် ၃ ရပ် စုစုပေါင်း အမတ်ဦးရေမှာမူ ၁၁၅၄ ဦး ဖြစ်သည်။
၎င်းတို့ ၅ ပါတီက နိုင်ငံရေးအကျဉ်းသားများရှိနေသည်ဟု ယူဆသော်လည်း မြန်မာအစိုးရအဆက်ဆက်ကမူ နိုင်ငံရေးအကျဉ်းသား မရှိဘဲ “တည်ဆဲဥပဒေ” ချိုးဖောက်သူများသာ ဖြစ်သည်ဟု ငြင်းဆိုလေ့ရှိသည်။ နိုင်ငံတကာနှင့် အတိုက်အခံများကမူ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ရှိသည်ဟု ထုတ်ဖော်ပြောဆိုလေ့ရှိသည်။
အထွထွေလွတ်ငြိမ်းသာခွင့် ကြေညာပိုင်ခွင့်ကို ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက သမ္မတနှင့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီတို့ကို ပေးအပ်ထားသည်။
ကြေညာချက်များထဲ၌ ပြည်နယ်များတွင် ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နိုင်ရန် ပြည်တွင်းငြိမ်းချမ်းရေးကို ပြီးပြည့်စုံသည်အထိ ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအကြား ဖွံ့ဖြိုးမှု ကွာဟချက်များ လျော့ပါးနေသည်ကို ဦးစားပေး ဖြေရှင်းရန်တို့ကိုပါ အစိုးရအသစ်ထံ တိုက်တွန်းသည်။
လွတ်လပ်ရေးရချိန်မှစ၍ ပြည်တွင်းစစ်နှင့် တပါတီအာဏာရှင်စနစ်တို့ကြောင့် ဖွံ့ဖြိုးမှု နောက်ကျနေရသည့် တိုင်းရင်းသား ဒေသများအတွက် အကူအညီများပေးကြရန်လည်း နိုင်ငံတကာသို့ တောင်းဆိုထားသည်။
ညီနောင် ၅ ပါတီနှင့် တိုင်းရင်းသားပါတီမဟုတ်သော အခြားပါတီ ၆ ပါတီ ပါဝင်သည့် “ဒီမိုကရေစီမိတ်ဆွေ ပါတီများ” အစုအဖွဲ့ကလည်း “နိုင်ငံရေးအကျဉ်းသားများအားလုံးနှင့် ပြည်ပရောက် နိုင်ငံရေးသဘောထား ကွဲသူများ” အားလုံးအကျုံးဝင်စေမည့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ကြေညာရန်၊ပြည်တွင်းစစ်ရပ်စဲရေး အတွက် ပါဝင်သက်ဆိုင်သူအားလုံး တက်ရောက်နိုင်မည့် ပြည်ထောင်စု ညီလာခံတရပ် ကျင်းပပေးရန် အစိုးရအသစ်ကို ယခုလဆန်းက တိုက်တွန်းထားသည်။
သမ္မသစ်ဦးသိန်းစိန်ကမူ သူ၏ ပထမဆုံးမိန့်ခွန်းအတွင်း၌ သဘောထား မတူသူများအနေဖြင့် ၂ဝဝ၈ဖွဲ့စည်း ပုံကို လက်ခံရမည်ဖြစ်ပြီး ရွေးကောက်ပွဲနည်းဖြင့်သာ နိုင်ငံရေးအာဏာ ရယူမည်ဟု ဆိုထားသည်။
အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ သမ္မတဦးသိန်းစိန်က ပြည်နယ်နှင့် တိုင်းများတွင် အထူးစီမံကိန်းများကို အကောင်အထည်ဖော်ရမည်ဟု ဧပြီလ ၂၂ ရက်နေ့အဖွဲ့အစည်းအဝေး တွင် ပြောကြားခဲ့သည်။
သို့သော် ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးကိစ္စများနှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စများ ကိုမူ ယနေ့အထိ ပြောဆိုခြင်း မရှိသေးပေ။