နယူးဒေလီ (မဇ္စျိမ) ။ ။ စာပေလူကြမ်းမင်းသား အဖြစ် လူသိများသည့် စာရေးဆရာ ဦးအောင်သင်းနှင့် စာရေးဆရာ ၃ ဦး၏ စာပေဟောပြောပွဲတရပ်ကို စင်္ကာပူရောက် မြန်မာနိုင်ငံသားများက တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ကြသည်။
အမျိုးသားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် နေ့လည် တနာရီခွဲမှ ည ၈ နာရီကျော်ထိ ကြာမြင့်ခဲ့ကာ၊ စာရေးဆရာ အောင်သင်း၊ ချစ်ဦးညို၊ ကျော်ဝင်းနှင့် ဦးဖုန်း(ဓာတု) တို့က ပရိသတ် ၁၇ဝဝ ကျော်ကို ဟောပြောခဲ့ခြင်း ဖြစ်သည်။
“၃ ထပ်ရှိပါတယ်။ အရင်က သမ္မတ ရုပ်ရှင်ရုံလိုပါပဲ။ စင်္ကာပူ စာပေဟောပြောပွဲ အကုန်ပြည့်သွားပါတယ်။ ဆရာဦးအောင်သင်းက နာရီဝက် ကျော်ကျော်လေးပဲ ပြောပါတယ်။ ကျန်တဲ့ဆရာတွေကတော့ ပျမ်းမျှ မိနစ် ၉ဝ စီလောက် ပြောတာပါ။ ရေးသူဖတ်သူဆွေးနွေးပွဲ အစီအစဉ်ကို အချိန်အကန့်အသတ်ကြောင့် မလုပ်နိုင်ခဲ့ပါဘူး။ ဆရာတွေကို မေးချင်တဲ့မေးခွန်းတွေကို စာရွက်နဲ့ ရေးမေးခိုင်းထားပါတယ်။ ဆရာတွေ ပြန်လည်ဖြေကြားမှာတွေကိုတော့ ကျနော်တို့ သဇင်မဂ္ဂဇင်းမှာ ဖော်ပြပေးဖို့ ကြေညာထားပါတယ်” ဟု ပွဲစီစဉ်သူ တဦးဖြစ်သူ စင်္ကာပူထုတ် သဇင်မဂ္ဂဇင်းမှ ဦးကောင်းမြတ်နွယ်ကပြော သည်။
ဟောပြောပွဲတွင် ဆရာအောင်သင်းက ‘ကိုယ့်မြေ ကိုယ့်ရေ’ ၊ ဆရာချစ်ဦးညိုက ‘ကျနော် ခံစားမိသလို ပြောဆိုပါမည်’၊ ဦးဖုန်း (ဓာတု)က ‘အိမ်’ ဟူသောခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကြသည်။
ပြည်ပရောက်လူငယ်များကို “လူကသာ ပြည်ပရောက်နေတာဗျ။ စိတ်က ပြင်တွင်းရောက်နေတာပဲ၊ သူသူကိုယ်ကိုယ်။ ကိုယ့်မြေ ကိုယ့်ရေ မလွမ်းတဲ့သူ ရှိမလား။ ငယ်ငယ်တုန်းက ကုက္ကိုပင်ကြီးကအစ ပြန်လွမ်းတာပေါ့ဗျာ။ ပြည်တွင်းက လူတွေကို ဗဟုသုတကြွယ်အောင် သတင်းကအစ ဖြန့်ပေးပါလို့ ပြောချင်တယ်။ ကိုယ့်မြေ ကိုယ့်ရေကို ချစ်ပါ။ အဲလိုပဲ ကိုယ်ရောက်နေတဲ့ နေရာမှာလည်း ဧည့်သည်လို သဘောမထားဘဲ ချစ်ပါလို့ ပြောချင်ပါတယ်” ဟု ၈၄ နှစ်အရွယ် ဆရာအောင်သင်းက မှာကြားသည်။ ပရိသတ် ၉ဝ ရာခိုင်နှုန်းခန့်မှာ လူငယ်များဖြစ်ပြီး စိတ်အားထက်သန်ကြသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
“ကျနော်မျှော်လင့်ထားတာထက် တု့ံပြန်မှု ပိုကောင်းပါတယ်။ လူငယ်ပရိသတ်ပေါ့။ သိပ်တက်ကြွတယ်။ ရန်ကုန်နဲ့ ဗမာပြည်တွင်းက ပရိသတ်ထက် တက်ကြွတယ်။ ဘာကြောင့်လဲဆိုတော့ ကြံုတောင့်ကြံုခဲ ဖြစ်နေတာကိုး။ ကျနော်ကလည်း အသက်ကြီးပြီဆိုတော့ ကန်တော့ခံရုံ အဓိက ဖိတ်တာပါ” ဟု သူက ပြောဆိုသည်။
ဟောပြောပွဲကို ၆ လခန့် ကြိုတင်စီစဉ်ခဲ့ပြီး စင်္ကာပူ ရွေးကောက်ပွဲ နီးနေသဖြင့် ကန့်သတ်တင်းကျပ်မှုများ ရှိနေကာ၊ စင်္ကာပူ သက်ဆိုင်ရာ ရဲဌာနသို့ ဟောပြောမည့် အကြောင်းအရာများ ကြိုတင်ပေးပို့ခဲ့ကြရသည်။
“ရဲခွင့်ပြုချက် တင်တဲ့အခါ ဟောပြောမယ့် စကားတွေကို စာကြမ်းမဟုတ်ဘဲနဲ့ အပြည့်ရေးတင်ခိုင်းတာ။ ၂ နာရီစာလောက် ဟောမယ့်ဟာကို အပြည့်ရေးမတင်နိုင်တော့ စာကြမ်းပဲ ရေးတင်လိုက်ပါတယ်။ တကယ်တော့ ကျနော်တို့ကလည်း ဆရာတွေ ဘာပြောမယ်ဆိုတာ မသိဘူးလေ။ ဖြစ်နိုင်တာကိုပဲ လျှောက်လွှာစာရွက် ၂ မျက်နှာစီလောက် ရေးတင်လိုက်ပါတယ်။ တလလောက်ကြာမှ ခွင့်ပြုမိန့် ကျလာတာပါ” ဟု ဦးကောင်းမြတ်နွယ်က ပြောသည်။
စာရေးဆရာကျော်ဝင်း ဟောပြောမည့် နိုင်ငံရေးခေါင်းစဉ်အစား အခြားခေါင်းစဉ်သို့ ပြောင်းလဲတင်ပြခဲ့ရသေးသည်။
“တကယ်တမ်း ကျနော်တို့တောင်းဆိုချင်တာကတော့ Myanmar’s Political History and Outlook လား မသိဘူး။ အဲဒီအကြောင်းကို ကျနော်တို့က ကြိုက်တာ။ ရဲအရာရှိကိုယ်တိုင်က ခေါ်တွေ့ပြီးတော့ နိုင်ငံရေး၊ ဘာသာရေးနဲ့ လူမျိုးရေးတွေကို လုံးဝမဟောဖို့ ကျနော့်ကို လက်မှတ်ထိုးခိုင်းပါတယ်။ တကယ်လို့ နိုင်ငံရေးတို့ဘာတို့ တင်ရင် မကျမှာစိုးလို့ ကမ္ဘာပြားပြီပဲ တင်လိုက်ရတာပါ” ဟု ဦးကောင်းမြတ်နွယ်က ပြောသည်။
မြန်မာပြည်တွင်း စာပေဟောပြောပွဲများမှာပင် ဤမျှ တင်းကျပ်မှု မရှိကြောင်း ဆရာဦးအောင်သင်းကလည်း ပြောဆိုသည်။
“ဗမာပြည်မှာတော့ ဟောပြောမယ့်အကြောင်းအရာ ကြိုတင်တင်ပြရတယ်ဆိုတာတော့ မရှိပါဘူး။ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကိုတော့ အသိပေးရပါတယ်။ ဘာတွေပြောမယ်ဆိုတာတော့ အသိပေးရတာမျိုးတွေ မရှိပါဘူး။ ခေါင်းစဉ်တို့ဘာတို့တော့ တခါတလေ တောင်းတတ်တယ်။ တချို့ ကြောက်တတ်တဲ့ ဥက္ကဋ္ဌတို့ဘာတို့ဆိုရင် သိပ်ခွင့်မပြုဘူးပေါ့ဗျာ။ အခုချိန်မှာတော့ အဆင်ပြေပါတယ်” ဟု သူက ဆိုသည်။
ဆရာအောင်သင်း၏ ပထမဆုံးအကြိမ် ပြည်ပစာပေဟောပြောပွဲ ခရီးစဉ်ဖြစ်ပြီး ယခင်နှစ်များက ဖိတ်ကြားခဲ့သော်လည်း နိုင်ငံကူးလက်မှတ် မရသဖြင့် ယခုနှစ်မှ လာရောက်နိုင်ခြင်း ဖြစ်သည်။
ဝင်ကြေးအဖြစ် ပရိသတ် တဦးလျှင် ၁၅ ဒေါ်လာ ပေးရပြီး ဆိုင်အချို့က ၎င်းတို့ပစ္စည်းဝယ်ယူလျှင် လက်မှတ်ကို လျှော့စျေးဖြင့် ရောင်းချသည်များလည်းရှိကာ၊ ဟောပြောပွဲတွင် ပရိတ်သတ်ကို ကြက်သားဒံပေါက်ဖြင့် ဧည့်ခံခဲ့သည်။
“ဗမာတွေကိုလည်း ဒီလို ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ အဆင့်အမြင့်ဆုံး ဟောပြောပွဲကြီးဖြစ်အောင်၊ ပရိသတ်လည်း မပျင်းမရိနဲ့ သုတ/ရသ ပြည့်စုံအောင် ရွေးစီစဉ်ထားတော့ တကယ်ကို အောင်မြင်တဲ့ ပွဲကြီးဖြစ်ခဲ့ပါတယ်။ ပွဲက တော်တော်လေးကို ဆူပြီးတော့ လှသွားပါတယ်” ဟု ဦးကောင်းမြတ်နွယ်က ပြောသည်။
စင်္ကာပူနိုင်ငံရောက် မြန်မာများအနေဖြင့် စာပေဟောပြောပွဲများ ကျင်းပလာခဲ့ကြသည်မှာ ၃ နှစ်ဆက်တိုက် ရှိခဲ့ပြီဖြစ်သည်။
၂ဝဝ၉ ဒီဇင်္ဘာတွင် ချစ်ဦးညို၊ နေဝင်းမြင့်၊ ဂျူးတို့ လာရောက်ခဲ့ကြပြီး၊ ၂ဝ၁ဝ စက်တင်္ဘာတွင်လယ်တွင်း သားစောချစ်၊ အော်ပီကျယ်၊ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ လာရောက်ဟောသွားခဲ့သည်။
လာမည့် နှစ်များတွင်ပါ စာပေဟောပြောပွဲ ပြုလုပ်သွားရန် စာရေးဆရာများနှင့် တိုင်ပင်ထားကြောင်း သိရသည်။