မြန်မာနှင့် ဘင်္ဂလာဒေချ့် စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိ

မြန်မာနှင့် ဘင်္ဂလာဒေချ့် စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာ့ လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း၏ ဘင်္ဂလာဒေချ့် နိုင်ငံ (၆) ရက်ကြာ ခရီးစဉ် အတွင်း ဘင်္ဂလာဒေချ့်နှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ် အများအပြားကို ဆွေးနွေးခဲ့ကြပြီးသဘော တူညီမူ တချို့လည်း ရရှိခဲ့သည်ဟု သတင်းရရှိ သည်။

Buk-M1-2
အထူးသဖြင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ် အပေါ် သူ၏ ခရီးစဉ် အတွင်း အလေးပေး ဆွေးနွေးကြပြီး ထိုအထဲတွင် ဘင်္ဂလာဒေချ့် စစ်သင်တန်းကျောင်းများသို့ မြန်မာ စစ်ဘက်ဆိုင်ရာ အရာရှိများကို ပို့ရေးနှင့် အပြန်အလှန် စစ်ရေး ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များ ပါ၀င်ကြောင်း သိရသည်။

ဒုတိ်ယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအနေဖြင့် ဘင်္ဂလာဒေချ့် သမ္မတ ဇီလူ ရာဟမန်နှင့် မနေ့က သွားရောက် တွေ့ဆုံရာတွင် ဘင်္ဂလာဒေချ့် သမ္မတမှ မိမိတို့ အနေဖြင့် မြန်မာနှင့် စစ်ရေးဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့် လုပ်ဆောင် စိတ်ဝင်စားနေကြောင်းနှင့် နောက်လတွင် ဘင်္ဂလာဒေချ့် လေတပ် ဦးစီးချုပ်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းမှလည်း ယခုအခါ မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီ ဖြစ်သဖြင့် ဘင်္ဂလာဒေချ့်နှင့် အကျိုးတူ ကိစ္စရပ်များကို ပူးပေါင်း ဆောင်ရွက်ရန် စိတ်ထက်သန်နေကြောင်းပြောကြား ခဲ့သည်ဟု သိရသည်။

ဘင်္ဂလာဒေချ့် သမ္မတမှ နှစ်နိုင်ငံ အကြား စစ်သင်တန်းများ ဖလှယ်ရေးကို ပြုလုပ်ကြရန်လည်း မြန်မာ လေတပ် ဗိုလ်ချုပ် မြတ်ဟိန်းကို အလေးအနက်ထား တိုက်တွန်းခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းမှ ဘင်္ဂလာဒေချ့် အမျိုးသား စစ်တက္ကသိုလ် ( National Defense Collage) သို့ သွားရောက်စဉ် မြန်မာ စစ်အရာရှိများကို ဘင်္ဂလာဒေချ့် စစ်သင်တန်း ကျောင်းများသို့ အနာဂတ်တွင် ပို့ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ဗိုလ််ချုပ်ကြီး မြတ်ဟိန်းသည် သူ၏ ခရီးစဉ်အတွင်း အဓိက ဘင်္ဂလာဒေချ့် ကြည်းရေလေ အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး စစ်ရေးဆိုင်ရာ နေရာ အများအပြားသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

ယခုအခါ ဘင်္ဂလာဒေချ့် နိုင်ငံ အနေဖြင့် အမေရိကန်နှင့်သာမက တရုတ်နှင့်ပါ ဆက်ဆံရေး အထူး ကောင်းမွန်နေပြီး အဆိုပါ နိုင်ငံများ၏ အကူအညီဖြင့် ရေတပ်နှင့် လေတပ်ကို ခေတ်မှီအောင် မွန်းမံံ တည်ဆောက်နေကြောင်း သိရသည်။

ယခု မြန်မာ လေတပ် ဦးစီးချုပ်၏ ဘင်္ဂလာဒေချ့် ခရီးစဉ်သည် ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် တက်လာပြီးနောက် ပထမဆုံး ပြုလုပ်သော စစ်ဘက်ဆိုင်ရာ ခရီးစဉ် ဖြစ်သဖြင့် မြန်မာနိုင်ငံ အနေဖြင့် ဘင်္ဂလာဒေချ့်နှင့် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက်လိုသည့် သဘော ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

ဘင်္ဂလာဒေချ့် နိုင်ငံ အနေဖြင့် သူနိုင်ငံ၏ ရေပြင် ပိုင်နက်ကို ကျူးကျော်မူများ ခံနေရသည်ဟု ဆိုကာ လက်ရှိ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ သူ့နိုင်ငံ၏ ရေတပ်နှင့် လေတပ်ကို လေပြင်နှင့် ရေပြင်ကို ကာကွယ်ရန် ခေတ်မှီအောင် တည်ဆောက်သွားမည် ဖြစ်ကြောင်း တရားဝင် လူသိရှင်ကြား ကျေညာထားသည်။

Most read this week