ဝက်နားရွက်ပြာအကြောင်း နေပြည်တော်တွင် ပညာပေး

ဝက်နားရွက်ပြာအကြောင်း နေပြည်တော်တွင် ပညာပေး
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ)။     ။ ဝက်နားရွက်ပြာရောဂါ ဧပြီလဆန်းပိုင်းမှစ၍ ကူးစက်ပျံ့နှံ့နေသဖြင့် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ၎င်းရောဂါ အကြောင်း အသိပညာပေးမှုကို ဒေသတွင်း၌ ပြုလုပ်နေသည်။

 နေပြည်တော်ခရိုင် မွေးမြူရေးနှင့် ကုသရေးဆိုင်ရာ အဖွဲ့များက အချိန်မီ တားဆီး ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ သလို၊ ၎င်းတို့ ဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာအောင်ကြီး ဦးဆောင်၍ ဒေသတွင်း၌ လှည့်လည်ကာ ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။

Blue-ear-pigs

ဧပြီ ရ ရက်နေ့တွင် နေပြည်တော် ပုဗ္ဗူသီရိနှင့် ပုဗ္ဗသီရိမြို့နယ် ၂ ခုမှ ဝက်မွေးမြူရေးခြံများနှင့် အိမ်မွေး ဝက်ကောင်ရေ ၃ဝဝ ကျော်တွင် ၁ဝဝ ကျော် ရောဂါကူးရာမှ ၁ဝ ကောင်ကျော် သေဆုံးမှု ရှိခဲ့သဖြင့် ၁၁ ရက်နေ့တွင် ရန်ကုန်သို့ ရောဂါ ရှာဖွေ စစ်ဆေးခဲ့ရာ ဝက်နားရွက်ပြာ ရောဂါကို စတင်တွေ့ရှိခဲ့သည်။

နေပြည်တော် ၈ မြို့နယ်တွင် ဝက်ကောင်ရေ ၁ သိန်းကျော်ရှိမည်ဟု ကျန်းမာရေးဌာနက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် မတ်လက မန္တလေးမြို့ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရနှင့် မတ္တရာ ရပ်ကွက်များမှ မွေးမြူရေးခြံနှင့် တပိုင်ဝက်မွေးသူများထံမှ အနည်းဆုံး ဝက်ကောင်ရေ ၁ဝဝဝ ကျော်အထိ ဝက်သေဆုံးမှုများ ဖြစ်ပွားခဲ့သေးသည်။
 
သို့သော် လက်ရှိ မန္တလေးမြို့အတွင်း ဝက်နားရွက်ပြာရောဂါ ကူးစက်ပျံ့နှံ့မှု မရှိတော့ကြောင်း အမရပူရမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုဦးစီးမှူး ဒေါက်တာ ထွန်းမြင့်စိုးက မဇ္စျိမကို ပြောသည်။
 
“အခုတော့ ငြိမ်သွားပါပြီ။ ဒီအမရပူရ တဝိုက်မှာတော့ မရှိတော့ဘူး။ သူ့ဘာသာသူ နေပူလို့ရှိရင်ရပ်သွားတဲ့ သဘောပါ။ သူက ကာကွယ်ဆေးလည်း မရှိဘူး၊ ကုသဆေးလည်း မရှိဘူး။ ရာသီဥတုပူလာရင် ဒီပိုးက အလိုအလျောက် မပွားတာပါ။ အဲဒါကြောင့် ငြိမ်သွားတဲ့ သဘောမျိုးပါ။ ကာကွယ်နိုင်တာတော့ မဟုတ်ပါဘူး” ဟု သူက ပြောသည်။
 
သင်္ကြန်မတိုင်ခင် မန္တလေးတိုင်း မွေး/ကု ဦးစီးဌာမှ မန္တလေးတိုင်းရှိ ဝက်ခြံနှင့် ဝက်မွေးအိမ်များသို့ပိုးသတ်ဆေး များ အခမဲ့ ပို့ဆောင်ပေးခြင်း၊ ဇီဝနည်းပညာပေးမှုများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းလုပ်ကိုင်ခဲ့သည်။
 
ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဝက်မျိုးပွားအင်္ဂါနှင့် အသက်ရှူလမ်းကြောင်းတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါကို မန္တလေးမြို့တွင် စတင်တွေ့ရှိခဲ့ကာ၊ နေပြည်တော် ပျဉ်းမနားတွင်ပါ ကူးစက်ပျံ့နှ့ံလာခဲ့သည်။
 
အဆိုပါ ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ World Organization For animal Health ကလည်း မြန်မာနိုင်ငံတွင် ယင်း ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံနေကြောင်း အရေးပေါ် ကြေညာချက် ထုတ်ခဲ့သေးသည်။
 
သို့သော် တိုင်းအတွင်းရှိ မြစ်ငယ်၊ စဉ့်ကိုင်၊ မြင်းခြံ၊ ပြင်ဦးလွင် စသည့် မြို့နယ်အချို့တွင် တနိုင်တပိုင် မွေးမြူထား သော အိမ်ခြံများ၌ ကူးစက်ပျံ့နှံ့နေသည်ဟု ပြည်ကြီးတံခွန် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဆရာဝန်တဦးက မဇ္စျိမကို ပြောသည်။
 
“ပထမ ရပ်ကွက်တွေမှာပဲဖြစ်ပြီး ဒီကြားထဲမှာ အေးသွားပြီးတော့ အခုတခါ ပြန်ဖြစ်နေတယ်။ အခုနောက်ပိုင်း မြို့အပြင်ဘက်မှာ သွားဖြစ်တာ။ များသောအားဖြင့် အိမ်တပိုင် တနိုင်မွေးနဲ့ နေရာတွေမှာ ပိုဖြစ်များတာပေါ့။ သေဆုံးတာလည်း တော်တော်များနေတယ်။ နေပြည်တော်ဘက်မှာလည်း ဖြစ်တယ်လို့ ကြားပါတယ်။ အခုက ပိုဆိုးတာပေါ့” ဟု သူက ဆိုသည်။
 
ဝက်နားရွက်ပြာရောဂါသည် လူကို ကူးစက်နိုင်ခြင်း မရှိကြောင်း သိရသဖြင့် မန္တလေးမြို့တွင် ဝက်သားများ စားသုံးမှု လျော့နည်းလာခြင်း မရှိဟု မန္တလေးမြို့ခံ တဦးက မဇ္စျိမကို ပြောပြသည်။
 
“ဒီမှာ အားလုံးက ကျက်ရင် ဘာမှမဖြစ်ဘူးဆိုပြီး သိထားတော့ ဖြစ်တဲ့အတောအတွင်းမှာပဲလျှော့စားတာပဲရှိ တယ်။ အခုတော့ ကျနော် မြင်သလောက်က စားသုံးမှုလည်း လျော့မသွားဘူး” ဟု သူက ဆိုသည်။