ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကချင်လူငယ်တွေကြား မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမိုများပြားနေပုံများ မြို့ရဲ့ မနောကွင်းမှာတောင် ဆေးသုံးစွဲထားတဲ့ဆေးထိုး အပ်တွေ ပျံ့နှ့ံနေတာကသက်သေပါ ဆိုရင်မမှား ပါဘူး။
မနောကွင်း အနောက်ဘက်ကပ်လျက် ဧရာဝတီမြစ်ကမ်းဘေးမှာ ဆေးထိုးအပ်တွေ ခြေချစရာ နေရာမရှိလောက်အောင် ပြန့်ကျဲနေတာဖြင့် မြင်မကောင်း ရှုမကောင်းပါဘဲလို့ ဒေသခံ တယောက်က ပြောပြပါတယ်။
မြို့တော်မြစ်ကြီးနား စီတာပူရပ်ကွက်ရှိ မနောကွင်းမှာ လူအဝင်အထွက် မရှိတာကြောင့် မူးယစ်ဆေး သုံးစွဲသူတွေက အခွင့်ကောင်းယူပြီး၊ ဘိန်းဖြူလာထိုးလို့ ဆေးစွဲသူတွေအတွက်တော့ နိဗာန်ဘုံအလားပါပဲ။
“မနောကွင်းထဲမှာဆို ဘယ်သူမှ မရှိဘူးလေ။ သွားရလာရလည်း အဆင်ပြေတယ်။ ဆေးထိုးအပ်လည်း မနောကွင်းအနီးမှာ ထုတ်ပေးတဲ့ နေရာရှိတော့ အရမ်းအဆင်ပြေတယ်” လို့ ဆေးစွဲသူ ၂၁ နှစ်အရွယ် ကချင်လူငယ် တယောက်က ပြောလာပါတယ်။
မြစ်ကြီးနားမှာ ဆေးထိုးအပ်တွေကို NGO အဖွဲ့အစည်းတချို့က အခမဲ့ ဝေပေးပါတယ်။ ဒါကလည်း အပ်ကို တယောက်တလှည့် တွဲသုံးရင် ဖြစ်လာမယ့် ကူးစက်ရောဂါ ကာကွယ်ရာ ကာကွယ်ကြောင်းအတွက်ပါ။ ဒါပေမဲ့လည်း အဆင်ခြင်မဲ့ သုံးစွဲလွှင့်ပစ်လို့ ပြန်ကောက်သိမ်းရတာကလည်း အလုပ်တလုပ်။
“ကျနော်တို့က ဆေးထိုးအပ်ကို ဝေပြီးရင် လူငှားပြီးတော့၊ တယောက်ကို နှစ်ထောင်ကျပ်ပေးပြီးပြန်လိုက် သိမ်းခိုင်းပါတယ်’’ လို့ NGO တခုမှာ လုပ်ကိုင်နေတဲ့ အမည်မဖော်လိုသူ ဝန်ထမ်းက ပြောပြပါသေးတယ်။
HIV/AIDS ပပျောက်ရေးဆိုပြီး အဲလို အပ်ဝေရတဲ့ ရည်ရွယ်ချက်ဟာ ဘယ်အထိ ပြီးမြောက်တယ်တော့ မသိပါဘူး။ ဒါပေမဲ့ မူးယစ်ဆေးသုံးသူတွေ ပိုများလာတာတော့ အမှန်ပဲလို့ မျက်ဝါးထင်ထင် မြင်တွေ့သူ မြို့ခံတချို့က ဆိုပါတယ်။ အပ်တွေက လမ်းဘေးတွေမှာလည်း အဖွေးသား။
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကစပြီး Sara နဲ့ Harm အဖွဲ့တွေက တရက်ကို အနည်းဆုံး တချောင်းနှုန်း၊ လိုသလောက် လာထုတ်ခိုင်းတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်မှာ AZG ၊ World Concern ၊ WHO စတဲ့ကျန်းမာရေးဆိုင် ရာ အဖွဲ့အစည်းတွေ ရှိပေမယ့် ဆေးထိုးအပ်တွေကို ဒီနှစ်ဖွဲ့ကနေ HIV တိုက်ဖျက်ရေးအတွက် စေတနာနဲ့ ဝေနေတာပါ။
မနောကွင်းမှာ နှစ်စဉ် ဇန်နဝါရီလ ၁ဝ ရက်၊ ကချင်ပြည်နယ်နေ့ရောက်တိုင်း ရိုးရာအကတွေနဲ့ စည်စည်ကားကား မနောပွဲ ကျင်းပနေတာပါ။ ဒီကွင်းထဲမှာမှ ဆေးထိုးအပ်တွေ မြင်မကောင်းလောက်အောင် ဖြစ်နေတာကိုတော့ ရင်နာစရာအဖြစ် ဒေသခံတွေ ခံစားကြပါတယ်။
မနောကွင်းအနီးနေ အသက် ၅ဝ ကျော် အမျိုးသမီးကြီးက မြစ်ကြီးနားမှာ ဘိန်းဖြူ၊ ဘိန်းမည်း အလွယ်ရနိုင်လို့ လူငယ်တွေကြား သုံးစွဲသူ တိုးလာတာ ကြောက်ခမန်းလိလိ ဖြစ်ရပုံကိုတော့ “ကျမတသက်မှာဘိန်းထိုးတယ်ဆို တာပဲ ကြားဖူးတာ။ အခုတော့ ကျမအိမ်ဘေးမှာကို ထိုးနေကြတာတွေ အများကြီးတွေ့ရတော့ လန့်စရာကြီးပါပဲ” လို့ တုန်ရင်လှိုက်မောစွာ ပြောပါတယ်။
“အိမ်က ကလေးတယောက် မနောကွင်းမှာ ဘောလုံးသွားကန်မယ်ဆိုပြီး သွားတာ၊ ဆေးထိုးအပ် ခြေထောက်မှာ စိုက်မိလို့ ချက်ချင်း ဆေးခန်းသွားပြလိုက်ရတယ်”
အဲဒီဆေးထိုးအပ်နဲ့ ထိခိုက်စူးရှမိပြန်ရင် HIV ပိုး ကူးစက်မှု နည်းပါးပေမယ့် ဘီပိုး၊ စီပိုးနဲ့ မေးခိုင်ပိုး အလွယ်တကူ ကူးစက်ခံရနိုင်တယ်လို့ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့) မှ ဒေါက်တာ တဦးက ပြောပါတယ်။ မြန်မာနိုင်ငံမှာ HIV/AIDS ကူးစက်ခံရသူ ရ သောင်းကျော်တယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ AZG အရာရှိ တဦးကတော့ ဆိုခဲ့ပါတယ်။
ဆေးထိုးသူတွေထဲမှာ အညွန့်တလူလူ တက်နေရမယ့် ဆယ်ကျော်သက် အရွယ်တွေက အများစုပါ။
ဒေသအာဏာပိုင်တွေက ဘိန်းသုံးစွဲသူ မဖြစ်စလောက်ကိုပဲ ဖမ်းဆီးပြပေမယ့် ရောင်းဝယ်သူတွေကိုတော့ လက်ဖျားနဲ့တောင် မထိပါဘူး။ ဒါတွေကြောင့်လည်း မူးယစ်ဆေးတွေ အလွယ်အကူ ရနေတာလို့ ၁၉ နှစ်အရွယ် ဆေးစွဲလူငယ် တယောက်က ဆိုပါတယ်။
“မူးယစ်ဆေးဝါးကို ဝယ်ရတာတော့ လွယ်ပါတယ်။ ဒါပေမဲ့ နည်းနည်းပါးပါး သုံးစွဲသူတွေကိုပဲ ရဲတွေက ဖမ်းတာ။ ရောင်းတဲ့သူတွေကို မဖမ်းဘူး”
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် - မပခ တိုင်းမှူး ဗိုလ်ချုပ်ဇေယျအောင်က ဆေးထိုးအပ်တွေ အတားအဆီးမဲ့ ပျံ့နှ့ံနေတာကို နယ်မြေတခွင် လိုက်ကြည့်ခဲ့ပါသေးတယ်။ ဒီ့နောက်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက ဒေသတွင်းရှိ NGO တွေကို ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ခေါ်ဆွေးနွေးခဲ့ပါတယ်။ နောက်ဆက်တွဲဘာတွေဖြစ်လာ လဲတော့ မသိပါဘူး။
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးမှာ ငြင်းဆန်ဆဲ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီက မနှစ် အောက်တိုဘာမှာစပြီး လှုပ်ရှားခဲ့ပေမယ့် သူတို့ရဲ့ ဌာနချုပ် လိုင်ဇာမြို့နားမှာပဲ အောင်မြင်တယ်လို့ ကော်မတီ တာဝန်ရှိသူက မဇ္စျိမကိုပြောပြပါတယ်။ အစိုးရထိန်းချုပ်ရာ မြစ်ကြီးနား၊ ဗန်းမော် စတဲ့ မြို့ကြီးတွေမှာတော့ မတိုက်ဖျက်နိုင်တဲ့အတွက် ဒီဒေသတွေမှာ မူးယစ်ဆေးသုံးစွဲမှုက ပိုရှိနေမယ်လို့ ကော်မတီပြောခွင့်ရ ဗိုလ်ကြီး နော်ဘူက ပြောခဲ့ပါသေးတယ်။
မနှစ် စက်တင်ဘာ ၁ ရက်နေ့ကနေ ဒီနှစ် ဖေဖော်ဝါရီအထိ ဘိန်းခင်းဧက တသောင်းခွဲကျော် ဖျက်ဆီးနိုင်ခဲ့ရာ ကချင်ပြည်နယ် ဝိုင်းမော်၊ ဖားကန့်နဲ့ တနိုင်းမြို့နယ်တွေက ဧက ၄ဝဝ ကျော်နဲ့ ရှမ်းပြည်နယ် မိုင်းတုံ၊ မိုင်းဆတ်၊ ကွတ်ခိုင်၊ မိုးမိတ် စတဲ့ မြို့နယ်တွေမှာ ဧက ၃ဝဝ ကျော် ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ မတ်လ ရ ရက်နေ့ထုတ် မြန်မာအလင်း သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ တနှစ်အတွင်း ဘိန်းစိုက်ဧက ၂ဝ ရာခိုင်နှုန်း တိုးလာကာ ဘိန်းတန်ချိန် ၅၈ဝ ကျော် ထွက်ရှိခဲ့ပြီး မနှစ်ကထက် တန်ချိန် ၂၅ဝ ကျော် ပိုထွက်ခဲ့တယ်လို့ ၂ဝ၁ဝ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC ရဲ့ ကမ္ဘာ့မူးယစ်ဆေးဝါး အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒီလောက်တောင် ဘိန်းထုတ်လုပ်မှုနဲ့ မူးယစ်ဆေး သုံးစွဲမှု မြင့်တက်နေချိန်မှာ KIO အနေနဲ့ကလည်းတပိုင် တနိုင်ပဲ တိုက်ဖျက်နိုင်တာပါ။
သုံးစွဲသူတွေကြားမှာ ဘိန်းဖြူစျေးက တိုက် ၅ တိုက်ဆန့် ဗူးတလုံးမှာ ကျပ်တသောင်း ပေါက်ပါတယ်။ တိုက် ၅ တိုက် တဗူးမှာ ထွန်းရွှေဝါ လိမ်းစျေးပုလင်း တဗူးစာ ရှိပါတယ်။ တတိုက်ဆိုတာက ဘိန်းဖြူတခါထိုးစာကို ဆိုလိုတာပါ။ တခါထိုးစျေးကတော့ ကျပ် ၅ဝဝ ပါ။
လက်ရှိ ကချင်ပြည်နယ်အနောက်ဘက် တနိုင်းမြို့နယ်နဲ့ အရှေ့ဘက် ဝိုင်းမော်မြို့နယ် ဆံဒုန်းဒေသဘက်မှာ ဘိန်းမည်းတွေ ဝင်လာပြီး၊ ဘိန်းဖြူက တရုတ်ဘက်ကနေ ဝင်တာပါလို့ မြစ်ကြီးနား ဒေသခံတွေက ဆိုပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း မုန်ခေါမ်း၊ ဘန်ဖစ်၊ မုန်းရာ၊ မန်ဖ၊ မန်ကျောက်၊ မန်အော် စတဲ့ ရွာငယ်တွေမှာလည်း ကချင်လူငယ် ၁ဝဝ ကျော် မူးယစ်ဆေးသုံးတယ်လို့ အဲဒီဒေသနေ ကချင်လူငယ်တဦးက စာနဲ့ ရေးပြောပါတယ်။
အဲဒီဒေသဘက်မှာ ဆိုင်ရာ အာဏာပိုင်တွေရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးဟာ မထိရောက်တာကြောင့် စိုးရိမ်စရာပါလို့ သူ့စာမှာ ဆိုထားပါတယ်။
ဒီဒေသတွေဟာ KIO ကနေ ခွဲထွက်ခဲ့တဲ့ ဦးမထုနော်ရဲ့ ကချင်အမျိုးသား ကာကွယ်ရေးတပ်မတော် KDA ထိန်းချုပ်တဲ့ နေရာပါ။ ဒီအဖွဲ့ဟာ မနှစ်တုန်းက စစ်အစိုးရရဲ့ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ပါတယ်။
“ပြည်သူ့စစ် ပြောင်းလဲလိုက်တဲ့နောက် ကချင်လူငယ်တွေ ပိုပြီးတော့ မူးယစ်ဆေးနဲ့ ပျက်စီးတာတွေ ရှိလာတယ်။ ကလေးတွေကို အသိပညာပေးဖို့လည်း ဘယ်သူမှ မရှိတော့ဘူး။ အခုဖြစ်နေတာ လူငယ် ၁ဝဝ ကျော်သွားပြီ။ ဒါကြောင့် ဒီနေရာကို မူးယစ်ဆေးဝါး အမြန်ဆုံုး တိုက်ဖျက်ပေးဖို့ အကူအညီတောင်းချင်ပါတယ်” လို့ ကချင်လူငယ့် စာထဲမှာတော့ ပါရှိပါတယ်။
ကချင်ဘာသာနဲ့ ရေးထားတဲ့ သူ့စာထဲမှာ ’’ဒီမှာက လိုင်ဇာဘက်က မူးယစ်ဆေးတိုက်ဖျက်တဲ့ အဖွဲ့မရှိဘူး။ အစိုးရကို ပြောရင်လည်း အရေးမယူပေးဘူး။ အရမ်းကို ဆိုးဝါးနေတယ်။ အများအားဖြင့် ကချင်တွေ ဆုံးရှုံးနေရပါတယ်။ ရင်ထဲမှာ မခံစားနိုင်တော့ဘူး’’ လို့ ဆိုထားပြန်ပါတယ်။
ဒါကတော့ ကချင်ပြည်နယ်နဲ့ နယ်ချင်းကပ် ရှမ်းမြောက်ပိုင်းထဲက ကချင်လူငယ်တချို့ရဲ့ မူးယစ်ဆေးနဲ့ လုံးထွေးရစ်ပတ်နေတဲ့ အခြေအနေ တစိတ်တဒေသပါ။