မလေးရှား ဆန္ဒပြ ခေါင်းဆောင်နှစ်ဦး ထိန်းသိမ်းခံထား ရဆဲ

မလေးရှား ဆန္ဒပြ ခေါင်းဆောင်နှစ်ဦး ထိန်းသိမ်းခံထား ရဆဲ

မလေးရှားနိုင်ငံ ဂျဟိုးဘာရူးပြည်နယ် ရှိကြွေထည် ပစ္စည်း စက်ရုံ တစ်ရုံမှ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် မြန်မာ နှင့် နီပေါ အလုပ်သမား ခေါင်းဆောင် နှစ်ဦး အထိန်းသိမ်း ခံနေရဆဲ ဖြစ်သည်ဟုအလုပ်သမား ရေးရာ လှုပ်ရှားသူများက ပြောသည်။

အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု အပေါ် အလုပ်သမား (၁၀၀) ကျော်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာမှ အထိန်းသိမ်း ခံခဲ့ရသည့် ကိုအောင်ကျော် နှင့် နီပေါ နိုင်ငံသား အလုပ်သမား ခေါင်းဆောင်နှစ်ဦး တို့ကို အချုပ်နေရာ ပြောင်းရွှေ့ လိုက်သည်ဟု သိရကြောင်းလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက် နယ်မြေ)၊ NLD(LA) မလေးရှားဌာနခွဲ မှ ရုံးတာဝန်ခံ ဦးဇော်မြင့်က ပြောသည်။

“အစတုန်းက သူတို့ကို မြို့နယ်စခန်းမှာ ထားထားတယ်။ အခု မြို့နယ်စခန်းမှာ မဟုတ်တော့ဘူးလို့ ကျနော်တို့ ကြားရတယ်။ ဒီ့ထက်ကြီးတဲ့ အချုပ်ကြီးကို ပို့လိုက်ပြီလို့ ကြားရတယ်။”

မလေးရှားနိုင်ငံ၏ ဥပဒေအရ အလုပ်သမားများ ကိုင်ဆောင်သည့် အလုပ်လုပ်ခွင့် လက်မှတ်နှင့် လုပ်ငန်းခွင် ကိုက်ညီမှု မရှိပါက ဖမ်းဆီးခံရနိုင်သည်။ သို့သော် ယခု အထိန်းသိမ်းခံ ခေါင်းဆောင် ၂ ဦးတွင် အလုပ်သမား လက်မှတ် ပြည့်စုံ ကိုက်ညီမှု ရှိသည်ဟု စက်ရုံ အလုပ်သမားများက ပြောသည်။

ယင်းစက်ရုံတွင် အေးဂျင့်မှတဆင့် တရားဝင် လာရောက်ခဲ့သည့် မြန်မာနိုင်ငံသား (၆၀) ကျော် အပါအဝင် နီပေါနှင့် ဗီယက်နမ်နိုင်ငံသား အလုပ်သမားများက  ဧပြီလ(၁၉)ရက် နေ့မှ စတင် ဆန္ဒပြခဲ့ရာ (၂၁)ရက်နေ့တွင် မြန်မာ နှင့် နီပေါ အလုပ်သမား ကိုယ်စားလှယ် (၈) ဦးကို အလုပ်ရှင်က ခေါ်ယူဆွေးနွေးခဲ့ပြီး လိုက်လျောမှု အနည်းငယ် ပေးခဲ့သည်။

ထို့နောက် လုပ်ငန်းခွင် ပြန်ဝင်ရန် လက်မှတ်ထိုးစေခဲ့သဖြင့် အလုပ််ပြန်ဆင်းခဲ့သော်လည်းအလုပ်သမားများ အနေဖြင့် ကျန်ရှိနေသည့် တောင်းဆိုချက်များ ရရန် ဆက်လက် ကြိုးစားသွားမည်ဟု စက်ရုံလုပ်သား ကိုဇော်မင်းထွန်းက ပြောသည်။

“အရင်တုန်းက ပျက်ရက်တွေမှာ ရင်းဂစ် (၁၀) ဖြတ်တာတွေတော့ လိုက်လျောမှုပေးလိုက်ပြီ။ မဖြတ်တော့ ဘူးပေ့ါနော်။ ဒါပေမယ့် ကျနော်တို့ကို တလတလမှာ လုံခြံုရေးငွေကြေးအဖြစ် (၅၀)စီဖြတ်ထားတာရှိတယ်။ အဲဒါတွေနဲ့ တနင်္ဂနွေနေ့ အလုပ်ဆင်းရင် နှစ်ဆပေးဖို့တွေတော့ မလုပ်ပေးသေးဘူးခင်ဗျ။ အဲဒီအတွက် ကျနော်တို့ ဆက်ကြိုးစားသွားမယ်။”

အလုပ်ရှင်က လုံခြံုရေးစားရိတ်အဖြစ် လစဉ်ဖြတ်တောက်ထားသည့် မလေးရှားရင်းဂစ် (၅၀) အား  အလုပ် သမားများ အလုပ်မှထွက်၍ မြန်မာပြည်သို့ ပြန်သည့်အခါ ထုတ်ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယခင်က ပြန်သွားသူများ အနေနှင့် ယင်းငွေ ပြန်လည်ရရှိသည်ကို မတွေ့ဘူးသေးကြောင်း ၎င်းကဆက်ပြောသည်။

အလုပ်သမားများ၏ အခြားတောင်းဆိုချက်များတွင် တနင်္ဂနွေကဲ့သို့ အလုပ်ပိတ်ရက်မျိုးတွင် အနားပေးရန်၊ အကယ်၍ ယင်းနေ့တွင် အလုပ်စေခိုင်းပါက လုပ်အားခနှစ်ဆ ပေးရန်၊ ကျန်းမာရေး မကောင်းသည့်အချိန်တွင် ဆေးခန်းသို့ အချိန်မီ ပို့ဆောင်ပေးရန် စသည်တို့ ပါ၀င်ခဲ့သည်။

ဂျဟိုးဘာရူးပြည်နယ်၊ အဲယားဟိုက်တန်မြို့ရှိ အင်နို (Inn No) ကြွေထည်ပစ္စည်းစက်ရုံတွင် တစ်ရက်လုပ်အားခ မလေးရှားငွေ (၂၁) ရင်းဂစ်သာရရှိပြီး  အနီးအနားရှိ အလားတူ စက်ရုံများတွင် တစ်ရက်လျှင်(၂၅) ရင်းဂစ်မှ (၂၉) ရင်းဂစ်အထိ ရသည့်အပြင် နားရက်၌ အလုပ်ခိုင်းစေပါက လုပ်အားခ နှစ်ဆထိ ပေးသည်ဟု သိရသည်။

Most read this week