ဘန်ကောက် (မဇ္စျိမ) ။ ။ နယ်ခြားစောင့်တပ် လက်မခံသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA နှင့်မြန်မာ စစ်တပ်အကြား ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီး မြို့နယ်ကျိုက်ဒုံမြို့နယ်ခွဲ အတွင်း ၂ရက်မြောက် အဖြစ် တနင်္ဂနွေနေ့တွင်လည်း တိုက်ပွဲဆက်ဖြစ် ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၅ လက်အောက်ခံ နည်းဗျူဟာ ၁ ၏ ခမရ ၅၄၃ မှ အင်အား ၆ဝ နီးပါးရှိ လှုပ်ရှားစစ်ကြောင်း ၂ နှင့် DKBA ကလိုထူးဘော ဗျူဟာမှ ဗိုလ်မှူးချုပ် စောလားဘွယ် (ဗိုလ်နှုတ်ခမ်းမွေး) ဦးဆောင်သော တပ်ရင်း ၉ဝ၈၊ ၉ဝ၂ နှင့် ၉ဝ၁ တို့ ကျိုက်ဒုံမြို့နယ်နှင့် မိနာအကျေးရွာအကြား မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“မနေ့ကလည်း ပွဲဖြစ်တယ်၊ တနေ့ကလည်း ပွဲဖြစ်တယ်။ အောက်မှာကတော့လေ မိနာအဘက်မှာ .. တပ်ကြပ်ကြီးတွေ ကျတယ်၊ ဆေးမှူးတွေ ကျတယ်၊ ရွာသားတယောက် သေတယ်” ဟု ရှေ့တန်းစစ်မြေပြင်မှ ပေးပို့သည့် သတင်းများကို ကိုးကား၍ DKBA အရာရှိတဦးက မဇ္စျိမကို ပြောသည်။ တိုက်ပွဲကြောင့် သေဆုံးသွားသူမှာ ကော့ကရိတ်မြို့နယ် လှဖန်းရွာသားဖြစ်ကာ၊ ၎င်း၏ ရွာမှ ထိုင်း-မြန်မာနယ်စပ်ရှိ နို့ဖိုးဒုက္ခသည်စခန်းသို့ ခရီးသွားနေစဉ် တိုက်ပွဲအတွင်း ပိတ်မိသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ မဇ္စျိမအနေဖြင့် အသေးစိပ် မရရှိသေးပါ။
သို့သော် DKBA နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်၍မူ ကရင်အမျိုးသားအစည်းအရုံး KNU အရာရှိတဦးက အတည်ပြုသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း “KNU တပ်ရင်း ၁၇ တပ်ခွဲ ၁ နှင့် တပ်ရင်း ၁၈ မှ တပ်ခွဲ ၁ တို့ကဖြတ်တောက် စစ်ကြောင်းအဖြစ် အနီးအနားတွင် ကာပေးထားကြောင်း” သူက ပြောဆိုသည်။ ထိုသို့ရှိနေသော်လည်း တိုက်ပွဲကြားတွင် မပါဘဲ၊ သေနတ်လည်း တချက်မှ မဖောက်ဟုလည်း ဆိုသည်။
ကျိုက်ဒုံမြို့နယ်ခွဲ ဟောင်သရောချောင်း အရှေ့ဘက်ခြမ်းမှာ KNU တပ်ရင်း ၁၈ တပ်ခွဲ ၁ ၏ လှုပ်ရှားနယ် မြေဖြစ်ပြီး အနောက်ဘက်ခြမ်းသည် တပ်ရင်း ၁၇ တပ်ခွဲ ၁ ၏ လှုပ်ရှားနယ်မြေ ဖြစ်သည်။ မြန်မာစစ်တပ်မှ ကျိုက်ဒုံမြို့နယ်ခွဲ၊ ဝင်းလုံအခြေစိုက် စစ်ကြောင်းကို စစ်ကူခေါ်ထားသော်လည်း ယနေ့ထိမရောက်သေးကြောင်း KNU သတင်းအရ သိရသည်။
ပြီးခဲ့သည့်အပတ်မှစ၍ ဝေါလေဒေသမှ ဗိုလ်မှူးချုပ်စောလားဘွယ်၏ စစ်ကြောင်း ထွက်ခွါပြီးနောက် တနင်္ဂနွေနေ့တွင် တိုက်ပွဲ စတင်ခဲ့ပြီး၊ နောက်ပိုင်းရက်များတွင်ပါ ဆက်လက်ဖြစ်ပွားနိုင်သည် KNU စစ်တပ် အသိုင်းအဝိုင်းက ဆိုသည်။
ဧပြီလ ၂၃ ရက်၊ စနေနေ့တွင်လည်း နယ်ခြားစောင့်တပ် လက်ခံသည့် DKBA ဌာနချုပ် မြိုင်ကြီးငူစခန်းကို နယ်ခြားစောင့်တပ်အဖြစ် လက်မခံသော DKBA တပ်ရင်း ၃၃၃ က စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ လိုင်စင်မဲ့ကားများနှင့် လက်နက်သိုလှောင်ရာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။