စံပြကျေးရွာသား တစ်ဦး တောဆင်ရိုင်း နင်းသတ်၍ သေဆုံး

စံပြကျေးရွာသား တစ်ဦး တောဆင်ရိုင်း နင်းသတ်၍ သေဆုံး
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် တောဆင်ရိုင်း နင်းသတ်၍ ဗမာပြည်မှ ပြောင်းရွှေ့ လာသူ စံပြကျေးရွာသား တစ်ဦး ပွဲချင်းပီး သေဆုံးသွားကြောင်း သတင်း ရရှိသည်။

သေဆုံသွားသူမှာ ဘူးသီးတောင်မြို့နယ် မေယုတောင်တန်း အနီးတွင် တည်ရှိသော ရွှေနတလ စံပြကျေးရွာမှ ဦးလှအောင်ဖြစ်သည်။

ကျေးရွာသား တစ်ဦးက “ ဒီလ ၁၉ ရက်နေ့ မနက် ၁၀ နာရီခန့်လောက်မှာ ဆင်နင်းခံရတာဖြစ်တယ်။ ဆင်နင်းခံရတဲ့အကြောင်း ရင်းက သူဟင်းခင်းကပြန်လာတဲ့အချိန်မှာ ဆင်နဲ့ ထိပ်တိုက်တိုးတယ်။ ပြေးလို့ မလွတ်ဘူး။ အဲဒီဆင်က တဟုန်ထိုးပြေးလာပြီးတော့ အသေတက်နင်းလိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

တခြား နတလ စံပြရွာသား တစ်ဦးကလည်း “သူမသေခင်က အော်ဟစ်သံကို အနီးနားမှာ ရှိနေတဲ့ လူတွေကြားတော့ ပြေးလိုက်သွားကြပါတယ်။ လူတွေရောက်တဲ့ အချိန်မှာ ဆင်က နင်းပြီး ထွက်ပြေး သွားပြီ ဖြစ်ပါတယ်။ သူ့ ခန္ဓာတခုလုံးက ကြေမွ သွားပါတယ်။ နံရိုးတွေ အကုန်လုံးကျိုးသွားပါတယ်။ ပီးရင် ၀မ်းကအူတွေလည်း အကုန်လုံးအပြင်ရောက်ကုန်တယ်။ ပွဲချင်းပီး သေဆုံးသွားတာပါဘဲ” ဟု ပြောသည်။

သေဆုံးသူ ဦးလှအောင်မှာ ဗမာ အမျိုးသား ဖြစ်ပြီး အသက် ၄၇ နှစ်ရွယ်ရှိကာ သူ့တွင် ဇနီးနှင့်အတူ သားတဦးနှင့် သမီးတဦးကျန် ရစ်ခဲ့သည်ဟုသိရသည်။

ယခုအခါ ဘူးသီးတောင်ဆင်ဖမ်းအဖွဲ့၊ သံတွဲ သစ်ထုတ်လုပ်ရေးအဖွဲ့ တို့က ဘူးသီးတောင် မြို့နယ်ရှိ စိမ်းညင်းတောဒေသတွင် အဆိုပါ ဆင်ရိုင်းအား အုပ်စုခွဲပြီး လိုက်ရှာနေသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် မေယူတောင်တန်းမှာ တောဆင်ရိုင်း အများအပြား ကျက်စားသော တောင်တန်း တစ်ခု ဖြစ်သော်လည်း သစ်တောများကို မဆင်မခြင် ခုတ်လှဲရာမှ သစ်တောများ ပြုန်းတီးပြီး ဆင်များ နေစရာ မရှိ ဖြစ်လာရာမှ မကြာခဏ တောဆင်ရိုင်းများက လူများကို တိုက်ခိုက်မူများ ရှိနေကြောင်း သိရသည်။

Most read this week