ဂရိမုန်တိုင်းသင့် ပြည်သူများ အတွက် ရည်ရွယ်ပြီး ပန်းချီပြပွဲ ပြုလုပ်မည်

ဂရိမုန်တိုင်းသင့် ပြည်သူများ အတွက် ရည်ရွယ်ပြီး ပန်းချီပြပွဲ ပြုလုပ်မည်
by -
မစောစော

ရခိုင်ပြည်နယ် ဂရိမုန်တိုင်းသင့် ပြည်သူများ အတွက် ရည်ရွယ်ပြီး ပန်းချီပြပွဲ တစ်ခုကို ရန်ကုန်မြို့တွင် ဧပြီလ ၂၅ ရက်နေ့မှ စ၍ (၅) ရက်ကြာ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Giri-in-Mraybonပန်းချီပြပွဲတွင် ဦးဆောင်ပါ၀င်သူ ဦးမြတ်ထွန်းအောင်က “ အဓိကတော့ ပန်းချီပြပွဲက ရလာတဲ့ငွေတွေကို ဂီရိမုန်တိုင်းသင့် ပြည်သူတွေကိုကူညီလို တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါ တယ်။ ဒါ့ပြင် တခြားရည်ရွယ်ချက်တွေ လည်း ရှိပါတယ်” ဟု ပြောသည်။

ပန်းချီပြပွဲကို The Givers ဟုအမည် ပေးထားပြီးတခြားရည်ရွယ်ချက်များကို လည်း သူက ယခုကဲ့သို့ ပြောသည်။

“ ပန်းချီပြပွဲ လုပ်ဆောင်ရတဲ့ တခြား ရည်ရွယ်ချက်ကတော့ မုန်တိုင်းသင့် ပြည်သူ တွေရဲ့ ဘဝကို အများ ပြည်သူတွေကို သိစေချင်တယ်။ ဒါကြောင့် ကျနော်တို့ ပန်းချီပညာနဲ့ မုန်းတိုင်း ပီးသွားပြီးတဲ့ နောက်ပိုင်းမှာ အခုလက်ရှိ မြင်နေရတဲ့ ပြည်သူတွေရဲ့ ဘဝ ပုံရိပ်တွေကို သရုပ်ဖေါ်ရေးထားတဲ့ ပန်းချီကားတွေ ရေးဆွဲပြီး ပြသွားမှာ ဖြစ်ပါတယ်။ အဲသလို ရေးဆွဲထား ပန်းချီကားတွေကို မြင်ရတော့ မုန်တိုင်းသင့် ပြည်သူတွေရဲ့ ကြံုတွေ့ နေရတဲ့ အခက်အခဲတွေကို အများပြည်သူ သိနိင် မြင်နိင်ပါတယ်” ဟု သူက ဆက်ပြောသည်။

ပန်းချီ ပြပွဲကို ဧပြီလ ၂၅ မှ ၂၉ ရက်နေ့ ထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြသသွားမည် ဖြစ်ကြောင်းနှင့် ယဉ်ကျေးမူ ၀န်ကြီး ဌာန ပန်းချီပြခန်း ( ပန်းချီ ကျောင်းဟောင်း ) အမှတ် (၈) ၊ ကိုယ်မင်း ကိုယ်ချင်း လမ်း၊ ဗဟန်းမြို့နယ် ရန်ကုန်မှာ ကျင်းပ ပြုမည် ဖြစ်ကြောင်း သိရသည်။

ပန်းချီကားများကို ရခိုင် ပန်းချီဆရာများသာမက တခြား ၀ါသနာတူ ပန်းချီ အနုပညာရှင်မျာပါစုပေါင်းရေးဆွဲ ကြမည် ဖြစ်ပြီး ပန်းချီပြပွဲကိုလည်း စုပေါင်း လုပ်ဆောင်ကြခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြီး ပါ၀င် ပြသမည့် ပန်းချီကားများကို လက်ခံနေပြီး ပန်းချီကား အရည် အတွက်ကို ကန့်သတ်မူ မထားဘဲ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week