ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း

ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း
by -
Laila de Champfleury

ရန်ကုန် (မဇ္ဈိမ)။     ။ အမကြီးဟာ တော်လှန်ရေးသမားတဦး မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ မြန်မာပြည်ရဲ့ ဆိုးရွားကြမ်းတမ်းလှတဲ့ ဒီမိုကရေစီခရီးနဲ့ သူ့ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို စကားထိုင်ပြောနေပါတယ်။

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)

DASSK-with--group-of-Danish-students

ရန်ကုန် (မဇ္ဈိမ)။     ။ အမကြီးဟာ တော်လှန်ရေးသမားတဦး မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ မြန်မာပြည်ရဲ့ ဆိုးရွားကြမ်းတမ်းလှတဲ့ ဒီမိုကရေစီခရီးနဲ့ သူ့ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို စကားထိုင်ပြောနေပါတယ်။
 
တော်လှန်ရေးဆိုတာ `ရင်ခုန်စရာ သိပ်မကောင်းလှပါ´ လို့ သူထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အံ့အားသင့်စရာ ပြောကြားလိုက်ပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်ပြီး အာဏာအမြစ်တွယ်နေတဲ့ စစ်တပ်ကို ကန်ကျောက်မောင်းထုတ်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာ့ဒီမိုကရေစီတော်လှန်ရေးရဲ

့ ကိုယ်စားပြု အမှတ်အသားပါ။ သူ့ကို တိုင်းပြည်ထဲမှာ အမ၊ အန်တီ၊ ဟိုအမျိုးသမီးကြီးလို့ပဲ ပြောဆိုသုံးနှုံးကြတယ်။ ဒါပေမဲ့ ကျမတို့နဲ့ စကားပြောနေတုန်း သူ့ဖခင် လက်ထက်ကလိုပဲ အကြမ်းဖက် တော်လှန်ရေး အပြောင်းအလဲမှာ  သူ့ရဲ့ အဘိဓာန်မှာ မရှိတော့ပါ။
 
ကျမတို့အုပ်စုမှာ သူ့ထံလာတွေ့နေကျ လာရိုးလာစဉ် အဖွဲ့မဟုတ်ပါ။ ဆရာနှစ်ယောက် အတူလိုက်ပါလာတဲ့ ဒိန်းမတ်နိုင်ငံမှ ၁၁ ဦးပါ ကျောင်းသားအဖွဲ့လေးသာ ဖြစ်ပါတယ်။ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်မှာ သင်ခဲ့ရတဲ့ နိုင်ငံတကာ နိုင်ငံရေးဘာသာရပ်အတွက် `ကြားလပ်နှစ်´ ကို ပြန်လည်ဖြည့်ဆီးဖို့ ပဋိပက္ခတို့နဲ့ ပြည့်နှက်နေတဲ့ မြေ၊ အပြံုးပိုင်ရှင်လူထု၊ ရွှေရောင်ဝင်းဝင်း ဘုရားတွေ၊ ဖိနှိပ်ချုပ်ချယ်တဲ့ စစ်အစိုးရ စသဖြင့် ဖြစ်မျိုးစုံလင်လှတဲ့ `အကိုကြီး´ တို့ နိုင်ငံကို လာရောက်ခဲ့ကြခြင်းပါ။
 
ကျမတို့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးအတွင်း ထိုင်နေခဲ့တဲ့ နေ့ကတော့ ဧပြီလဆန်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချိန်တွေက အလွန်တန်ဖိုးရှိလှပါတယ်။ ပုံမှန်အားဖြင့် ဟောဒီ ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင်ဟာ ဒီချုပ်အဖွဲ့ဝင်တွေနဲ့ အစည်းအဝေးတွေ လုပ်နေတတ်တယ်၊ အရေးကြီးတဲ့ ဧည့်သည်တွေကို လက်ခံတွေ့ဆုံတတ်တယ်၊ သတင်းထောက်တွေကို ရံဖန်ရံခါ လက်ခံတွေ့ဆုံတတ်တယ်။ လူတိုင်းက သူ့ကို တွေ့ချင်ကြပါတယ်။ ဒါပေမဲ့ သူ့ကို တွေ့ဆုံမေးမြန်းခွင့် ရဖို့ကတော့ သာမန်အားဖြင့် ခက်ခဲပါတယ်။ ဒိန်းမတ်လူမျိုး သတင်းထောက်တယောက်ဆို သူနဲ့ တွေ့ခွင့်ရဖို့ ၂ နှစ်လောက် စောင့်ခဲ့ရပြီး၊ တွေ့မယ့်တွေ့ရတော့လည်း ခဏပဲ တွေ့ခဲ့ရတယ်လို့ ကျမတို့ ကြားဖူးထားပါတယ်။
 
ဒီတော့ ကျမတို့ ခဏခဏ ဖတ်ဖူးထားတဲ့ ဒီမိုကရေစီ သူရဲကောင်း ခေါင်းဆောင် တယောက်နဲ့ ဒီချုပ် ဗဟိုဌာနချုပ် ရုံးခန်းကျဉ်းလေးအတွင်း မျက်နှာချင်းဆိုင် တွေ့ခွင့်ရနေတာကို တွေ့ရတဲ့အခါ ကိုယ့်ကိုယ်ကို အလွန် အံ့သြနေမိပါတော့တယ်။ ဖြစ်နိုင်တာက ကျမတို့ ဆရာ၊ ဆရာမတွေရဲ့ ဒိန်းမတ်ရောက် သြဇာအာဏာရှိတဲ့ မြန်မာ အတိုက်အခံတွေနဲ့ အဆက်အသွယ် ကောင်းမွန်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကျမတို့ အထင်ပဲ ဖြစ်ပါတယ်။
 
နောက်ဆုံး မိနစ် စက္ကန့်အထိ သူနဲ့ တကယ်တမ်း တွေ့ခွင့် ရမရဆိုတာ ရင်မောစရာ ကိစ္စကြီး ဖြစ်နေခဲ့ပါတယ်။
 
ပါတီဌာနချုပ်ရုံးမှာ ပြည့်ကျပ်ပြွတ်သိပ်နေပြီး အဆန်းတကြယ် အဆင် တန်ဆာများလည်း မရှိပါ။ ဒီထဲကို ဝင်လိုက်ရတာ လမ်းပေါ်ကနေ တခြားကမ္ဘာတခုထဲ ရောက်သွားသလိုပါပဲ။ ရုံးခန်းတွေထဲမှာ စာရွက်ထပ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေပဲ ရှိပါတယ်။ ရုံးထဲကို ဝင်လိုက်ရတာ ဘာနဲ့တူသလဲဆိုတော့ အရင်ကလည်း တခါမှ မဖွင့်ဖူးသေး၊ အထဲမှာလည်း ဘာရှိမှန်း မသိရတဲ့ ရှေးဟောင်းလျှို့ဝှက် သေတ္တာတလုံးကို ဖွင့်နေရသလိုပါပဲ။ ကျမတို့အဖွဲ့ကို အပေါ်ထပ်တက်ကြဖို့ လက်ညှိးထိုးပြကြပါတယ်။ ဒီတော့လည်း မြေအောက်လုပ်ငန်း အငွေ့အသက်တွေကို ရလာပြန်ပါတယ်။ အခန်းထဲမှာရှိတဲ့ သစ်သား စားပွဲတလုံးဘေးမှာ ကျမတို့ ဝိုင်းထိုင်လိုက်ကြပါတယ်။ ဒီအချိန်ထိ အမကြီးကို တွေ့မှတွေ့ရပါ့မလားလို့ တထင့်ထင့် ဖြစ်နေရတုန်းပါ။
 
ထိုင်ရင်း သူများ ဒီဘက်က ဝင်လာမှာလားလို့ တွေးပြီး အခန်းတဖက်က ခပ်ဟဟလေး ဖြစ်နေတဲ့ တံခါးကို ကြည့်နေမိပါတယ်။ အခန်းထဲမှာ အားလုံး လည်တဆန့်ဆန့် ဖြစ်နေကြတုန်း တဖက်က အခန်းထဲကို သူ့သက်တော်စောင့်တွေနဲ့အတူ ဝင်သွားတာကို စက္ကန့်ပိုင်းလေးလောက် ဗြုန်းကနဲ ကျမ မြင်လိုက်ရပါတယ်။ သူ ဒီအဆောက်အအုံထဲမှာ ကျမတို့နဲ့ အတူရှိနေပါပြီ။ ဒီတခါတော့ ဘယ်လိုမှ မမှားနိုင်တော့ပါဘူး။ ၅ မိနစ်လောက်ကြာတော့ ကျမတို့ရှိတဲ့ အခန်းထဲကို သူဝင်လာပါတယ်။ ကျမတို့အားလုံးပဲ ဗြုန်းကနဲ မတ်တပ်ထရပ်လိုက်ကြပါတယ်။ သူက ရယ်ရယ်မောမော၊ ရင်းရင်းနှီးနှီးပဲ `ထိုင်ကြပါ၊ ထိုင်ကြပါ´ လို့ ကျမတို့ကို ပြောပါတယ်။
 
စားပွဲတဖက်စွန်းက ထိုင်ခုံမှာ သူက လက်ပိုက်လို့ ခပ်မတ်မတ် ထိုင်နေပါတယ်။ ကျမစိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ အတိုင်းပါပဲ၊ သူဟာ မိန်းမပီပီသသ ကြက်သရေရှိသူဖြစ်ပြီး ခေါင်းမှာလည်း ပန်းတွေ ပန်ထားပါတယ်။ သူ့ကိုကြည့်ရတာ စိတ်သဘောထားနူးညံ့ပြီး ကြင်နာပုံရပေမယ့် အတွင်းစိတ်သဏ္ဍာန်မှာ တင်းမာပြတ်သားသူ ဆိုတာကိုလည်း အလွယ်တကူပဲ တွေ့မြင်နိုင်ပါတယ်။
 
ဒိန်းမတ်တုန်းကတော့ တွေ့ရရင် ဘာမေးမလဲဆိုပြီး မေးခွန်းတွေ ကြိုးစားပမ်းစား ပြင်ဆင်လာခဲ့ကြပါတယ်။ ကျမတို့က နိုင်ငံတကာ နိုင်ငံရေးမှာ ဗမာပြည်ရဲ့ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံရေး လမ်းကြောင်းကိုပဲ လေ့လာခဲ့ကြတာ ဆိုတော့ သိပ်မကြာခင်ပဲ ကျမတို့လိုချင်တဲ့ မေးခွန်းတွေ အကုန်လုံးဟာ ဒီမိုကရေစီ အကြောင်းချည်း ဖြစ်နေတာကို တွေ့ရပါတော့တယ်။
 
`ဒီမိုကရေစီဆိုတာ အနောက်မှာတော့ အသားကျနေတဲ့ စကားလုံး၊ မင်းတို့လည်း သိပ်ပြီး လေးလေးနက်နက် ရှိလှမယ်မထင်ဘူး။ ဒီမိုကရေစီရဲ့ တန်ဖိုးကို သေသေချာချာ သဘောပေါက်ကြလိမ့်မယ်တောင် မထင်ဘူး´ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
 
ပြီးတော့မှ သူက ကျမတို့အကြောင်း ဦးလှည့်လာပြီး `၂ဝဝ၇ ခုနှစ်က ဒိန်းမတ်မှာ ကျင်းပခဲ့တဲ့ နောက်ဆုံး ရွေးကောက်ပွဲမှာ ကျမတို့ထဲက ဘယ်နှယောက် မဲပေးခဲ့သလဲလို့ မေးလာပါတယ်။ ကျမတို့ထဲက အတော်များများ လက်ထောင်ကြပါတယ်။ ၃ ယောက်ကတော့ သူတို့ မဲသွားမပေးဘူးလို့ ဝန်ခံကြပါတယ်။ ၂ ယောက်ကတော့ ငယ်သေးလို့ အဲဒီအချိန်က မဲပေးခွင့်မရခဲ့ကြပါ။
 
ဒီတော့မှ ကျမတို့အမကြီးက ကျမတို့တတွေ ရန်ကုန်နဲ့ မန္တလေးမှာရှိတုန်း မြန်မာလူမျိုးတွေနဲ့ စကားပြောခဲ့ကြတာတွေအကြောင်း ဆက်ပြောပါတယ်။ ကျမတို့ခရီးစဉ်တလျှောက် တွေ့ခဲ့ကြသူတွေအားလုံး အပြံုးကိုယ်စီနဲ့ ဖော်ဖော်ရွေရွေ ရှိခဲ့ကြသလောက် အတွင်းစိတ်ထဲမှာ တခုခုကို ကြောက်ရွံ့နေတာ ကိုလည်း တွေ့ခဲ့ရပါတယ်။ ကမ္ဘာလှည့် ခရီးသွားတဦးသာ ဆိုရင်တော့ ဒီကိစ္စကို သတိထားမိမယ် မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းထောက် တယောက်နဲ့ တွေ့တုန်းကတော့ သူက သတင်းထောက်ပီပီ အတော် သတိထားပြောတယ်။ အစိုးရက လူတိုင်းကို စောင့်ကြည့်နေတာ၊ ဆင်ဆာဆိုတာလည်း စစ်အစိုးရက သူ မီဒီယာထဲ ပါစေချင်တာကိုပဲ ခွင့်ပြုတာလို့ ပြောပါတယ်။
 
`ကျမတို့ တိုင်းပြည်မှာ ဥပဒေ စိုးမိုးမှုဆိုတာလည်း မရှိတော့ လုံခြံုမှု ဆိုတာလည်း မရှိဘူး´ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဝင်မပြိုင်ခဲ့တာလည်း ဒီကိစ္စက အကြောင်းတချက် ဖြစ်ပါတယ်။ စစ်အစိုးရကို တရားဝင်အောင် လုပ်ပေးပြီး စစ်တပ်ကို အချိန်မရွေး အာဏာသိမ်းနိုင်ခွင့် ပြုထားတဲ့ ဖွဲ့စည်းပုံကို လက်မခံနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြပါတယ်။
 
တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရအကြား ပဋိပက္ခတွေ ဖြစ်ပွားနေရတာရဲ့ အကြောင်းရင်းတရပ်မှာလည်း အခွင့်အရေး မညီမျှမှုကြောင့်လို့ သူက ထောက်ပြပါတယ်။
 
`တိုင်းရင်းသားတွေက ဖက်ဒရယ်ပိုကျတဲ့ ဖွဲ့စည်းပုံမျိုးကို လိုချင်ကြတာ။ ဒါကြောင့်ပဲ ပြဿနာတွေ ဖြစ်နေရတာ။ ဒီမတရားမှုတွေ ဒီမှာပဲ ရပ်ဖို့တော်ပြီ။ တိုင်းရင်းသားတွေ ဒုက္ခသည်တွေအဖြစ်နဲ့ တချိန်လုံး ပြေးချည်းနေကြရတာ။ ကိုယ့်တိုင်းပြည်ထဲမှာပဲ ညှဉ်းပန်းနှိပ်စက်ခံပြီး တချိန်လုံး ကြောက်ကြောက်လန့်လန့်နဲ့ နေနေကြရတာ။ ဒါတွေအားလုံး ပြောင်းမှဖြစ်မယ်။ ပြောင်းဖို့ဆိုတာလည်း အခွင့်အရေး တန်းတူညီမျှခံစားခွင့် ရှိပါတယ်ဆိုတာ သူတို့ကိုယ်တိုင် ခံစားသိရှိရမှ ဖြစ်မယ်´။
 
ကျမတို့အတန်းက ကျောင်းသားတွေ တစုတဝေး မြန်မာပြည်ထဲမှာ သွားလာနေရတော့ ဒိန်းမတ်က စာသင်ခန်းထဲမှာ ကျမတို့သင်ခဲ့ရတဲ့ ပြဿနာပေါင်းစုံ၊ အခြေအနေ အဖြစ်ပေါင်းစုံကို မျက်ဝါးထင်ထင် မြင်ခွင့်ရတယ်။ ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေတွေကို ပြောနိုင်တဲ့သူ၊ ဘာတွေလိုချင်တယ်၊ ဘာတွေဖြစ်ချင်တယ်၊ ဘယ်လိုလုပ်လိုက်ရင် ဒါတွေ အောင်မြင်လာလိမ့်မယ်ဆိုတာတွေ ပြောနိုင်မယ့် သူမျိုးကို ကျမတို့ကလည်း တွေ့ချင်ပါတယ်။
 
ကျမ စိတ်ဝင်စားတဲ့ ကိစ္စက လူ့အခွင့်အရေးနဲ့ ဥပဒေ စိုးမိုးမှုကိစ္စပါ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်မှာ ဥပဒေ စိုးမိုးမှု မရှိတဲ့အကြောင်း ပြောလာတော့ ကျမလည်း စိတ်ဝင်စားလာပါတယ်။
 
တကယ်တော့ လူတွေ လုံခြံုတယ်လို့ ခံစားမိစေတဲ့ ကိစ္စမှာ ဥပဒေက နောက်ဆုံးမှ စဉ်းစားမိတဲ့ ကိစ္စပါ။ ကိုယ်တိုင်ကြံုမှ၊ ခံရမှ သိတဲ့ ကိစ္စပါ။ ကိုယ့်အခွင့်အရေးတရပ်ရပ် ချိုးဖောက်ခံရမှ သတိရတဲ့ အရာပါ။ ဒီကိစ္စကပဲ ပုံမှန်လည်ပတ်နေတဲ့ လူ့အဖွဲ့အစည်းတရပ်အတွက် အခြေခံအခွင့်အရေးတွေကို ပေးအပ်နေတာပါ။
 
ရန်ကုန်မှာရှိတဲ့ မြန်မာတက်ကြွလှုပ်ရှားသူ လူငယ်တယောက်နဲ့ စကားပြောဖြစ်ခဲ့တာကို ကျမ ပြန်သတိရလာပါတယ်။ သူက ကျမကို ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ဘယ်လိုနားလည်သလဲလို့ မေးလာပါတယ်။ ကျမကလည်း လွတ်လပ်စွာ ပြောခွင့်ရှိတာ၊ ကိုယ့်အတွက် ရွေးချယ်ခွင့်ရှိတာ၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ရှိတာ၊ စသဖြင့် ပြောလိုက်ပါတယ်။ ဒီတော့ သူက ဒါတွေအားလုံးဟာ ဒီမိုကရေစီအတွက် အရေးကြီးကြတာချည်းဆိုတာ သူလက်ခံပါတယ်တဲ့။ ဒါပေမဲ့ သူ့အမြင်အရ အရေးအကြီးဆုံးကိစ္စက အာဏာကို ပိုင်းခြားထားခြင်း ဖြစ်ပါတယ်တဲ့။ တရားစီရင်ရေးအာဏာနဲ့ စီမံခန့်ခွဲရေးအာဏာ တနည်းအားဖြင့် အစိုးရအာဏာကို ခွဲခြားထားဖို့ဖြစ်တယ်လို့ ပြေလာပါတယ်။ ဒါသူ့ဆန္ဒဖြစ်ပြီး မြန်မာပြည်မှာ တနေ့ကျရင် ဖြစ်ထွန်းလာမယ်လို့ ထင်ပါတယ်။
 
အစိုးရက ဆုံးဖြတ်နိုင်ခွင့် အာဏာကို ဘယ်လိုချုပ်ကိုင်ထားတယ်ဆိုတာ အမကြီးက ကျမတို့ကို သာဓကတခု ပြောပြပါတယ်။ `ဒီချုပ်အဖွဲ့ဝင်တဦးဦး နိုင်ငံရေးမှုနဲ့ တရားရုံးရောက်သွားပြီဆို ဒီအမှုက သေချာပေါက် ရှုံးတော့မှာပဲ။ ဒါကို အစကတည်းက ကျမတို့လည်း သိတယ်။ ဒါကြောင့် ကျမတို့ အမြဲပြောနေတာ။ တရားရုံး မရောက်ခင်ကတည်းက ဘယ်လောက်ချမယ်၊ ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ကြိုပြီး အမြဲဆုံးဖြတ်ထားပြီးသား၊ ဒါတွေ အကုန်လုပ်ပြီးမှ ရုံးရောက်တာ´ ဟု သူက ပြောပါတယ်။
 
ဒီလိုဖြစ်ပေမယ့် ဒီချုပ်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စာရိတ္တကို ကာကွယ်ဖို့ ရှေ့နေတော့ ထားကြတယ်လို့ သူက ဆိုပါတယ်။ သူတို့ဟာ အပြစ်မရှိဘဲ မတရားစွပ်စွဲ ချုပ်နှောင်ခံရသူတွေဖြစ်ပြီး၊ အတွေးအခေါ် အယူအဆတခုခုကို ယုံကြည်ပြီး ဒီအယူအဆအတိုင်း နေခဲ့လုပ်ခဲ့တာကလွဲလို့ ဘာပြစ်မှုကိုမှ မကျူးလွန်ခဲ့ကြကြောင်းနဲ့ သူတို့ရှေ့ မားမားမတ်မတ် ရပ်ပြောပေးမယ့် သူကိုပဲ လိုချင်တာဖြစ်ကြောင်း ပြောပြပါတယ်။
 
`ကိုယ့်ကိုထိလာမှ ဥပဒေဆိုတာကို သတိရတာ။ ဒီလိုမဟုတ်ရင် ကျမတို့လည်း အသေးစိတ်မသိပါဘူး။ ဒီတော့ ဒီအမှုတွေက ကျမတို့ကို ကျမတို့အခွင့်အရေးတွေ ဘာတွေရှိတယ်ဆိုတာ သင်ပြပေးနေတာပဲ။ ဒီအခွင့်အရေးတွေ တရားရုံးတွေမှာ ဘယ်လိုချိုးဖောက်ခံနေရတယ်ဆိုတာေတွ သိလာတာပဲ။ ဥပဒေက အကာအကွယ် မပေးနိုင်ရင် ဘယ်သူမှ လုံခြံုမှာ မဟုတ်ဘူး။´
 
သူ့ကို ပိတ်ဆို့အရေးယူမှုနဲ့ပတ်သက်ပြီး မေးတာတွေ သိပ်များလွန်းလို့ အမ စိတ်ပျက်နေတယ်ဆိုတာ ကျမတို့ ကြားထားလို့ ဒီမေးခွန်း သူ့ကိုမမေးတော့ပါဘူး။ အပြောင်းအလဲအတွက် သူရဲ့ ကိုယ်ပိုင်ကြိုးပမ်းချက်တွေကိုပဲ မေးမြန်းဖြစ်ပါတယ်။
 
`မြန်မာပြည်ကလူတွေက သူတို့လိုချင်တဲ့ အပြောင်းအလဲအတွက် ကျမနဲ့ ကျမတို့ ပါတီအပေါ်ပဲ မကြာခဏ အားကိုးကြတယ်။ ဒီလိုအပြောင်းအလဲမျိုးဖြစ်ဖို့ သူတို့ကိုယ်တိုင် လုပ်နိုင်တယ်ဆိုတာ သိအောင်လုပ်ဖို့က အရေးအကြီးဆုံးပဲ´ ဟု သူက ပြောပါတယ်။
 
ဒီချုပ်ပါတီကို နိုင်ငံရေးပါတီတခုအဖြစ် ဆက်ရှိနေဖို့ သူသန္နိဋ္ဌာန်ချထားကြောင်းပါ ပြောပါတယ်။ အာဏာပိုင်တွေက ပါတီကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေပေမယ့် မြန်မာပြည်မှာ ဒီမိုကရေစီရရှိရေးအတွက် ပါတီရှိနေရမှာလို့ သူက ဆိုပါတယ်။
 
တိုင်းပြည်ကို ထင်ရှားတဲ့ ခေါင်းဆောင်တဦးထဲက ရှေ့ဆောင်နေတာဟာ ဒီမိုကရေစီအတွက် မကောင်းကြောင်း၊ အနည်းဆုံးတော့ ရွေးချယ်စရာအဖြစ် အဲဒီလို  ထင်ရှားထက်မြက်တဲ့ ခေါင်းဆောင် အနည်းစုလေးတော့ ရှိနေရမှာဖြစ်ကြောင်း၊ ဒါမှ နိုင်ငံရေးသမားတွေအနေနဲ့ သူတို့အလုပ်အပေါ် ပိုအလေးထား အာရုံစိုက်လာနိုင်မှာဖြစ်ကြောင်း သူက ကျမတို့ကို ရှင်းရှင်းလင်းလင်း ပြောဆိုပြပါတယ်။
 
ဒီချုပ်ရဲ့ မူဝါဒတွေအကြောင်းနဲ့ ပတ်သက်ရင်တော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ မူဝါဒ ရပ်တည်ချက်တွေအကြောင်း သူ့ဆီက တိတိကျကျ အဖြေတခုရဖို့ ခက်ပါတယ်။ သူတို့ကိုယ်သူတို့ လက်ဝဲလား၊ လကျ်ာလားဆိုတာကိုတောင် မသေချာပါဘူး။
 
`ဒီမိုကရေစီမှ မရှိတဲ့နောက် လက်ဝဲလည်း မစဉ်းစားနိုင်ဘူး၊ လက်ျာလည်း မစဉ်းစားနိုင်ဘူး။ အစိုးရက အစစတာဝန်ယူစောင့်ရှောက်တဲ့ welfare state လိုဟာမျိုး လုပ်မလား၊ မလုပ်ဘူးလားဆိုတာလည်း မတွေးအားဘူး´ ဟု သူက ပြောပါတယ်။
 
ဒီချုပ်အနေဖြင့်မူ အလယ်ဗဟိုဝါဒီ ပါတီတရပ်ဖြစ်လိုကြောင်း သူက ပြောပါတယ်။ ကလေးတွေအတွက် အခမဲ့ပညာရေး၊ လူထုအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ စံကျတဲ့ အိပ်မက်တရပ်ရှိကြောင်းနဲ့ ဒါပေမဲ့ ဒီခရီးကို ရောက်ဖို့ အဝေးကြီးလျှောက်လှမ်းရဦးမယ်လို့ ဆိုပါတယ်။
 
မြန်မာပြည်တွင်း တက်ကြွလှုပ်ရှားသူတွေကို ကျမတို့ မေးခဲ့တဲ့ မေးခွန်းတခုမှာ မြန်မာပြည် အပြောင်းအလဲအတွက် ဘယ်နည်းလမ်းကို သုံးမလဲ၊ တော်လှန်ရေးလား၊ တခြား တနည်းနည်းလား ဆိုတဲ့ မေးခွန်းတွေပါ။ ဒီမေးခွန်းကိုပဲ  မြန်မာပြည်အပြောင်းအလဲအတွက် အထိမ်းအမှတ် အမှတ်အသားဖြစ်နေသူ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
 
`ကျမက တော်လှန်ရေးတွေအတွက် ဆော်သြတိုက်တွန်းနေသူတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သိပ်ရင်ခုန်စရာ မကောင်းလို့ပါဘဲ´ လို့ သူက ပြန်ဖြေပါတယ်။ `တချို့က ထင်ကြတယ်။ ဒါ မြန်မြန်ထက်ထက် အဖြေထွက်တဲ့ဟာလို့။ ဒါပေမဲ့ ဒီလမ်းကိုရွေးရင် ရသွားတဲ့ ဒဏ်ရာတွေက အတော်နက်ရှိုင်းပါတယ်။ ဒီ အနာတွေက ကျက်ဖို့လည်း ခက်ပါတယ်။ တခါတရံ အပေါ်ယံကြည့်လိုက်ရင်တော့ အပြောင်းအလဲ ဖြစ်လာသလိုပါပဲ။ တကယ်တော့ ဒီလမ်းက ဘယ်သူမှ အပြောင်းအလဲ ဖြစ်လာမယ်လို့ မထင်တဲ့ လမ်းပါ။ ဒီလမ်းကြောင့် ရခဲ့တဲ့ ဒဏ်ရာတွေက ဒီလောက်ကာလရှည်ကြာတဲ့အထိ မပျောက်သေးပါဘူး။ အပြောင်းအလဲအတွက် အကောင်းဆုံးနည်းလမ်းက နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်း အဖြေရှာတာပဲဖြစ်တယ်လို့ ကျမ ယုံကြည်ပါတယ်´။
 
သူ့ရဲ့ တုံ့ပြန်မှုမှာ အံ့အားသင့်စရာကောင်းသလို နားလည်နိုင်တဲ့ အချက်လည်း ဖြစ်ပါတယ်။ သူတွေ့ကြံုခဲ့ရသမျှကလည်း အကြိမ်ကြိမ် အကျယ်ချုပ်ချခံရခြင်း၊ ၂ဝဝ၃ ခုနှစ်အတွင်း သူခရီးသွားနေတုန်း ရက်ရက်စက်စက် တိုက်ခိုက်ခံခဲ့ရခြင်း၊ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလအတွင်း သေကြေခဲ့ရတာတွေဟာ တော်လှန်ရေးရဲ့ ထိရောက်မှုအပေါ် ထင်ထင်ရှားရှား မေးခွန်းထုတ်နေတဲ့ အချက်တွေ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံဟာ အီဂျစ်မဟုတ်၊ တူနီးရှားမဟုတ်၊ လစ်ဗျားလည်း မဟုတ်ပါ။ ယုတ်စွအဆုံး ကိုလိုနီဗြိတိသျှတို့ကို တော်လှန်တိုက်ခိုက်ခဲ့တဲ့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းခေတ် မြန်မာနိုင်ငံလည်း မဟုတ်ပါ။ သူ့ဖခင်ဟာ လွတ်လပ်ရေးမရမီလေးမှာ သေနတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။
 
`မြန်မာနိုင်ငံနဲ့ အီဂျစ် မတူဘူးဆိုတာ၊ အများကြီး ကွာခြားတယ်ဆိုတာ ခဏခဏ ပြောနေရတယ်´ လို့ သူက ပြောပါတယ်။ ကိုင်ရိုမြို့မှာ ဆန္ဒပြသူတွေဟာ အနှိမ်နင်းမခံရခင်အထိ ကာလရှည်ကြာ ဆန္ဒပြနိုင်ခဲ့တယ်။ မြန်မာပြည်မှာတော့ အဲလိုမဟုတ်။ ချက်ချင်းလိုပဲ `သွေးထွက်သံယို နှိမ်နင်းခံရတယ်´။ `ဒီတော့ လူတွေရဲ့ စိတ်ထဲမှာ အကြီးအကျယ် ဒဏ်ရာရသွားတာ။ ဒါတွေက ပျောက်ဖို့ အချိန်အတော်ယူရမယ်။ ဒီအတွေ့အကြံုအဖြစ် ဆိုးကြီးတွေကို မေ့နိုင်အောင် အတော်ကြာမယ်´။
 
နှစ်နာရီလောက်ကြာသွားပြီမို့ ကျမတို့သွားဖို့လည်း အချိန်တန်ပါပြီ။ အခုလို စကားပြောဖြစ်ခဲ့တာကိုပဲ အံ့သြနေမိပါတယ်။ ဒီအတွင်း တခုခုဖြစ်သွားနိုင်တယ်ဆိုတာကိုလည်း ကျမတို့ စဉ်းစားနေမိပါတယ်။ သူ့ကို အိမ်ထဲက ချက်ချင်းဆွဲထုတ်သွားပြီး အကျယ်ချုပ်တဖန် ချလိုက်နိုင်တယ်။ ဒါမှမဟုတ် အိမ်အဝမှာ စောင့်နေတဲ့ အိမ်ထဲ ဝင်ခွင့်မပေးခဲ့တာလည်း ဖြစ်နိုင်တာပါပဲ။ ဒါမှမဟုတ် ကျမတို့လို ကျောင်းသားတအုပ်ကို မတွေ့ဘဲ ကျမတို့ထက် ပိုအရေးကြီးတဲ့ ကိစ္စတခုခုကို လုပ်စရာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။
 
စိတ်ဝင်စားစရာ ကောင်းတာက ကျမတို့ကို အလေးအနက်ထား တွေ့ဆုံဆွေးနွေးခဲ့ပါ။ သူ့ကိုတွေ့ဖို့အရေး ကျမတို့မှာ စိတ်တွေလှုပ်ရှားပြီး စိုးရိမ်တကြီး ဖြစ်နေခဲ့ကြတယ်။ ဒီခံစားချက်မှာ နှစ်ဖက်အပြန်အလှန်လည်း ဖြစ်ပုံရပါတယ်။ ကျမတို့အုပ်စုထဲက တယောက်ယောက်က မေးခွန်းမေးလိုက်တိုင်း မေးခွန်းမေးတဲ့သူကို သေချာကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့ အလေးအနက်ထား နားထောင်တာ တွေ့ရပါတယ်။ ပြီးတော့မှ ဖြေတာဆိုတော့ သူ့ရဲ့ လေးနက်မှု၊ ရိုးသားမှုကို ဖော်ပြနေပါတယ်။
 
တွေ့ဆုံဆွေးနွေးပွဲပြီးတော့ သူ့ကို လက်ဆောင်ပေးရာ နာမည်ကြီး ဒိန်းမတ်စာရေးဆရာ ဟန်းခရစ်ရှန်အင်ဒါဆင် ရေးတဲ့ နတ်သမီးပုံပြင်စာအုပ်လည်း ပါပါတယ်။ ဒါကို သူအတော်ဝမ်းသာပါတယ်။ သူငယ်ငယ်က ဒီစာအုပ်ထဲက ရေသူမလေးပုံပါတဲ့ လက်ဆောင်တခုကို သူ့မိခင်က ပေးခဲ့ဖူးကြောင်းလည်း ပြောပါတယ်။
 
ပြီးနောက် ကျမတို့က အသားအရောင်ခွဲခြားရေးကာလ တောင်အာဖရိက လွတ်မြောက်ရေး တိုက်ပွဲဝင် တေးသီချင်းဟောင်း တပုဒ်ကို စုပေါင်းသီဆိုကြပါတယ်။ အာဖရိကလူမျိုးတွေ ဒီသီချင်းကို သီဆိုနိုင်ခဲ့တာမှာ  အာဏာရ ဘိုးအားလူမျိုးတွေ နားမလည်တဲ့ တိုင်းရင်းသား ဇူးလူးဘာသာနဲ့ သီဆိုခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။
 
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့အားလုံးကို တယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်ပါတယ်။ ပြီးတော့ ကျမတို့အားလုံး ရုံးခန်းထဲကနေ စိတ်လှုပ်ရှား ကြည်နူးစွာ ထွက်လာခဲ့ကြပါတော့တယ်။
 
အပြင်ဘက်ထွက်လာတော့ ဒီလိုတွေ့ဆုံဆွေးနွေးမှုမျိုးကို မြန်မာနိုင်ငံမှာ လျှို့ဝှက်ထားလို့ မရဘူးဆိုတာ ကျမတို့ သိလာပါတော့တယ်။ လူ ၄ ယောက်က ကျမတို့ကို ဓာတ်ပုံတွေ ရိုက်နေပါတယ်။ ဒီဓာတ်ပုံတွေနဲ့ သူတို့ ဘာလုပ်ကြမယ်ဆိုတာ ကျမတို့ ဘယ်တော့မှ သိမှာလည်း မဟုတ်ပါဘူး။ ဒါသည်ပင် အစိုးရရဲ့ အကြောက်လွန်နေပုံနဲ့ မြန်မာပြည်သူတွေ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ နေလိုစိတ် ပြင်းပြနေတာကို ထင်ထင်ရှားရှား ပြသနေတဲ့ အချက်လည်း ဖြစ်ပါတယ်။
 
(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်းအတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။)