ငြိမ်းချမ်းမှုပေါ်ပေါက်ဖို့ တရားမျှတသည့် ဥပဒေစိုးမိုးမှုလိုအပ်ဟု SNLD ထောက်ပြ

ငြိမ်းချမ်းမှုပေါ်ပေါက်ဖို့ တရားမျှတသည့် ဥပဒေစိုးမိုးမှုလိုအပ်ဟု SNLD ထောက်ပြ
by -
သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံ၌တရားဥပဒေစိုးမိုးမှု မရှိပါက ငြိမ်းချမ်းမှု ပေါ်ပေါက်နိုင်မည်မဟုတ်ကြောင်း သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ်က ပြောကြားသည်။

mm-new-gov
မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးပေါင်း ၁၀၀ နီးပါးရှိသဖြင့် လူမျိုးရေးစိတ်ဓါတ် ကြီးမားနေသရွေ့ စည်း လုံးညီညွတ်မှုမရှိနိုင်သေးကြောင်း သမ္မတသစ် ဦးသိန်းစိန်၏ ပြောကြားချက်အပေါ်  SNLD က ထိုသို့တုန့်ပြန် ပြော ကြားလိုက်သည်။

“ လူမျိုးရေးစိတ်ဓါတ် ကြီးမားနေလို့ ငြိမ်းချမ်းမှုမရနိုင်ဘူးဆိုတာက  တရားဥပဒေ စိုးမိုးမှု ရှိခြင်းမရှိခြင်းနဲ့ တိုက် ရိုက်ပါတ်သက်နေတယ်။   စစ်တပ်ကသော်လည်းကောင်း ၊ ရဲ ကသော်လည်းကောင်း၊  တရားရေးက သော် လည်း ကောင်း၊ အုပ်ချုပ်ရေးဌာနကသော်လည်းကောင်း မတရားသဖြင့်မလုပ်တော့ဘူးဆိုရင် ပြည်သူ လူထု တရပ်လုံး လည်း ငြိမ်ဝပ်ပိပြားမှာဘဲ။ တရားဥပဒေကိုလိုက်နာရင် ငြိမ်းချမ်းရေးအလိုလိုပေါ်ပေါက်လာ မှာဘဲ။ ဆိုတော့  မျှတတဲ့ တရားဥပဒေ ပေါ်ပေါက်ဖို့အဓိက  လိုအပ်တယ်” ဟု  ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်ကဖြေကြားသည်။  

မျှတသည့်တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဗမာအမှူးပြုသည့် တိုင်းရင်း သားအားလုံး စုစုစည်းစည်းလက်တွဲဖြေရှင်းမှရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

“ တစားပွဲတည်း တန်းတူထိုင်ပြီး ဝိုင်းဝန်းအဖြေရှာမှ ရမယ့်ကိစ္စမျိုးဘဲ။ အခုတိုင်းရင်းသားတော်တော်များများ က သူတို့ရဲ့ ရပိုင်ခွင့်နဲ့ဆန္ဒကို လွတ်လွတ်လပ်လပ်ဖော်ထုတ်ခွင့်မရဘူး။ ဒါကြောင့်မို့လို့ ဒီနေ့ ဒီအချိန်အထိ တိုင်းရင်း သားတွေရဲ့ တကယ့်ဖြစ်ရပ်မှန် ဆန္ဒတွေကို အစိုးရဘဲဖြစ်ဖြစ် အာဏာပိုင်တွေဘဲဖြစ်ဖြစ်အာဏာရ ထားတဲ့ပုဂ္ဂိုလ်တွေ ဘဲဖြစ်ဖြစ်  ထွက်ပေါက်မပေးတဲ့အတွက်ကြောင့်  အားလုံးလက်ခံနိုင်တဲ့ ဥပဒေတခု ထွက်မလာ နိုင်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ လူမျိုးရေးအစွဲကြီးတဲ့ ပြသနာကပေါ်လာတာဖြစ်တယ်”ဟုဆို သည်။

ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားအရေးသည် ထပ်တူထပ်မျှအရေးကြီးသောကြောင့် ငြိမ်းချမ်းရေးအစစ်အမှန် ပေါ်ပေါက်စေရန်   ဒီမိုကရေစီလမ်းကြောင်းအတိုင်းသွားရမည်ဖြစ်သကဲ့သို့ တိုင်းရင်းသားအခွင့်အရေးလည်း အာမခ့ရှိရမည်ဖြစ်ကြောင်း၊ ထိုအဆင့်သို့ သွားရန် တိုင်းရင်းသားတခုတည်းတွင်သာတာဝန်ရှိသည်မဟုတ် ကြောင်း ပြောဆို ၏။

“ တိုင်းရင်းသားအုပ်စုမှာတင်မဟုတ်၊ ဒေါ်စုတယောက်တည်းတင်မဟုတ်ဘူး။ အာဏာရယူတဲ့အစိုးရကိုယ်၌က လည်း တာ ဝန်ရယူမှရမှာဖြစ်တယ်။ နိုင်ငံ့အကျိုးနဲ့ နိုင်ငံ့အနာဂတ် လှပစေချင်တယ်၊ အေးချမ်းစေချင်တဲ့ စေတနာရှိရင် အားလုံး မဖြစ်မနေ လက်တွဲပါဝင်ဖို့လိုမယ်။ ဒါကြောင့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ မဖြစ်မနေ လုပ် ကိုလုပ်ရမယ်။ ဒီဟာ မလုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီမရနိုင် ဘူး။ မျှော်မှန်းတဲ့ပန်းတိုင်မရောက် နိုင် ဘူးလို့ ကျနော်မြင်ပါ တယ်။”

တိုင်းရင်းသားများတောင့်တနေသော သုံးပွင့်ဆိုင်ဆွေးနွေးရေး ကို အစိုးရသစ်အနေဖြင့်လုပ်ပေးနိုင်စွမ်း ရှိသည့် လမ်း စ မြင်တွေ့ရသလားဟု သျှမ်းသံတော်ဆင့်က မေးမြန်းရာ SNLDပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က-“ အစိုးရ ဆိုတာ ပြည်သူ့ ဆန္ဒကို လိုက်ပြီး အကောင်အထည်ဖော်ရတဲ့  အဖွဲ့အစည်းဖြစ်တယ်။ အခု ပြည်သူလူထု လို လား နေတာကို သူတို့ လိုက်မလုပ်ပေးဘူးဆိုရင်တနေ့နေ့ကျရင်ပြည်သူလူထု တောင်းဆို တဲ့အတိုင်း မလုပ်ပေး လို့မရတဲ့အဆင့် ရောက်လာနိုင်တယ်။  ပြည်သူလူ ထုရဲ့ စုစည်းမှု အင်အားကြီးကြီးနဲ့တောင်းဆိုလာရင် ဘယ် အစိုး ရမဆို မလွဲမသွေ လိုက်လုပ်ပေးရမှာဘဲ။ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရလဲ ပြည်သူလူထုကို လေးစားရင် ပြည်သူ့ဆန္ဒအတိုင်း လုပ်ပေး ရမှာဖြစ်တယ်” ဟု ဆိုပါသည်။

ယခုလ ၂၄ ရက် လွှတ်တော်အစည်းအဝေး၌ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်စည်းလုံး ညီညွတ်  ကြ ရမည်ဖြစ်ကြောင်း၊ ထိုသို့ စည်းလုံးညီညွတ်ရေးမရနိုင်သည်မှာတိုင်းရင်းသားလူမျိုးအသီးသီး တွင် လူမျိုးရေး စိတ် ဓါတ်ကြီးစိုးနေသောကြောင့်ဖြစ်ကြောင်း သမ္မသစ် ဦးသိန်းစိန်ကပြောကြားခဲ့ခြင်းဖြစ် သည်။