တရုတ်နယ်စပ်မှ မြန်မာဘက် တရားမဝင်တင် သွင်းသည့် ဆိုင်ကယ်များအား မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် နကသ ၀န်ထမ်းများက ဖမ်း ဆီးပြီး အထက်ဋ္ဌာနသို့ အပ်နှံရာတွင်အဆင့်ဆင့် စာရင်းလိမ် တင်ပြနေသဖြင့် ၀န်ထမ်းများအကြား ပြဿနာ တက်နေကြောင်း သိရသည်။
ယခုလ ၁၄ ရက်နေ့က မူစယ် ၁၀၅ မိုင်အနီး တာလုံနှင့်မော့တောင်းရွာ အကြား၌ ဆိုင်ကယ် ၄ စီး ဖမ်းဆီးခဲ့ရာ ဖမ်းဆီးရေးအဖွဲ့မှ တစ်စီးနှင့် ၁၀၅ မိုင် နကသမှ ၂ စီး စာရင်းဖျောက်ထားပြီး မူစယ်ခရိုင် နကသရုံးသို့တစ်စီး သာသွားရောက်အပ်နှံကြောင်း ဆိုင်ကယ်အဖမ်းခံရသူနှင့် နီးစပ် သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။
၄င်းဆိုင်ကယ်များ ပြန်ရရေး ကြိုးပမ်းရာမှ ယခုဖြစ်ရပ်ပေါ်ပေါက်ခဲ့ပြီး ဆိုင်ကယ် စာရင်းဖျောက်ရာတွင် ပါ၀င်သည့် ၀န်ထမ်းများအား စစ်ဆေးမှု ပြုလုပ်နေကြောင်း သူကဆိုသည်။
“၁၄ရက်နေ့ နေ့လည် ၃နာရီခွဲဲ လောက်မှာ တာလုံနဲ့မော့တောင်းကြားမှာ ဖမ်းမိတာ ၄ စီးပေါ့ ဖမ်းတဲ့ အဖွဲ့က ၁၀၅ မိုင်မှာ ၃ စီးပဲ သွားအပ်တာ ၁၀၅ မိုင်က မူစယ်မှာ တစ်စီးပဲပြန်သွားအပ်တယ်၊ပိုင်ရှင်က ရွာဥက္ကဋ္ဌ တွေခေါ်ပြီးမှ ဆိုင်ကယ်တွေ ပြန် တောင်းတာပေါ့ မူစယ်ရုံးက ဘာဖြစ်လို့ ဆိုင်ကယ် တစ်စီးပဲ အပ်တာလဲဆိုပြီး ပြန်မေးနေတာ” - ဟု သူက ဆိုသည်။
ဆိုင်ကယ်ဖမ်းဆီးရေးအဖွဲ့တွင် ဦးတင်လှဦးဆောင်သည့် နကသအဖွဲ့ဝင် ၅ ယောက်ခန့်ပါဝင်ပြီး၎င်း ဝန်ထမ်း များကို မူစယ်နကသရုံးမှ မေးမြန်း စစ်ဆေးခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။
“မပြီးသေးဘူး နောက် ၂ ရက် လောက်မှ ပြန်လာခဲ့ဆိုပြီး အဲလို ပြောတယ်လေ၊ သူတို့က ဒီဆိုင်ကယ်တွေ ဘာကြောင့် ပျောက်သွားတယ်ဆို တာ ပြန်စစ်ဆေးနေတယ်၊ ဆိုင်ကယ်ဖမ်းတဲ့ အဖွဲ့ရော ၁၀၅ မိုင်က နကသတွေရော ပြန်စစ်ဆေးရမှာပေါ့ ” ဟု ဆိုသည်။