အမေရိကန်-တရုတ်၊ ဗမာနှင့်ထိုင်း လေတပ်

အမေရိကန်-တရုတ်၊ ဗမာနှင့်ထိုင်း လေတပ်
by -
ဘိုုဘိုုကျော်ငြိမ်း

ကမ္ဘာမှာ ၅ ဆက်မြောက် စစ်လေယာဉ် 5th generation fighter ခေတ် ရောက်လာပါပြီ။ လောလောဆယ် အမေရိကန်ထုတ် F22 (Falcon) ပဲ စစ်မှုထမ်းနိုင်တဲ့ အဆင့်၊ ထုတ်လုပ်နိုင်တဲ့ အဆင့် ရှိပါတယ်။

ကမ္ဘာမှာ ၅ ဆက်မြောက် စစ်လေယာဉ် 5th generation fighter ခေတ် ရောက်လာပါပြီ။ လောလောဆယ် အမေရိကန်ထုတ် F22 (Falcon) ပဲ စစ်မှုထမ်းနိုင်တဲ့ အဆင့်၊ ထုတ်လုပ်နိုင်တဲ့ အဆင့် ရှိပါတယ်။ အမေရိကန် F35 နဲ့ ရုရှား (အိန္ဒိယ) တို့ ပူးပေါင်း ထုတ်လုပ်တဲ့ စူကွိုင်ယား တီ ၅ဝ Sukhoi T50 တို့ဟာ စမ်းသပ်မှု အဆင့်ပဲ ရှိပါသေးတယ်။ ထူးထူးခြားခြား စစ်လေယာဉ် ထုတ်လုပ်မှုမှာ ၁ဝ နှစ်ထက်မနည်း နောက်ကျနေသေးတဲ့ တရုတ်က ၂ဝ၁ဝ အကုန်လောက်မှာ ဂျေ ၂ဝ (J20) ပျံသန်းမှုကို အင်တာနက်ကတဆင့် ပျံ့နှံ့ခဲ့ရာ ကမ္ဘာမှာ ယောက်ယက်ခတ်ခဲ့ပါတယ်။
 
ကနေ့သတင်းတွေမှာ လူတွေ စိတ်ဝင်စားမှု များနေတဲ့ လစ်ဗျားနိုင်ငံမှာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ အနောက်နိုင်ငံ စစ်အင်အားတို့ ဖြည့်ဆည်းပေးထားတဲ့ လေယာဉ်မပျံရ No Fly Zone အမိန့်ကြောင့် လေတပ်ရဲ့ စွမ်းဆောင်နိုင်ချက် - အထူးသဖြင့် အမေရိကန် လေတပ်ရဲ့ စွမ်းအားနဲ့ အင်အားကို သိလိုကြလိမ့်မယ်လို့ ထင်မြင်မိတာကြောင့် ဒီဆောင်းပါးကို ရေးမိခြင်းပါ။
 
အမေရိကန်လေတပ်ဟာ စဖွဲ့ဖွဲ့ချင်း ကြည်းတပ်မတော်အောက်မှာ တည်ရှိပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ နိုင်ငံတော် လုံခြံုရေး အက်ဥပဒေအရ ၁၉၄၇ စက်တင်ဘာ ၁၈ မှာ အမေရိကန် တပ်မတော်ရဲ့ သီးခြား အစိတ်အပိုင်းတခု ဖြစ်လာရပါတယ်။
 
အမေရိကန် ရေတပ်မတော်မှာ လေယာဉ်တင်သင်္ဘော ၁၂ စင်းရှိပြီး၊ ရေတပ်ရဲ့ လေတပ်အင်အားဟာ နိုင်ငံအများရဲ့ လေတပ်အင်အားထက် ပိုကြီးမားတာကြောင့် အမေရိကန်လေတပ်ရဲ့ အခန်းကဏ္ဍနဲ့ အင်အားကို နားလည်မှားစရာ ရှိပါတယ်။ ဘယ်လေတပ်မဆို လေတပ်ရဲ့ အဓိက အားနည်းချက်က စစ်ဖြစ်ပွားရာ ဒေသနဲ့ အလှမ်းမီတဲ့ နေရာမှာ လေယာဉ်ကွင်း ရှိဖို့နဲ့ မိမိ လေယာဉ်တွေ အသုံးပြုနိုင်ဖို့ လိုပါတယ်။
 
ဒါကြောင့် ကမ္ဘာကြီးရဲ့ ဘယ်အရပ်မှာပဲဖြစ်ဖြစ် ပြဿနာဖြစ်ခဲ့ရင် အဆင်သင့်ရှိနေစေဖို့ အမေရိကန်လို စူပါပါဝါ နိုင်ငံကြီးတွေဟာ လေယာဉ်တင်သဘောင်္တွေ တည်ဆောက်ပြီး၊ ကမ္ဘာတဝှန်း ကင်းလှည့်စေခိုင်းကြရပါတယ်။ ဒါ့ကြောင့် ပင်လယ်ပြာ ရေတပ်လို့ ခေါ်ကြခြင်းပါ။ ဒါပေမဲ့ စစ်အင်အား အနည်းငယ်သာရှိတဲ့လေတပ်တွေမှာ တောင် လေယာဉ်ကာကွယ်ရေး တပ်ဖွဲ့ဆိုတာ ရှိကြလို့ မြေပြင်ကနေ လေဟင်ပစ် ဒုံးပျံတွေ ရှိတတ်ကြပါတယ်။ ဒါကြောင့် စစ်ပွဲမစခင် ဒီဒုံးပျံတွေကို နှိမ်နှင်းဖျက်ဆီးနိုင်ရေးဟာ လေတပ်ရဲ့ ပထမဦးဆုံး တာဝန်ဖြစ်ပါတယ်။
 
လေတပ်မှာ ရေဒါမမြင်နိုင်တဲ့၊ အဓိကကျတဲ့ လေယာဉ် ၂ မျိုး ရှိပါတယ်။ အဝေးပြေး ဗုံးကြဲလေယာဉ် ဘီတူး (B2) နဲ့ အက်ဖ် ၁၁၇ (F117) လို့ အမည်တွင်တဲ့ ဗုံးကြဲတိုက် လေယာဉ်တွေ ဖြစ်ပါတယ်။ ရေဒါဆိုတာက ရေဒီယိုလှိုင်းတွေ လွှင့်ထုတ်တယ်၊ အဲဒီရေဒီယိုလှိုင်းတွေက လေယာဉ်နဲ့ ထိတွေ့ပြီး  ပြန်လည်ရိုက်ခတ်လာတဲ့ လှိုင်းတွေကို ဖတ်ကြားပုံဖော်တာပါ။ ဒါကြောင့် လွှင့်ထုတ်လိုက်တဲ့ လှိုင်းတွေ မပြန်ဘဲ တခြားဖက်ဆီ ဦးတည်ပြန့်လွင့်ရင်ဖြစ်ဖြစ်၊ လှိုင်းတွေကို စုပ်ယူနိုင်တဲ့ ဝတ္ထုတွေနဲ့ လေယာဉ်ကို တည်ဆောက်ထားရင်ဖြစ်ဖြစ် အပြန်လှိုင်း မရှိလို့ကတော့ ပြန်လည်ပုံဖော်စရာ မရှိ၊ ရန်သူ့လေယာဉ် မိမိလေပိုင်နက်ထဲ ရှိမှန်းပင်မသိလိုက် ရပါ။
 
မြေပြင်ကနေ လေဟင်ပစ ်ဒုံးပျံတပ်ဖွဲ့တွေကို ရေဒါတပ်ဖွဲ့တွေက သတိပေးမှ ဒုံးပျံပါ ရေဒါတွေက ရန်သူ့လေယာဉ်တွေကို ရေဒါနဲ့ ဖမ်းယူတွက်ချက် ပစ်ချနိုင်ပါမယ်။ လေကြောင်း အသာရမှု ရဖို့အတွက် ရေဒါစခန်းတွေ၊ မြေပြင်ကနေ လေဟင်ပစ် ဒုံးပျံတပ်ဖွဲ့တွေနဲ့ Command and Control လို့ ခေါ်တဲ့ စစ်အမိန့်ပေး ဌာနချုပ်တွေကို အရင် ဖျက်ဆီးပစ်မှ လေကြောင်း အသာရရှိနိုင်ပါတယ်။ ဒါကြောင့် အီရတ်စစ်ပွဲ ၂ ခုစလုံးမှာ ရေဒါမမြင်နိုင်တဲ့ Stealth လေယာဉ်တွေက အထက်ဖော်ပြပါ ပစ်မှတ်တွေကို အရင်ဆုံး ဖျက်ဆီးခဲ့ပါတယ်။
 
ဘီတူး ဗုံးကြဲ လေယာဉ်တွေဟာ တည်ဆောက်ခနဲ့ ထိန်းသိန်းခ စျေးကြီးလွန်းတာကြောင့် အမေရိကန် နိုင်ငံတောင် လေယာဉ်အုပ်စု တစုသာ ထိန်းသိမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဘီတူးလေယာဉ်ဟာ လေထဲမှာ ဓာတ်ဆီ တခါထဲ့ရုံနဲ့ တကမ္ဘာလုံးကို ပျံသန်းနိုင်ပါတယ်။ ဒါကြောင့် လေထဲမှာ ဓာတ်ဆီ ထည့်နိုင်တဲ့ စွမ်းရည်ဟာ အရေးပါလာပါတယ်။ အီရတ်စစ် ၂ ခုအပြီးနဲ့ ကုလသမဂ္ဂ အမိန့်နဲ့ ဆဒမ်ကြီးကို လေယာဉ်မပျံရ အမိန့် ၁၂ နှစ်ကြာအောင် ကြပ်မတ်ခဲ့ကြရာ အရှေ့အလယ်ပိုင်းဒေသမှာ F117 တိုက်လေယာဉ်တွေ ရှိနေကြပြီး ဖြစ်ပါတယ်။
 
အဲဒီလို မိမိလေယာဉ်တွေကို ပစ်ချနိုင်တဲ့ စွမ်းရည်မျိုး ရန်သူ့မှာ မရှိတော့မှ ဗုံးကြဲတိုက်လေယာဉ်တွေက ပစ်မှတ်တွေကို လွတ်လွတ်လပ်လပ် ဖျက်ဆီးနိုင်ပါတယ်။ ရေတပ်မှ လေယာဉ်တွေဟာဗုံးကြဲတိုက်လေယာဉ် တွေ ဖြစ်ပါတယ်။ အမေရိကန် အင်အားပြဖို့ လေယာဉ်တင်သင်္ဘောကို ချက်ချင်း စေလွှတ်နိုင်ပေမယ့် အဓိကကျတဲ့ ပစ်မှတ်တွေကို အဦးဆုံး ဖျက်ဆီးနိုင်အောင် လေတပ်ရဲ့ စွမ်းအား လိုအပ်လာပါတယ်။
 
ဒုတိယ ကမ္ဘာစစ်ကတည်းက လေယာဉ်အချင်းချင်း ပစ်ချတဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်လေယာဉ်ဆိုပြီး ရှိပါတယ်။ ကနေ့ခေတ်မှာ ဗုံးကြဲတိုက်လေယာဉ်ကို အမျိုးမျိုးသုံး တိုက်လေယာဉ် Multi-purpose တိုက်လေယာဉ်လို့ ခေါ်ပါတယ်။ လက်ရှိ ၅ ဆက်မြောက် 5th generation တိုက်လေယာဉ်တွေမှာ ပထမဦးဆုံး ပျံသန်းနိုင်တဲ့ F22 Falcon လေယာဉ်ဟာ တိုက်လေယာဉ်သက်သက် fighter / interceptor ဖြစ်ပါတယ်။ ဒီဇိုင်း ဆွဲကတည်းက တခြားလေယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိအောင် တီထွင်ခဲ့ခြင်းပါ။ ဥပမာ ရိုးရိုး လူစီးကားဟာ ပေါ်ရှာလို ပြိုင်ကား (Sports ကား) ကို မမီသလိုမျိုး ဖြစ်ပါတယ်။
 
ဗီယက်နမ်စစ်အထိနဲ့ စစ်ပြီးကာလတွေအထိ စစ်လေယာဉ်အချင်းချင်း တိုက်ခိုက်မှု ရှိကြပါသေးတယ်။ အခု ၅ ဆက်မြောက် လေယာဉ်ခေတ်မှာတော့ မြင့်မြင့်နဲ့ မြန်မြန် ပျံနိုင်ရုံမက ရန်သူက မိမိကို မမြင်နိုင်ခင် မိမိက အရင်ဦးအောင် မြင်နိုင်လို့ ဒုံးပျံနဲ့ ချိန်နိုင်၊ ပစ်ချနိုင်တဲ့ ခေတ်ကို ရောက်လာပါပြီ။ ဒါကြောင့် လေယာဉ်ရဲ့ စွမ်းအားသာမက လျှပ်စစ်ကိရိယာနဲ့ ရေဒါ စွမ်းအားပါ မြင့်မားဖို့ လိုအပ်လာပါတယ်။
 
အခုမှမဟုတ် ရှေးကတည်းက လေကြောင်းတိုက်ပွဲဆိုတာ မိမိလေယာဉ်တွေဘဲ မဟုတ်၊ မြေပြင်ကနေ ရေဒါသမားက ရန်သူလေယာဉ်တွေကို ရှာဖွေကြည့်ရှု သတိပေးကြရပါတယ်။ ခေတ်ပညာတွေတိုးတက် လာတာနဲ့အမျှ ရန်သူ့ရေဒါတွေ အလုပ်မလုပ်အောင် (သို့) ရှုပ်ထွေးစေအောင် ပြုလုပ်မှု Radar Jamming ၊ ရေဒါဖျက်ဆီးမှုတွေပါ ပါဝင်လာပါတယ်။ ဒါကြောင့် ရေဒါတွေနဲ့ ရေဒါဖျက်ဆီးမှု ကိရိယာတွေ တပ်ဆင်ထားတဲ့ လေယာဉ်ကိုပါ တီထွင်လာတာကြောင့် တိုက်လေယာဉ်တွေနဲ့အတူ ပျံသန်းပြီး နောက်တန်းမှ ကြိုတင် သတိပေးစနစ်အဖြစ် ပါဝင်တိုက်ပွဲဝင်လာနိုင်ကြပေပြီ။ အခုခေတ်မှာ ဘိုရင်း ရ၆၇ ဘော်ဒီပေါ်မှာ လျှပ်စစ် ပစ္စည်းတွေ တင်ပြီး ပျံသန်းကြပါတယ်။ အခုလို ကြိုတင်သတိပေး လေယာဉ်ကို AWAC (အေဝက်) လို့ ခေါ်ပြီး၊ မိုင် ၂၄ဝ ဝန်းကျင်အထိ ထိရောက်နိုင်ပါတယ်။ ဒီလေယာဉ်တွေဟာ ခံစစ်အတွက်သာမဟုတ်၊တိုက်လေယာဉ် တွေရဲ့ ပစ်မှတ်တွေကိုပါ ထိန်းကြောင်းပေးနိုင်တာကြောင့် တိုက်စစ်အတွက်ပါ အသုံးဝင်ပါတယ်။
 
ဒါကြောင့် ခေတ်ပေါ် လေကြောင်းစစ်ပွဲတွေမှာ ဗုံးကြဲတိုက်လေယာဉ်တွေက ရှေ့က သွားပြီး၊ လိုအပ်ပါက နောက်မှ တိုက်လေယာဉ်တွေက စောင့်ရှောက်ပေးတယ်၊ နောက်မှ AWAC လေယာဉ်တွေကထိန်းကြောင်း ပေးတယ်။ ရေတပ် AWAC တွေကတော့ လေယာဉ်တင် သင်္ဘောအပေါ် ဆင်းနိုင်တက်နိုင်အောင် လိုတာကြောင့် ပိုသေးပြီး ထိရောက်မှုနယ်ပယ် ပိုကျဉ်းပါတယ်။
 
အမေရိကန် လေတပ်မှာ ကြာပြီဖြစ်သော်လည်း တင့်ကားတွေကို ဖျက်ဆီးရာမှာ လွန်စွာ ထိရောက်တဲ့ A10 ဆိုတဲ့ လေယာဉ်တွေလည်း ရှိပါသေးတယ်။
 
အမေရိကန် လေတပ်မှာ ဘီတူးအပြင် ဘီဝမ်းနဲ့ ဘီ ၅၂ လို့ ခေါ်တဲ့ စက် ၈ လုံးတပ် ဗုံးကြဲ လေယာဉ်ကြီးတွေ ရှိပါသေးတယ်။ ဘီ ၅၂ ဗုံးကြဲလေယာဉ်တွေဟာ လေတပ်ရဲ့ အသုံးအဝင်ဆုံး ဗုံးကြဲ လေယာဉ်လို့ဆိုနိုင်ပါ တယ်။ ၁၉၅၈ ခုနှစ်ကတည်းက စစ်မှုထမ်းခဲ့ရာမှာ ၂ဝ၄ဝ ပြည့်နှစ်မှ ရုပ်သိမ်းဖို့ အစီအစဉ် ရှိပါတယ်။ ဗီယက်နမ်စစ်က ကော်ဇော ဗုံးကြဲမှု Carpet Bombing လို့ ခေါ်တဲ့ နေရာလပ်မရှိအောင် ဗုံးကြဲနိုင်ပြီး၊ အမြင့်ကြီး ပျံနိုင်စွမ်းရှိတာကြောင့် တော်ရုံတန်ရုံ ပြေမြင်ကနေ ဒုံးပျံတွေ အလှမ်းမမီနိုင်ပါ။ အာဖဂန်မှာ ဘင်လာဒင်တို့ တိုရာဘိုရာ တောင်တန်းမှာ ပိတ်မိနေစဉ် ဘီ ၅၂ တွေက ဗုံးမိုး ရွာချနိုင်ခဲ့ပါတယ်။ ဘီ ၅၂ လေယာဉ် အုပ်စုကို အင်္ဂလိပ်အပိုင် အိန္ဒိယ သမုဒ္ဒရာထဲရှိ ဒီဂိုဂါးစီးရား ကျွန်းမှာ အခြေစိုက်ထားရာ၊ အာဖဂန်စစ်မှာ ကနေ့အထိ တိုက်ပွဲဝင်နေဆဲပါ။ ဘီ ၅၂ ဗုံးကြဲလေယာာဉ်ကြီးတွေမှာ ကိုယ်ထည်ကသာ အရင်ဒီဇိုင်း ကျန်တော့တယ်၊ လျှပ်စစ်နဲ့ စစ်လက်နက် အားလုံးကတော့ ခေတ်မီလက်နက်တွေပါ။စစ်အေးတိုက် ပွဲကာလမှာ ဘီ ၅၂ တွေဟာ အလွန်ထိရောက်တဲ့၊ အနုမြူဗုံး သယ်ဆောင်နိုင်တဲ့ ဗုံးကြဲလေယာဉ် ဖြစ်ခဲ့ပါတယ်။
 
ကနေ့ခေတ်မှာ ဝေဟင်ထက် ဓာတ်ဆီထည့်နိုင်မှ လေယာဉ်တွေ ဝေးဝေးပျံပြီး၊ တိုက်ပွဲဝင်နိုင်မှာဖြစ်လို့ ဒီအခန်းကဏ္ဍဟာလည်း လေတပ်မှာ အရေးပါလာပါတယ်။ အဲဒီနည်းတူစွာ Airlift Command ဆိုတဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေးတပ်ဖွဲ့ လေအုပ်စုဟာလည်း အရေးပါလှပါတယ်။ ဘယ်စစ်တပ်မဆို စစ်ပွဲဖြစ်တာနဲ့ လက်နက်နဲ့ စစ်ပစ္စည်း ထောက်ပံ့ရေး logistic ဟာ အရေးပါလာရပါတယ်။ အမေရိကန် လေတပ် သယ်ယူပို့ဆောင်ရေး အုပ်စုဟာ တကမ္ဘာလုံးဆီ စစ်ပစ္စည်းနဲ့ စစ်လက်နက်တွေကိုအရောက်ပို့ပေး နိုင်စွမ်း ရှိပါတယ်။ စီ ၅ လို့ ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးဟာ တင့်ကားတွေ၊ ကားတွေကိုတောင် တင်နိုင်ရုံမက ရဟတ်ယာဉ်တွေကိုပါ သယ်ဆောင်နိုင်ပါတယ်။ စစ်မြေပြင်မှာ တပ်မအလိုက် တင့်ကားတွေပါ ရွှေ့ရမယ်ဆိုရင် ဒီဧရာမ လေယာဉ်ကြီးတွေဟာ မရှိမဖြစ်ပါပဲ။ ဒါ့အပြင် အမေရိကန် လေတပ်မှာ ဘိုရင်း စီ ၁၇ လို လေယာဉ်ကြီးတွေနဲ့ တခြား သယ်ယူပို့ဆောင်ရေး လေယာဉ်ပေါင်းစုံ ရှိပါသေးတယ်။
 
အာဖဂန်စစ်ပွဲကို နေတိုးက ဦးဆောင်တာဝန်ယူရတဲ့အခါ ဂျာမဏီ စစ်တပ်မှာ အမေရိကန်လို Airlift Command မပြည့်စုံလို့ ဆိုဗီယက် အရပ်သားကုမ္ပဏီကို ငှားသုံးရပါတယ်။ အမေရိကန်လေတပ်ပြီးရင်စစ်အေးပြိုင်ဆိုင်မှု ကြောင့် ဆိုဗီယက်လေတပ်ပဲ သယ်ယူပို့ဆောင်ရေး လေယာဉ်အကြီးစားတွေ ရှိပါတယ်။
 
အမေရိကန်လေတပ်ရဲ့ အထိရောက်ဆုံး တီထွင်မှုတခုကတော့ အေစီ ၁၃ဝ လို့ ခေါ်တဲ့ လေယာဉ်ပါ။ အမေရိကန်လေတပ်ရဲ့ ခေါ်ဝေါ်မှု စနစ်အရ (အေ) ဆိုတာက ဝေဟင်ကနေ မြေပြင်ဆီ ထောက်ပံ့မှုကို ဆိုလိုပါတယ်။ (စီ) ဆိုတာက သယ်ယူပို့ဆောင်ရေး လေယာဉ်၊ စီ ၁၃ဝ ဆိုတာက တကယ်တော့ သိပ်မကြီး သိပ်မသေးလှတဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်ပါ။ စစ်တပ်အခေါ်အဝေါ်အရ Gunship ဆိုတာနဲ့ ဘလက်ဟော့ခ် Blackhawk ၊  အပါချီ Apache တို့လို ဆိုဗီယက်လုပ် အမ်အိုင် ၂၄ ဟိုင်း (Mi24 Hind) တို့လို သေနတ်ပေါင်းစုံ တင်ထားတဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို မျက်စိထဲ မြင်မိကြမှာပါ။ ဂန်းရှစ် ဆိုတာက သေနတ်ပေါင်းစုံ တင်ထားတဲ့ ဝေဟင်ကနေ မြေပြင်ပစ် လေယာဉ်။ တိုက်လေယဉ်နဲ့ ကွာတာကတိုက်လေယဉ် ဆိုတာက ရှေ့က ပစ်မှတ်ကိုပဲ တိုက်ခိုက်ဗုံးကြဲပြီး ပြန်ထောင်တက်၊ တခါပြန်လှည့် ဗုံးကြဲပေါ့။ ဂန်းရှစ်ကတော့ လေပေါ်မှာ ပျံဝဲ အဘက်ဘက်ကို လှည့်ပြီး တရစပ် စက်သေနတ်နဲ့ ဆွဲမွှေ့နိုင်တယ်။ ဒါကြောင့် ဂန်းရှစ်ဆိုရင် ရဟတ်ယာဉ်နဲ့ ဆက်နွယ်နေတာပါ။ ဒီဂန်းရှစ်တွေက မြေပြင်အထောက်အကူ သက်သက်ဖြစ်တာကြောင့် ကြည်းတပ်ဖွဲ့တွေ အောက််မှာ တိုက်ရိုက်ထားပါတယ်။
 
စီ ၁၃ဝ လို သိပ်မကြီး၊ သိပ်မသေးတဲ့ သယ်ယူပို့ဆောင်ရေး လေယာဉ်ကို ဘေးတဖက်တချက်မှာ စက်သေနတ်တွေ တင်၊ ပတ်ဝန်းကျင်မှာ ဘာရှိလဲဆိုတာ သိနိုင်စွမ်းရှိတဲ့ အာရုံုခံ sensor တွေ တပ်၊ ညအမှောင်ထဲမှာ မြင်နိုင်တဲ့ အနီအောက်ရောင်ခြည်အာရုံုခံ Infrared sensors တွေ ဖြည့်ရုံမက ၁ဝ၅ မီီလီမီတာ ဟောင်ဝီဇာ အမြောက်ကြီးပါ တင်ပြီး ဝေဟင်ကနေ လှမ်းထုတော့ အေစီ ၁၃ဝ ဂန်းရှစ်ဟာ ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ဂန်းရှစ်ဖြစ်လာတာပေါ့။ လေယာဉ်ဘော်ဒီကို သံချပ်ကာဖြစ်အောင် ဖြည့်စွက်လိုက်တော့ ရန်သူကို လေပေါ်ကနေ တရဟော နှိပ်ကွပ်နိုင်ရုံမက ရန်သူ့နယ်မြေကို ညအမှောင်ထဲမှာ ဝင်/ထွက်နိုင်တာကြောင့် Special Operation လို့ခေါ်တဲ့ ကွန်မန်ဒိုလို အထူးတပ်တွေရဲ့ သည်းခြေကြိုက် ဂန်းရှစ် လာဖြစ်တာပေါ့။ A/H/U အေ-အိတ်ချ်-ယူ ဆိုပြီး မျိုးကွဲ အမျိုးမျိုး ရှိပြန်တယ်။ လက်ရှိ အာဖဂန် စစ်ပွဲမှာတောင် ဒီလေယာဉ် အကူရဖို့ မြေပြင်က စစ်ဗိုလ်တွေဟာ အလုအယက် တောင်းဆိုကြရတယ်။ အမေရိကန်လို လေတပ်မှာတောင် ပိုပိုလျံလျံ မရှိပါဘူး။
 
အခုခေတ်မှာ တဟုန်ထိုး လူကြိုက်များ အသုံးတည့်လာတာကတော့ မောင်းသူမဲ့ လေယာဉ်တွေပါ။ ယူအေဗီ (UAV - Unmanned Aerial Vehicle) လို့ ခေါ်ကြပါတယ်။ လေယာဉ်တွေ ပေါ်ခါစက ကောင်းကင်ကနေ သတင်းစုံစမ်းဖို့၊ ဝေဟင်ကနေ ဓာတ်ပုံရိုက်ဖို့ သုံးရာကနေ မိုးပေါ်က ဗုံးကြဲချနိုင်တယ်၊ စက်သေနတ်တပ် ပစ်နိုင်တယ်လည်း သိကြရော ထောက်လှမ်းရေး လေယာဉ်ကနေ စစ်လေယာဉ်တွေ ဖြစ်ကုန်ကြရတယ်။ ထိုနည်းတူစွာပဲ ယူအေဗီတွေဟာ ပထမတော့ ကလေးကစားစရာသာသာ ဗီဒီယိုကင်မရာ တပ်ထားတဲ့ လေယာဉ် အသေးစားပါပဲ။ ယူအေဗီတွေရဲ့ အားသာချက်က လေပေါ်မှာ နာရီပေါင်းများစွာ ပြန်ဝဲနိုင်တယ်။ လေယာဉ်မှူး မပါတဲ့အတွက် အန္တရာယ် နည်းတယ်၊ ပေးဆပ်ရမှု နည်းတယ်။
 
အစကတော့ ဘင်လာဒင်တို့ကို လေပေါ်ကနေ စောင့်ကြည့်ဖို့ သုံးတာပါ။ နောက် ရန်သူကို အောက်တည့်တည့်မှာ တွေ့နေရပြီ၊ ဘာလုပ်မလဲဆိုတဲ့ မေးခွန်းပေါ်လာတော့ စစ်သားအတွေးနဲ့တွေးရင် သုတ်သင်ပစ်ရမှာပေါ့။ ဒါကြောင့် sidewinder လို့ခေါ်တဲ့ မြေပြင်ပစ် ဒုံးပျံတပ်ပေးလိုက်တော့ ယူအေဗီတွေဟာ ထိရောက်တဲ့ လက်နက် ဖြစ်လာရတယ်။ ဒါကြောင့် ပိုကြီးတဲ့ ယူအေဗီတွေ ပေါ်လာရပြီ။ Global Hawk ဂလိုဖယ်ဟော့က် လို့ အမည်ပေးထားတဲ့ ယူအေဗီဆိုရင် လေယာဉ်တွေလောက် ကြီးတာပဲ။ ရေတပ်က စမ်းသပ်နေတဲ့ X-47B ဆိုရင် လေယာဉ်တင်သင်္ဘောမှာ အဆင်းအတက် လုပ်နိုင်ပြီး လေထဲမှာပါဓာတ်ဆီဖြည့် နိုင်မယ်တဲ့။ ယူအေဗီတွေရဲ့ အားသာချက် နောက်တခုက လေယာဉ်က ကမ္ဘာကြီးရဲ့တဖက်ခြမ်း မှာ၊ လေယာဉ်မောင်းသူက သက်တောင့်သက်သာ လေအေးအခန်းထဲမှာ ဇိမ်နဲ့ မောင်းနိုင်တယ်။ ညနေ ကလေးတွေကို ကျောင်းကြိုပြီး အိမ်ပြန်လို့ ရတယ်။ မိသားစုနဲ့ ခွဲစရာ မလိုတော့ဘူး။
 
လက်ရှိ ဘင်လာဒင်တို့ အကြောက်ဆုံးနဲ့ အထိရောက်ဆုံးက ဒီ ယူအေဗီတွေပဲ။ မမြင်ရတဲ့ ကောင်းကင်ကနေ အချိန်ပြည့် စောင့်ကြည့်နေနိုင်တယ်။ ထွက်လာတာနဲ့ အဝေးက လှမ်းထုလိုက်တာ ဒုံးဆို အသံကြားတော့ အသက်ပျောက်နေပြီ။ မှားထုမိတာတွေလည်း ခဏခဏပါပဲ။ ဘင်တို့ကိုတော့ စီအိုင်အေက တိုက်ရိုက် ကိုင်တယ်။ တချို့ တိုက်ချင်ခိုက်ချင်စိတ် ပြင်းပြတဲ့ လေသူရဲတွေက နောင်ဆို လေယာဉ်ပေါ်မောင်းတဲ့ လေယာဉ်မှူးတွေ မလိုတော့မှာ၊ လျော့နည်းသွားမှာကို စိုးရိမ်နေကြတယ်။
 
အမေရိကန်လေတပ်အတွက် အရေးကြီးတဲ့ ကဏ္ဍတခုက အာကာသ Space ပဲ။ ဆိုဗီယက်နဲ့ ပြိုင်ရတဲ့ စစ်အေးကာလမှာ အာကာသကို စစ်ခင်းဖို့အသုံးမချရေး ဆိုတာက်ို အလေးပေးခဲ့ကြပေမယ့် တရုတ်နဲ့ ပြိုင်ရတဲ့ ဒီဘက်ခေတ်မှာတော့ အာကာသဟာလည်း စစ်ကွင်းဖြစ်ရတော့မယ်။ အမေရိကန်တွေက ရေငုပ်သင်္ဘောကနေ ဒုံးပျံနဲ့ လေဟာပြင်ရှိ ဂြိင်္ုဟ်တုကို ပစ်ချပြလိုက်တယ်။ တရုတ်ကလည်း အားကျမခံ သူ့ရဲ့ ဂြိင်္ုဟ်တုကို ပစ်ချပြပြန်တယ်။ ပြဿနာက ပျက်စီးသွားတဲ့ ဂြိင်္ုဟ်တု အပိုင်းအစတွေက မြေပြင်ပေါ် ပြန်ကျလာတာ မဟုတ်ဘူး။ လေဟာပြင်မှာ အမှိုက်အနေနဲ့ ကမ္ဘာကြီးကို ပတ်လျက်ရှိတယ်။
 
ကမ္ဘာ့ပတ်ဝန်းကျင် Environment ကို လေးစားသူတွေအဖို့ စိတ်တိုစရာ သိပ်ကောင်းတယ်။
 
ပထမနဲ့ ဒုတိယ ကမ္ဘာစစ်တုန်းက မှန်ဘီလူးနဲ့ ကြည့်ကြပြီး နောက်တန်းက ဗိုလ်ချုပ်တွေ အမိန့်ပေးကြရတာ။ အခုက ပစ်မှတ်ထိတာကို ဗီဒီယိုကတဆင့် ချက်ချင်း မြင်တွေ့ကြရတာ။ Network Centric Warfare ဆိုတဲ့ ဆက်သွယ်ရေးကို အသားပေးတဲ့ စစ်ဆင်ရေး သဘောတရားကို ၁၉၉၈ ခုနှစ်ကစပြီး အမေရိကန်တပ်မတော်က ဖော်ထုတ်ခဲ့ပြီး Command & Control လို့ ခေါ်တဲ့ ထိန်းချုပ်ခြင်းနဲ့ အမိန့်ပေးခြင်း စနစ်ဟာ အခုခေတ်မှာတော့ C4ISR လို့ ခေါ်တဲ့ ဆက်သွယ်ရေး ထောက်လှမ်းရေး ကွန်ပြူတာ အားလုံးဟာ ပေါင်းစုံလာကြတယ်။ ပစ်လိုက်တဲ့ ဗုံးတွေဟာလည်း ဂျီပီအက်စ်လို့ ခေါ်တဲ့ ဂြိုင်္ဟ်တုစနစ်က ထိန်းချုပ်ပေးတာကြောင့် ဂြိုင်္ဟ်တုတွေဟာ စစ်ရေးမှာ အရေးပါလာကြရတယ်။
 
ဒါကြောင့် ဝမ်းနည်းစရာ ကောင်းတာက စစ်ရေးဟာ အာကာသအထိ ရောက်လာရပြီ။ ဂြိုင်္ဟ်တု ဂြိုင်္ဟ်တု အချင်းချင်း ပစ်ချတဲ့အဆင့် မရောက်သေးပေမယ့် မြေပြင်ကနေ ပစ်ချဖို့နဲ့ ဂြိုင်္ဟ်တုအချင်းချင်း ပစ်တိုက်ပြီး ဖျက်ဆီးဖို့ ပြင်ဆင်နေကြပြီ။ ကမ္ဘာကြီးကို အကာအကွယ်ပေးနေတဲ့ အိုဇုန်းလွှာသာ ပိုပျက်စီးခဲ့ရင် နေက အနုမြူ ဓာတ်ရောင်ခြည်တွေ တိုက်ရိုက်ကျရောက်ပြီး လူတွေ အသေအပျောက် များလာကြလိမ့်မယ်။
 
နာဆာက စွန့်လွှတ်လိုက်တဲ့ မောင်းသူမဲ့ အာကာသယာဉ် X-37B ကို အမေရိကန်လေတပ်က လက်ဆင့်ကမ်း လက်ခံလိုက်ပြီး စမ််းသပ်မှုတွေ လုပ်နေလေရဲ့။ လေတပ်ရဲ့ အာကာသဌာနချုပ်က အိုဟာရိုးရှိ ပက်တာစင် Patterson လေတပ်စခန်းမှာ ထားပါတယ်။
 
အမေရိကန် တပ်မတော်မှာ ဘာလုပ်လုပ် ကြည်း-ရေ-လေ ၃ ခုစလုံးမှာ တပ်ဆင်နိုင်ဖို့ ကြိုးစားတယ်။ ဥပမာ အနုမြူလက်နက်တွေကို တပ်ဆင်တော့လည်း ကြည်း-ရေ-လေက သုံးနိုင်ဖို့ စီစဉ်ခဲ့ကြတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က လေဆာလက်နက် သုတေသန လုပ်ကြတော့လည်း ထိုနည်းလည်းကောင်းပါပဲ။ လေဆာ ဆိုတာက လျှပ်စစ်ကပဲ ထုတ်နိုင်တာ မဟုတ်ပါ။ ဓာတုဗေဒနည်းအရလည်း ထုတ်လုပ်နိုင်ပါတယ်။ မိမိနယ်မြေထဲ ကျူးကျော်လာတဲ့ ဒုံးပျံကို လေဆာနဲ့ ပစ်ချမယ်ပေါ့။ ပြဿနာက အရှိန်နဲ့ ဝင်လာတဲ့ ဒုံးပျံကို မှန်အောင်၊ ထိအောင် ပစ်ရတာ လွယ်တဲ့ အလုပ်တော့ မဟုတ်ပါ။ ဟာဝိုင်ယီမှာ စမ်းတာ အချက်တိုင်း ပစ်မချနိုင်ဘူး။ ကုန်းပေါ်မှာ အောင်မြင်မှ သင်္ဘောပေါ် တင်လို့ရမှာကိုး။ ဒါပေမဲ့ ဓာတုဗေဒ နည်းအရ ထုတ်လုပ်နိုင်တဲ့ လေဆာကို ဘိုရင်း ရ၄၇ ပေါ် တင်ပြီး ပစ်တာ အောင်မြင်မှုရတယ်။ အားနည်းချက်က လေယာဉ်ပျံက ဒုံးပျံမလွှတ်ခင် အနီးအနားမှာ ရှိနေရမယ်။ အဝေးပစ် ဒုံးပျံဆိုတာကလည်း ချက်ချင်း ထပစ်လို့ ရတာမဟုတ်။ ဒုံးပျံလွှတ်ဖို့ ပြင်ဆင်ရတယ်။ ဒါကြောင့် မြောက်ကိုရီးယားက အမေရိကန်ကို ပစ်ဖို့ ပြင်ဆင်တာနဲ့ လေဆာလက်နက် တပ်ဆင်ထားတဲ့ ဘိုရင်း ရ၄၇ ကို လေပေါ်တင်် လေဆာနဲ့ ပစ်ချရုံပဲ။ ဒါကြောင့် မြောက်ကိုရီးယား အနုမြူ လက်နက်လောက်တော့ အမေရိကန်လေတပ်က ပျင်းတောင် ပျင်းသေးတယ်လို့ ပြောနိုင်ပါတယ်။ မြန်မာတွေကတော့ မြောက်ကိုရီးယားကို အတုယူပြီး စိတ်ကူးယဉ် အဆင့်ပဲ ရှိပါသေးတယ်။
 
စစ်အေးတိုက်ပွဲ ကာလမှာ အမေရိကန်ကော၊ ဆိုဗီယက်တို့ကပါ MAD (Mutual Assured Destruction) ဆိုတဲ့ နင်ရော ငါပါ သေမယ်ဆိုတဲ့ မဟာဗျူဟာကို ကျင့်သုံးခဲ့ကြတယ်။ နှစ်ဖက်စလုံး စိုးရိမ်ကြတာက အလစ် အတိုက်ခံရမှာပဲ။ MAD ဆိုတာက အလစ်အတိုက်ခံရသည့်တိုင် ပြန်တိုက်နိုင်တယ်ဆိုတဲ့ ဒုတိယ တုံ့ပြန်မှုကို အာမခံပေးဖို့ပဲ။ ဒါကြောင့် အနုမြူရေငုပ်သင်္ဘောတွေဟာ ကမ္ဘာတဝှန်း ကင်းလှည့်နေကြပြီး၊ အချိန်မရွေး ပြန်တိုက်နိုင်အောင် စီစဉ်ခဲ့ကြတယ်။ ထိုနည်းတူ အမေရိကန်လေတပ်ကလည်း ဘိီ ၅၂ လေယာဉ်တွေဟာ ၂၄ နာရီ လေပေါ်မှာ ရှိနေကြပြီး၊ ဗိုလ်မှူးချုပ် ဦးစီးတဲ့ ဘိုရင်း ရဝ၇ တစီးဟာ လေပေါ်မှာ အမြဲတမ်း အဆင်သင့် ရှိနေတယ်။ တကယ်လို့ ဝါရှင်တန်မြို့တော်ကြီး ပြာကျပြီး၊ သမ္မတနဲ့ ပင်တဂွန် မရှိတော့ရင်တောင် ဆိုဗီယက်တွေကို ပြန်တိုက်နိုင်အောင် စီစဉ်ထားတာပါ။  ဥရောပဘက်နဲ့ ပစိဖိတ်ဘက်မှာ လေယာဉ်တွေကို လေပေါ်မှာ ၂၄ နာရီ တင်ထားတယ်။
 
ကြောက်စရာတော့ ကောင်းတယ်။ တယောက်ယောက်က ရူးပြီး ဗုံးကြဲလိုက်ရင် တတိယ ကမ္ဘာစစ် ဖြစ်နိုင်တယ်။ ဒါပေမဲ့ တယောက်ထဲ သဘောနဲ့ ဗုံးတွေကို မဖောက်နိုင်အောင် စီမံထားပါတယ်။ လေတပ်ရဲ့ မဟာဗျူဟာမြောက် လေတပ်ရဲ့ အုပ်ချုပ်ရေးဌနချုပ် Strategic Air Command (SAC) က အဝေးပစ် ဒုံးပျံတွေကိုလည်း တာဝန်ယူရပါတယ်။ ၁၉၉၂ နောက်ပိုင်းမှာ SAC ကို ဖျက်ပြီး၊ ကျန်တဲ့ ဌာနတွေနဲ့ရော ပစ်လိုက်ပြီ။ စစ်အေးကာလ SAC အတွက် အသုံးစရိတ် အားလုံးပေါင်း ဒေါ်လာ ဘီလျံ ၁၅ဝဝဝ ကျော်ကျော် (၁.၅ တြီလျံ) ကုန်ခဲ့ပေမယ့် အနုမြူစစ်ကို တားနိုင်ခဲ့တယ်။
 
ဒါ့အပြင် ရော်ကီတောင်တန်းအတွင်း လှိုဏ်ခေါင်းတွေဖောက်ပြီး မြောက်အမေရိကတိုက် လေကြောင်း ကာကွယ်ရေး စစ်ဌာနချုပ် NORAD ကို ထူထောင်ထားတယ်။ ကနေဒါမြောက်ဘက်ဆုံးမှာ ရေဒါတွေ တပ်ဆင်ထားတယ်။ အခုတော့ ဘင်လာဒင်တို့ သောင်းကျန်းအပြီးမှာ ဖွဲ့လိုက်တဲ့ မြောက်ပိုင်းစစ်တိုင်း အောက်မှာ NORAD ကို ထည့်လိုက်ပြီ။
 
နောက်ဆုံး လေတပ်-ရေတပ်မှာ အရေးအကြီးဆုံးက Search and Rescue လို့ ခေါ်တဲ့ လေယာဉ် ပစ်ချခံရရင် ကယ်တင်ဖို့ အထူးတပ်ဖွဲ့တွေ ရှိတယ်။ အရင်တပတ်က လစ်ဗျားမှာ F15 တစီး စက်ချို့ယွင်းပြီး ပျက်ကျတော့ ချက်ချင်း ကယ်ဆယ်ရေးတပ်ဖွဲ့တွေ ရောက်လာတယ်။ ထိုနည်းတူ စစ်လေယာဉ်မှူးတွေဟာ ပစ်ချခံရရင် ဘယ်လို အသက်ရှင်အောင် နေရမယ်ဆိုတာကို ကောင်းကောင်း လေ့ကျင့်ကြရတယ်။ ဘော့စ်နီးယား စစ်ပွဲအတွင်းက အမေရိကန်လေယာဉ် ပစ်ချခံရတယ်။ ဆာ့ဘ် Serb လူမျိုးတွေက ရုရှားတွေနဲ့အမျိုးနွယ် တယ်။ လူကြမ်းစစ်သားတွေ ဖြစ်တယ်။ Scott F O’Grady ဆိုတဲ့ လေယာဉ်မှူးဟာ ၁၉၉၅ ခုနှစ်က သူ့ရဲ့ အက်စ် ၁၆ အပစ်ချခံရတော့ ရန်သူ့နယ်မြေမှာ ၆ ရက် ပုန်းရှောင်ရင်း နောက်ဆုံး မရိန်း ကယ်ဆယ်ရေး တပ်ဖွဲ့တွေက ရန်သူ့အရှေ့မှာ ပစ်ခတ်ကြရင်း ကယ်နိုင်ခဲ့တာကြောင့် နာမည်ကျော် သူရဲကောင်း ဖြစ်ခဲ့ရတယ်။ ဒီ ၆ ရက်မှာ မိုးရေကို သောက်၊ ပုရွက်ဆိတ်လေးတွေကို စားရင်း ရှင်သန်နိုင်ခဲ့တာ လေတပ် လေ့ကျင့်ရေး ကျောင်းက သင်ပေးလိုက်လို့ပေါ့။
 
သာမန်အားဖြင့် လေယာဉ်ကပစ်တဲ့ ဗုံးတွေဟာ ပေါင် ၂ဝဝဝ ဗုံးတွေပါပဲ။ ဒါပေမဲ့ လိုအပ်လာရင် အသုံးပြုဖို့ဆိုပြီး ဧရာမဗုံးကြီးတွေ ရှိပါသေးတယ်။ ဘင်လာဒင်တို့ တိုရာဘိုရာ Tora Bora တောင်မှာ ပိတ်မိနေတော့ ဒီဧရာမဗုံးကြီးတွေကို သုံးခဲ့ကြပါတယ်။ မြောက်ကိုရီးယားက အနုမြူဗုံး စမ်းသပ်မှုတွေ တိုးတက်လုပ်လာရာ ကွန်ဂရက်က အကြီးဆုံး ဗုံးထုတ်လုပ်မှုကို အလျင်အမြန် ထုတ်နိုင်အောင် ဘတ်ဂျက်သတ်မှတ်ပေးခဲ့ပါတယ်။ ဒီဗုံးတွေမှာ မြေအောက်လှိုဏ်ခေါင်းတွေကို ဖြိုဖျက်နိုင်ဖို့ မဟုတ်ပါလား။ အကြီးဆုံး ဗုံးမှာ ပေါင် ၁၅ဝဝဝ ရှိတာကြောင့် မြို့တွေမှာ တွေ့ရတဲ့ ဘလောက်တခုစာကို အသာလေး ဖျက်ဆီးနိုင်ပါတယ်။ ဒီဗုံးမျိုးတွေကို သာမန် လေယာဉ်တွေနဲ့ မသယ်နိုင်ပါဘူး။ စီ ၁၃ဝ သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးတွေပေါ်ကနေ ကြဲချရပါတယ်။
 
မတ်လ ၂၈ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာမှာပါတဲ့ အဲရစ်မစ်တ် Eric Schmitt ရဲ့ ဆောင်းပါးမှာ ကနေ့ လစ်ဗျားမှာ အမေရိကန်လေတပ် အသေပစ်မှတ်တွေအပြင် လှုပ်ရှားနေတဲ့ ရန်သူ့ပစ်မှတ်တွေကို တိုက်ခိုက်ပုံကို ဖော်ပြထားပုံဟာ စိတ်ဝင်စားစရာ အလွန်ကောင်းပါတယ်။ ရန်သူရဲ့ ဆက်သွယ်ရေးတွေကို နားထောင်နေတဲ့ လေယာဉ်တွေက လှုပ်ရှားနေတဲ့ ရန်သူတွေကို ကြားဖြတ်စက်တွေမှာ ကြားရရင် လစ်ဗျား ကောင်းကင်ပေါ် ကင်းလှည့်နေတဲ့ မောင်းသူမဲ့ ဂလိုဖယ် ဟောက်ဆီ သတင်းပေးလိုက်ပါတယ်။ ဂလိုဖယ် ဟောက်က လှုပ်ရှားနေတဲ့ ရန်သူ့ မော်တော်ယာဉ်တွေရဲ့ မြေပြင်နေရာ အတိအကျကို မြေပြင်ထိန်းချုပ်သူဆီ ပြန်သတင်းပို့ပို့ချင်း ထိန်းချုပ်စခန်းကနေ လစ်ဗျားပစ်မှတ်တွေကို ဖော်ထုတ်ထိန်းချုပ်ပေးနေတဲ့ ထိန်းချုပ်ဌာနဆီ ချက်ချင်း သတင်းပို့လိုက်ကြပါတယ်။ ထိန်းချုပ်ဌာနက အေဝက် AWAC တွေဆီ ပစ်မိန့်ပေးလိုက်ရင် အေဝက်တွေက ရှေ့တန်း ဗုံးကြဲတိုက်လေယာဉ် အက်စ် ၁၆ တွေဆီအကြောင်းကြား လိုက်တာနဲ့ လှုပ်ရှားနေတဲ့ ကဒါဖီရဲ့ စစ်သား၊ တင့်ကားနဲ့ အကူတပ်တွေ ချေမှုန်းခံကြရပါတယ်။
 
ဒါပေမဲ့ ဒီလောက် ထိရောက်တဲ့ လေတပ်ကို အသုံးပြရရင် ကုန်ကျစရိတ်က မသေးလှပါဘူး။ လစ်ဗျားမှာ နေတိုး မဟာမိတ်တွေ ၆ ရက် ဗုံးကြဲမှုအတွက် ကုန်ကျစရိတ်ဟာ ဒေါ်လာ သန်း ၆ဝဝ ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန် နိုင်ငံရဲ့ အကျိုးကို မထိခိုက်ဘဲ ဘယ် အမေရိကန်သမ္မတကမှ အမေရိကန်စစ်သား တယောက်ရဲ့ အသက်ကို မစတေးနိုင်ပါဘူး။ လစ်ဗျားရဲ့ ဒုတိယမြို့တော် ဘင်ဇာလီမှာ သွေးချောင်းစီးလုအခြေအနေကို ရောက်မှ ပြင်သစ်နဲ့ အင်္ဂလိပ်ရဲ့ တောင်းဆိုချက်ကြောင့် အမေရိကန်တပ်တွေက ပါဝင်ဦးဆောင် ပစ်ခတ်ပေးပေမယ့် အခု နေတိုးကို တာဝန်လွှဲကာ အမေရိကန်သင်္ဘောတချို့ ဆုတ်ခွါသွားပါပြီ။ ရေရှည်စစ်ကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ လစ်ဗျားမှာ နိုင်ငံခြားတပ်တွေ ဝင်ရောက်တိုက်ခိုက်နေတာကို တီဗီပေါ် တွေ့ကြရတာ စိတ်ကြွ စိတ်ကူးယဉ်နေကြတဲ့ မြန်မာတွေကို သိစေချင်ပါတယ်။
 
အမေရိကန် လေတပ်မှာ စစ်သားဦးရေ ၃၃ဝဝဝ ကျော် ရှိပြီး၊ လေယာဉ်ပေါင်း ၅၅ဝဝ ကျော် ရှိတာကြောင့် ကမ္ဘာ့ အကြီးဆုံး လေတပ်မတော် ဖြစ်တယ်။ ရေတပ်ရဲ့ လေတပ်က ရှေ့တန်း တိုက်ခိုက်ရေးကိုပဲ ဦးစားပေးပြီး လေတပ်ကတော့ လေနဲ့ ပတ်သက်တဲ့ တာဝန်တွေကို အကုန်ယူရပါတယ်။
 
ဆက်လက်ပြီး တရုတ်တွေရဲ့ J20 နဲ့ တရုတ် လေတပ်အကြောင်း၊ မြန်မာလေတပ်နဲ့ ထိုင်းလေတပ်တို့ကို ယှဉ်ပြီး တင်ပြဆွေးနွေးပါ့မယ်။
 
စစ်တပ်ဆိုတာက ရန်သူကို လှည့်ဖို့ အမြဲစဉ်းစားနေရတာ။ တချိန်ထဲမှာ မိမိ အစိုးရဆီကဘတ်ဂျက်များများ ကျဖို့ လုပ်ရသေးတယ်။ ဒါကြောင့် အင်တာနက်ပေါ်မှာ တွေ့တိုင်း အမှန် လို့ မယူဆနိုင်တာတွေ ရှိတယ်။ ဥပမာ ဂူဂယ်မှာ မစ် ၂၉ အကြောင်း ရိုက်ကြည့်ပါ။ အိန္ဒိယ လေတပ်က မစ် ၂၉ တွေဟာ အမေရိကန် အက်(ဖ်) ၁၅ တွေနဲ့ ယှဉ်တိုက်တဲ့အခါမှာ အိန္ဒိယ စစ်လေယာဉ်မှူးတွေက အနိုင်ရကြောင်းနဲ့ အိန္ဒိယ လေယာဉ်မှူးတွေဟာ အမေရိကန် လေယာဉ်မှူးတွေထက် လေ့ကျင့်ရေး အချိန်ကို ပိုပေးကြကြောင်း ရေးထားတာ တွေ့ရပါလိမ့်မယ်။
 
ကျနော် ဘဝင်မကျခဲ့ပါ။ အကြောင်းက ရုရှားလေတပ်မတော်မှာကော၊ အိန္ဒိယ လေတပ်မတော်မှာပါ စူကွိုင်းရာ Su တိုက်လေယာဉ်တွေဟာ မီကိုရမ် MiG တွေထက် သာလွန်ကြပြီး စူကွိုင်းရာ လေယာဉ်တွေက ပထမ တန်းစား တိုက်လေယာဉ်တွေ ဖြစ်တယ်။ အမေရိကန်လေတပ်ဟာ စစ်ရည် ဝ’တယ်၊ အတွေ့အကြံု အရှိဆုံး လေတပ်ဖြစ်တယ်။ အိန္ဒိယ လေတပ်ဟာ ကမ္ဘာမှာ နာမည်မကြီးပါဘူး။ အစ္စရေး လေယာဉ်မှူးတွေလို နာမည်ရှိရင် ပြောစရာ မရှိပါ။ နောက်မှ စစ်လေယာဉ်တွေအကြောင်း ဆွေးနွေးတဲ့ ဖိုရမ်တခုမှာလေတပ် ဒုဗိုလ်မှူးကြီးဟောင်း တဦးက ဝင်ဆွေးနွေးရာမှာ ပြိုင်စဉ်က ကန့်သတ်ချက်တွေရှိကြောင်း၊ အဲဒီအချိန်တုန်းက F22 တွေကို ဘတ်ဂျက်အရ များများ မမှာဖို့ တောင်းဆိုနေကြကြောင်းနဲ့ အိန္ဒိယ လေတပ်ကိုတောင် မနိုင်နိုင်ရင် ခက်ရခြေရဲ့ ဆိုပြီး ပညာပြတာလို့ သူက ယူဆကြောင်း ဆွေးနွေးလာပါတယ်။ စစ်တပ်ဆိုတာက အခက်သားလား၊ ရန်သူကို ပြနိုင်မှ ငွေများများ တောင်းလို့ ကောင်းတာကိုး။ အခုတော့ တရုတ်တွေရဲ့ J20 က အမေရိကန် လေတပ် ဗိုလ်ချုပ်တွေအတွက် ကျေးဇူးတင်စရာပါ။
 
ပိုရှင်းသွားအောင် ဒီနေရာမှာဖြတ်ပြီး အမေရိကန်ရဲ့ တပ်မတော် ဖွဲ့စည်းပုံကို အရင်တင်ပြပါရစေ။
 
အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့ကြတဲ့ တော်လှန်ရေးသမားကြီးတွေဟာ အင်မတန်မှ အမြောအမြင် ကြီးကြပါတယ်။ စစ်သားဟာ အရပ်သားအောက် ရှိရမှာကို သိသာအောင် သမ္မတဟာ စစ်သေနာပတိချုပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ဟာ သမ္မတအာဏာစက်အောက် တည်ရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးဟာ စစ်တပ်ကို အုပ်ချုပ်ပြုစုပျိုးထောင်ပေးရသူ မှန်ပေမယ့်လည်း နိုင်ငံတော် ကာကွယ်ရေး ကိစ္စတွေကို ကိုင်တွယ်ဖို့ သမ္မတရဲ့ လုံခြံုရေးကောင်စီ ရှိပါတယ်။ သမ္မတရဲ့ အိမ်ဖြူတော်မှာ လုံခြံုရေးကောင်စီရုံး သပ်သပ်ရှိပြီး၊ သမ္မတရဲ့ လုံခြံုရေးကောင်စီ အတိုင်ပင်ခံပုဂ္ဂိုလ် ရှိပါတယ်။ အဲဒီလုံခြံုရေးကောင်စီမှာ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ တရားရေး၊ အခု ပြည်တွင်း လုံခြံုရေးဝန်ကြီးတွေ ပါဝင်ကြပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန တွေရဲ့ ပေါ်လစီ တင်ပြချက်တွေကို ဘက်မလိုက်ဘဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါ်လစီတွေကို ဖော်ထုတ်ကာ၊ သမ္မတက ရွေးချယ်နိုင်အောင် ငြိှနှိုင်းတင်ပြရခြင်းဟာ သမ္မတ လုံခြံုရေးကောင်စီ အတိုင်ပင်ခံ အရာရှိရဲ့ အဓိက တာဝန် ဖြစ်ပါတယ်။ 
 
အမေရိကန် တပ်မတော်မှာ ကြည်းတပ်-ရေတပ်-လေတပ်နဲ့ မရိန်း (ကမ်းခြေတက်တပ်) ဆိုပြီး အင်္ဂါ ၄ ပိုင်း ရှိပါတယ်။ ကြည်း-ရေ-လေမှာ စစ်ဦးစီးချုပ်တွေက ဦးစီးပြီး၊ မရိန်းကတော့ ရေတပ်နဲ့ တွဲလျက်တည်ရှိရလို့ အကြီးအကဲအဆင့် Marine Commandant ကပဲ အုပ်ချုပ်ရပါတယ်။ ရေတပ်ဦးစီးချုပ်ကိုတော့ Chief of Naval Operation လို့ ခေါ်ပါတယ်။ ဒီ စစ်ဦးစီးချုပ်တွေပါတဲ့ စစ်ဗိုလ်ချုပ်တွေအဖွဲ့ကို ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ Joint Chiefs of Staff  (JCS) လို့ ခေါ်ပါတယ်။ ဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို သမ္မတက ရွေးချယ်ပြီး၊ အထက် လွှတ်တော် (ဆီးနိတ်) က အတည်ပြုရပါတယ်။ ဒီ JCS မှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ကြည်း-ရေ-လေနဲ့ မရိန်း အကြီးအကဲတို့ ပါဝင်ပါတယ်။ JCS ဥက္ကဋ္ဌ ဟာ သမ္မတရဲ့ အမြင့်ဆုံး စစ်ဖက်ရေးရာ အကြံပေးပုဂ္ဂိုလ်ပါ။
 
မြန်မာစစ်တပ်မှာ တပ်မ၊ တပ်ရင်းအဆင့် General Staff ကို အတိုကောက် ဂျီဝမ်း G1 ၊ ဂျီတူး G2 ခေါ်သလိုမျိုး ဒီအဆင့်မြင့် အဖွဲ့မှာ တာဝန်ထမ်းဆောင်ရတဲ့ ဗိုလ်ချုပ်တွေကို ဂျေဝမ်း J1 ၊ ဂျေတူး J2 လို့ ခေါ်ကြပါတယ်။
 
စာဖတ်သူများ အထူးသတိပြုစေလိုတာက - ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ရဲ့ ဥက္ကဋ္ဌဟာ (ရာထူး) သာ ရှိသော်လည်း အာဏာ မရှိပါ။ စစ်တပ်ကို ချုပ်ကိုင်တဲ့၊ စေခိုင်းတဲ့ အာဏာဟာ သမ္မတဆီမှာသာ ရှိပါတယ်။ တပ်မှူးတွေကို စေခိုင်းတဲ့ Command Power ဟာ သမ္မတမှတဆင့် ကာကွယ်ရေးဝန်ကြီးမှာ ရှိပါတယ်။
 
ဒီ Command Power ဟာ စစ်တပ်ကို ကိုင်တွယ်ရာမှာ အရေးပါတာကြောင့် အသေးစိတ် ဆွေးနွေးပါရစေ။
 
အမေရိကန် စစ်တပ်ဖွဲ့စည်းပုံမှာ အရပ်သား သမ္မတဟာ စစ်သေနာပတိ။ သူ့အောက်မှာ သမ္မတရဲ့လုံခြံုရေး ကောင်စီ ရှိပါတယ်။ တပ်မှူးတွေကို စေခိုင်းတဲ့ Command Power ကို သမ္မတက တိုက်ရိုက်သော်၎င်း၊ ကာကွယ်ရေးဝန်ကြီးကတဆင့်သော်၎င်း စေခိုင်းပါတယ်။
 
အမေရိကန်စစ်တပ်ဟာ တိုက်စစ် Offensive ကို ဦးစားပေးတဲ့ စစ်တပ်ဖြစ်ပါတယ်။
 
ဒါကြောင့် အမေရိကန် စစ်တိုင်းတွေဟာ ကမ္ဘာ့ပထဝီ အနေအထားအရ ဖွဲ့စည်းထားပါတယ်။ ဥပမာ စစ်အေးကာလက အရေးအကြီးဆုံး စစ်မြေပြင်ဟာ ဥရောပတိုက်ပါ။ ဥရောပစစ်တိုင်း European Command ဟာ အရေးအကြီးဆုံး ဖြစ်ပြီး၊ NATO ရဲ့ စစ်သေနာပတိလည်း ဖြစ်ပါတယ်။ ပစိဖိတ်စစ်ဒေသအတွက် ပစိဖိတ်စစ်တိုင်း Pacific Command ရှိပါတယ်။ ဒီစစ်တိုင်းဟာ ဂျပန်မှာ ရှိပါတယ်။ လက်တင်အမေရိကား အတွက် တောင်ပိုင်းတိုင်း Southern Command ရှိပြီး၊ ဖရော်ရီဒါပြည်နယ် မာရာမီမှာ ရှိပါတယ်။ အရှေ့အလယ်ပိုင်းအတွက် အလယ်ပိုင်းစစ်တိုင်း Central Command ရှိပါတယ်။ ဒီဌာနချုပ်ကိုလည်း ဖရော်ရီဒါပြည်နယ် တင်ပါ မက်ဒါလ် လေတပ်စခန်းမှာ ဖွင့်ထားပါတယ်။ အီရန်နဲ့ ဆိုဗီယက်တို့ အာဖဂန်ကို ဝင်သိမ်းအပြီး ၁၉၈၃ ခုနှစ်ကျမှ ဖွဲ့စည်းခဲ့တာပါ။ ၉-၁၁ ပြီးမှ စစ်တိုင်း ၂ ခု တိုးလာတယ်။ အမေရိကန် လုံခြံုရေးအတွက် မြောက်ပိုင်းစစ်တိုင်း (ပက်တဆင် လေတပ်စခန်း) နဲ့ အာဖရိက စစ်တိုင်း (စတူးဂတ် - ဂျာမဏီ) တို့ ဖြစ်ပါတယ်။
 
အမေရိကန်စစ် တိုင်း ၆ ခုရှိရာ စစ်တိုင်းတွေဟာ သာမန်အားဖြင့် ဒေသပိုင်ဆိုင်ခွင့်သာ ရှိပါတယ်၊စစ်တပ် မရှိပါ။ မြောက်ပိုင်းစစ်တိုင်းဟာ အမေရိကန် လုံခြံုရေးအတွက် ဖြစ်ပါတယ်၊ ဖွဲ့စည်းပုံ ထူးခြားပါတယ်။ သာမန်အားဖြင့် မိမိစစ်တိုင်းအတွင်း ဖြစ်နိုင်ခြေတွေကို စဉ်းစားကာ စစ်ပွဲစီမံကိန်း ပြင်ထားရပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ ပြဿနာ ဖြစ်ခဲ့သော် စစ်ရေးအရ ဝင်ကူရအောင် သမ္မတက ဆုံးဖြတ်ခဲ့ရင် တိုက်ပွဲစီမံကိန်း ရှိနေရပါမယ်။ မိမိတပ်တွေ ဘယ်မှာထားမယ်၊ မဟာမိတ်က ဘယ်သူ စသဖြင့် အားလုံး အဆင်သင့် ဖြစ်နေရပါမယ်။ ဒါ ပစိဖိတ်စစ်တိုင်းရဲ့ တာဝန်ပါ။ ဒါ့ကြောင့် နှစ်စဉ်နှစ်တိုင်း ပစိဖိတ်စစ်တိုင်းက ဦးစီးပြီး၊ Cobra စစ်ဆင်ရေးကို လုပ်တာပါ။
 
ဒီမှာဖြတ်ပြီး အမေရိကန် တပ်မတော် ဖွဲ့စည်းပုံကို သိဖို့ လိုပါတယ်။
 
အမေရိကန် တပ်မတော်မှာ အမြဲတမ်းတပ် Regular Army ရယ်၊ နေရှင်နယ် နယ်စောင့်တပ် National Guard နဲ့ အရံတပ်ရင်း Reserve ဆိုပြီး ခွဲထားပါတယ်။