သျှမ်းပြည် အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးလုံ ကျေးရွာအုပ်စုမှ ဒေသခံများ မြန်မာစစ်တပ်၏ ဆင့်ဆိုမှုအတိုင်း ပြည်သူ့စစ် မလုပ်လိုသည့် အတွက် ထိုင်းနယ်စပ်သို့ ထွက်ပြေး လာကြ ကြောင်း နယ်စပ်သတင်းများ အရသိရှိရ ပါသည်။
ထွက်ပြေးလာကြသော ဒေသခံ ၁၀ ဦးသည် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် မိုင်းဖှန်မြို့သို့ ဧပြီ ၂၄ ရက် က ရောက်ရှိလာပြီး ဆွေမျိုးနှင့် နီးစပ် သူများထံ ခိုလှုံနေကြကြောင်း၊ ပြည်သူ့စစ်လုပ်ပါက ဝမ်းစာအတွက် ပို၍ အခက်ကြုံ ရဖွယ်ဖြစ်သဖြင့်ထွက်ပြေးလာခြင်း ဖြစ်ကြောင်း အဆိုပါ ဒုက္ခသည်များအား ကူညီနေသည့် မိုင်းဖှန် ဒေသခံတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောပါသည်။
“ပြည်သူ့စစ် မလုပ်ချင်ဘူး။ ဗမာစစ်ကြောင်းနဲ့လိုက်သွားရမယ်။ အသေခံရမယ်။ ကင်းစောင့်ရမယ်။ မိသားစု လုပ်ကျွေးချိန် မရှိတော့ဘူး။ အဓိက ဝမ်းစာအတွက် အခက်အခဲ ဖြစ်လာမယ်။ ဒီဒုက္ခတွေကို မခံနိုင့်လို့ နယ်စပ်ကို ထွက်ပြေး လာတယ်လို့ ပြောကြတယ်။ နောက်ထပ် ထွက်ပြေးလာမဲ့ သူတွေလဲ ရှိသေးတယ် လို့ သိရတယ်”
မိုင်းဖှန်သို့ ရောက်ရှိနေသူ များအပြင် ထိုင်းနယ်စပ်ဖြတ်ကျော်ရန်စောင့်ဆိုင်းနေသူ ၆ ယောက်ရှိသေးကြောင်း ဒုက္ခသည်များ ပြောသည် ဟု အဆိုပါ ဒေသခံက ပြောပါသည်။
မိုင်းပြင်း အခြေစိုက် ခလရ ၄၃ မှ ရှေ့တန်းမှူး ဒုတပ်ရင်းမှူးက အင်အား ရ၀-၈၀ ကို ဦးဆောင်၍ မိုင်းပူးလုံ ကျေးရွာအုပ်စု ဝမ့် တုန့်ရွာ၌ မတ်လဆန်းပိုင်းက အခြေစိုက်လာပြီးနောက် မတ် ၂၇ ရက် တွင် ဒေသခံရွာ လူကြီးများအား အစည်းအဝေး ခေါ်ယူ ကာ ပြည်သူ့စစ် လုပ်ခိုင်းခဲ့သည်ဟု မိုင်းပူးလုံ ကျေးရွာနေ လူငယ် တစ်ဦးက ပြောပါသည်။
“သျှမ်းသူပုန် ၂ ဖွဲ့ ဒီဒေသမှာ လှုပ်ရှားနေတယ် ဆိုပြီး ဒေသခံတွေကို ပြည်သူ့စစ် လုပ်ခိုင်းတယ်။ ပြည်သူ့စစ် မလုပ်တဲ့ သူတွေကို တစ်ရွာ ၁၀ ယောက်စီ အလှည့်ကျ ဓား၊ တူမီးသေနတ် ကိုယ်စီနဲ့ နေ့ရောညပါကင်းစောင့် ခိုင်း တယ်။ ပြီးရင်သတင်း ပို့ခိုင်းတယ်။”
မိုင်းပူးလုံ ကျေးရွာအုပ်စုမှ ဝမ့်လုံ၊ ဝိန်းဟောင်၊ ကွန်ကောက်နှင့် ပိန်းဟင် ကျေးရွာတို့မှ တစ်ရွာလျှင် ၂၅ ဦးစီ ပြည်သူ့စစ် လုပ်ရန် ဆင့်ခေါ်ထားသည်။ ဝမ့်တုန်၊ ဝိန်းဆန်း၊ ဇွမ်တောင်း၊ ပိန်းဆန်းနှင့် ဝိန်းကောင်တို့မှ ရွာသားများအား ပေါ်တာဆွဲ သဖြင့် ရွာသားများ အခက်တွေ့နေကြသည်ဟု လည်း သိရသည်။
“ဗမာစစ်သားတွေ တောတောင်ထဲသွားရင် ပြည်သူ့စစ်ကို အမြဲတမ်း ခေါ်သွားတယ်။ အချိန်တန်လို့ ပြန်မလာ နိုင်တဲ့အခါ ရိက္ခာကုန်သွားတဲ့အခါကျရင် ရွာသားတွေဆီ တောင်းလာတယ်။ ရွာသားတွေလဲ ရိက္ခာတွေစုပြီး သွားပေးရတယ်။ စစ်တပ်က ဘာမှ မကျွေးဘူး” ဟု အဆိုပါ လူငယ်က ပြောပါသည်။
သျှမ်းတပ်ဖွဲ့များ မခိုလှုံနိုင်စေရန် မိုင်းပူးလုံ အနီးတဝိုက် တောင်ပေါ် ပလောင်ရွာငယ်များကိုလည်း ၎င်းတို့ တပ်စခန်း အနီး၊ ရွာအနီးသို့ ပြောင်းရွှေ့ နေထိုင်ရမည်ဟု မြန်မာစစ်တပ်က ညွှန်ကြားထားသည် ဟုလည်း သိရပါသည်။