ဂီရီ ပန်းချီပြပွဲ နိုင်ငံကျော် ပန်းချီဆရာများ၏ ပန်းချီကားများ ပါ၀င် ပြသ

ဂီရီ ပန်းချီပြပွဲ နိုင်ငံကျော် ပန်းချီဆရာများ၏ ပန်းချီကားများ ပါ၀င် ပြသ
by -
နိရဥ္စရာ သတင်းဌာန

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ဂီရိ ရံပုံငွေ အတွက် ပြသနေသော ပန်းချီပြပွဲတွင် နိုင်ငံကျော်ပန်းချီ ဆရာများ၏ ပန်းချီကားများကိုလည်း ပြသ နေကြောင်း သတင်း ရရှိသည်။

Cyclone-giri-Myanmarပန်းချီပြပွဲကို ဦးဆောင်သူ လူငယ် ပန်းချီဆရာ တစ်ဦး ဖြစ်သူ ကိုခိုင်မင်းစိုးက “ နိုင်ငံကျော် ပန်းချီဆရာတွေ ဖြစ်ကြတဲ့ ဆရာကြီး ဦးလွန်းကြွယ်၊ ဆရာဝင်းဖေမြင့်၊ ကြည်မင်းစိုး၊ မင်းဝေအောင်၊ ကိုဇော်ဝင်းဖေ စတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပန်းချီကားတွေလည်း ပါ၀င်တယ်။ ဆရာကြီးတွေက သူတို့ရဲ့ ကားတွေကို ကုသိုလ်ဖြစ် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ပန်းချီပြပွဲကို ဧပြီလ ၂၅ ရက်နေ့က စတင်ခဲ့ပြီး ၅ ရက်ကြာ ပြသမည် ဖြစ်သည်။ ပန်းချီကားပေါင်း ၁၃၀ ကျော်ပါ၀င်ပြီး ပန်းချီပြပွဲကို ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ အမျိုးသား ယဉ်ကျေးမူနဲ့ အနုပညာ တက္ကသိုလ်တွင် ပြလုပ် ပြသနေခြင်း ဖြစ်သည်။

“ လူတွေကတော့ လာကြည့်ကြပါတယ်။ ကြိတ်ကြိတ်တိုး မဟုတ်ပေမယ့် လာရောက်တဲ့သူက အတိုင်းအတာ တစ်ခုထိတော့ ရှိပါတယ်။ ပထမနေ့မှာတင် ပန်းချီကား ၁၀ ခုထက် မနည်း ရောင်းရပါတယ်” ဟုသူက ပြောသည်။

အဆိုပါ ပန်းချီပွဲဲမှ ရရှိလာသောငွေများကို လေဘေးသင့် ဒေသရှိ ကျေးရွာများ၏ ရေတွင်းရေကန်တူးဖေါ် ရာတွင် ပေးပို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သူက ပြောသည်။

“ အခုလို ပန်းချီပွဲ လုပ်ဖို့ စိတ်ကူး စိတ်သန်းရတာကတော့ ပန်းချီဆရာ တစ်ဦးက စရတာပါ။ သူကလေဘေး သင့် မြေပုံမြို့နယ်ကို ရောက်တုန်း အဲဒီဒေသမှာ လူတွေ ရေရှားတဲ့ ဒဏ်ကို အကြီးအကျယ် ခံနေရတာကို သူတွေ့ခဲ့ရတယ်။ ရန်ကုန်ကို ပြန်ရောက်တဲ့ အခါ သူက တခြား အပေါင်းအသင်း ပန်းချီဆရာတွေကို ပြောပြတော့ ခုလို ပန်းချီကားပြပွဲ လုပ်ပြီး ရံပုံငွေ ရှာဖို့ သဘောတူကြပြီး ခုလို လုပ်ဖြစ်သွားတာပါ” ဟု ကိုခိုင်မင်းစောက ပြောသည်။

ပန်းချီပြပွဲကို နေ့စဉ် နံနက် ၁၀ နာရီမှ ၄ နာရီထိ ပြသနေကြောင်း သိရသည်။

Most read this week