ထိုင်းရောက် တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့်ပြုပြီ

ထိုင်းရောက် တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့်ပြုပြီ
by -
အောင်မြတ်စိုး

ဘန်ကောက် (မဇ္စျိမ) ။      ။အကြောင်းအမျိုးမျိုး ကြောင့် မှတ်ပုံမတင်သေးသည့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများကို မှတ်ပုံတင်ခွင့် တရားဝင် ခွင့်ပြုပြီဟု ထိုင်းအစိုးရ ကြေညာချက်ကို ကိုးကား၍ နေးရှင်းသတင်းက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြလိုက်သည်။

 မှတ်ပုံတင်ခွင့်ပြုရေး ဆုံးဖြတ်ချက်ကို ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝေ့ချာချီဝက ဧပြီလ ၂၆ ရက်၊ အင်္ဂါနေ့တွင် ပြုလုပ်သော ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး၌ သဘောတူကြောင်း လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။
 
ဝန်ကြီးချုပ်ရုံး အမြဲတမ်း လက်ထောက်ပြန်ကြားရေးမှူးများ ဖြစ်သော နာယ်စုဖချား ကြိုင်စမု နာယ်ဝိချရ ကာနိကောန် နှင့် နာယ်မာရု မာ့စ်ယဝါနိက “တရားမဝင် နေထိုင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများ ကို မှတ်ပုံတင်ရေး စီမံချက်မှ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၁၇ ကို အသုံးပြုပြီးအလုပ်လုပ်ကိုင် ရန် ရည်ရွယ်သူများနှင့် ၎င်းတို့၏ ၁၅ နှစ်အောက် ကလေးများကို တနှစ်ထက်မကြာသော ယာယီနေထိုင်ခွင့် ပေးရန်” ဟု အစည်းအဝေးအပြီး သတင်းထုတ်ပြန်ရာတွင် ပြောဆိုခဲ့ကြသည်။

healthcheckအဆိုပါ လဝက ဥပဒေပုဒ်မ ၁၇ သည် “သဘောတူညီချက်ဖြင့် နိုင်ငံခြားသားတဦးဦးကို နေရပ်ရင်းသို့ ပြန်လည်ပို့ဆောင်ခြင်း မပြုဘဲ ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်ခွင့်ပြုသည်” ဟု အဓိပ္ပာယ်သက်ရောက်သည်။
 
အစီအစဉ်အရ ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့ရင်သွေးငယ်များကို နိုင်ငံအတွင်း ယာယီနေထိုင်ခွင့် ထော်ရော် (၃၈/၁) ထုတ်ပေးမည်ဖြစ်ကာ ၎င်းနောက်ပိုင်း မိဘများကို ကျန်းမာရေး ဆေးစစ်မှုခံယူပြီးအလုပ်လုပ်ခွင့် လက်မှတ် လျှောက်ထားခွင့်ပြုမည်။
 
အလုပ်လုပ်ခွင့်သက်တမ်း တနှစ်ရှိမည်ဖြစ်ပြီး ယခင်ကဲ့သို့ အလုပ်သမားများသည် ကျန်းမာရေး ဆေးစစ်ခ၊ အာမခံနှင့် အလုပ်လုပ်ခွင့်ပါမစ်အတွက် ငွေပေးသွင်းပြီးနောက် အလုပ်လုပ်နိုင်မည်။ စနစ်တခုလုံး ပိုမို ကောင်းမွန်ရန် ရည်ရွယ်၍ လိုအပ်သော အသေးစိတ် ပြင်ဆင်စရာများ ရှိသဖြင့်စတင်မှတ်ပုံတင်ရ မည့်ရက်ကို အတိအကျ မသတ်မှတ်သေးပေ။ သို့သော် မကြာခင် ရက်ပိုင်းအတွင်း စတင်မည်ဟု အလုပ်သမားရေး အဖွဲ့များက ဆိုသည်။
 
“ကျန်းမာရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေက အသေးစိတ် ပြင်ဆင်စရာလေးတွေ ရှိနေလို့၊တပတ်နှစ်ပတ် တော့ ကြာနိုင်တယ်။ ဆိုတော့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်စေချင်ပါတယ်။ အလုပ်ရှင်ကို မှတ်ပုံတင်ပေးဖို့ တိုက်တွန်းတာ၊ ကလေးတွေအတွက် အထောက်အထား စာရွက်စာတမ်း ပြင်ဆင်တာတွေကိုပေါ့” ဟု ရွှေ့ပြောင်းအလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ Migrant Working Group (MWG) မှ တာဝန်ခံတဦးက မဇ္စျိမကို ပြောသည်။ ပေးသွင်းငွေပမာဏသည် ယခင်ကဲ့သို့ရှိနိုင်မည် ဖြစ်ကာ ကလေးများအတွက် ငွေပေးသွင်းရမည် မဟုတ်ဟု ဆိုသည်။
 
ကျန်းမာရေး ဆေးစစ်ခ၊ အာမခံနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင် ကုန်ကျငွေ အားလုံးသည် ဘတ်ငွေ ၃၈ဝဝ ဖြစ်သည်။ မှတ်ပုံတင်မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် ထပ်မံဝင်ရောက်လာသူများကိုမူတားဆီးသွားမည်ဖြစ် သည်။ ထို့နောက် မှတ်ပုံတင်ပြီးနောက် မှတ်ပုံမတင်ခဲ့သည့် အလုပ်သမားများ၊ ၎င်းတို့၏ အလုပ်ရှင်များ၊ နေထိုင်ခွင့် ပေးသူများနှင့် သက်ဆိုင်သူများကို ဖမ်းဆီးခြင်းနှင့် ဥပဒေအရ အရေးယူခြင်းများဆောင်ရွက်သွား မည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
 
“အလုပ်သမား တော်တော်များများ လာရောက်မှတ်ပုံတင်ကြမယ်လို့ ကျနော်တို့ မျှော်လင့်တာပါပဲ။ရွှေ့ပြောင်း တွေ မှတ်ပုံတင်ရင် ကလေးတွေလည်း ပါလာမှာပါ။ ဒါပေမဲ့ ကလေးတွေအတွက် ကျန်းမာရေး စောင့်ရှောက်ခွင့် ပေးမပေးကတော့ ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ” ဟု MWG တာဝန်ခံက ပြောဆိုသည်။
 
ယခင်က ဒုဝန်ကြီးချုပ် အမှူးပြုသော နိုင်ငံခြားသား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီကိုပါ လုပ်ငန်းများ ပိုမိုအဆင်ပြေစေရန် အလုပ်သမားဝန်ကြီးဌာန လက်အောက်၌ ဗဟိုနှင့် ခရိုင်အဆင့် ဌာနများ တိုးချဲ့ဖွင့်လှစ်မည် ဖြစ်သဖြင့် ပိုမိုမြန်ဆန်ကာ လွယ်ကူမှုရှိမည်ဖြစ်သည်။
 
“ထိုင်းတော်ဝင်အစိုးရကို တိုက်တွန်းလိုတာက မှတ်ပုံတင်စနစ်ကို လွယ်ကူချောမွေ့စေဖို့နဲ့ လုပ်ငန်းရှင်တွေကို ရွှေ့ပြောင်းတွေ မှတ်ပုံတင်စေဖို့ ဖိအားပေးစေလိုတာပါပဲ။ ပြီးတော့ မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ အကာအကွယ်ပေးရေးတွေ၊ နိုင်ငံသား စိစစ်မှုပြုရေး လုပ်ငန်းကိစ္စမှာလည်းသူတို့တတ်နိုင် လောက်တဲ့ အခြေအနေဖြစ်အောင်၊ ၁၅ နှစ်အထက်နဲ့ ၁၈ နှစ်အောက် ကလေးတွေကိုလည်း တရားဝင် မှတ်ပုံတင်ခွင့်ပြုတာ စတာတွေပါ” ဟု MWG တာဝန်ခံက ပြောဆိုလိုက်သည်။
 
၂ဝဝ၉ ခုနှစ် သြဂုတ်လထဲတွင် မှတ်ပုံတင်ခွင့် ပြုသောအခါ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား ရွှေ့ပြောင်း အလုပ်သမား ၁.၃ သန်း မှတ်ပုံတင်ခဲ့ကာ၊ ယခုနှစ် ဖေဖော်ဝါရီလကုန် သက်တမ်းဆက်ခွင့် ကုန်ဆုံးသောအခါ အလုပ်သမားဦးရေ ၈၄၅,၁၃၉ ဦးသာ တရားဝင် တည်ရှိတော့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ IOM အဖွဲ့က ဧပြီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ခဲ့သည်။
 
မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ်လုပ်နေသူ ၅၅ဝ,ဝဝ၃ ဦး ဖြစ်ပြီး၊ ထိုအထဲတွင် မြန်မာက ၃၅၂,၇၄၈ ဦး ပါဝင်သည်ဟု ဆိုသည်။
 
အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့များက တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည်ဟု ခန့်မှန်းထားသည်။

Most read this week