နယူးဒေလီ (မဇ္စျိမ)။ ။ ရှမ်းပြည်နယ်အစိုးရ ရှိလာပြီးနောက် မန္တလေး-မူဆယ် လမ်းတလျှောက် စစ်ဆေးရေး ဂိတ်များ ထားရှိမှုနှင့် နွေစပါး စိုက်ပျိုးရေး စီမံချက်ကို ဧပြီ လဆန်းမှစ၍ ပယ်ဖျက်ခဲ့ပြီဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ဆိုသည်။
ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကာ တရုတ်-မြန်မာနယ်စပ် မူဆယ်သွားရာ လမ်းတလျှောက် ကုန်စစ်ဆေးရေး ဂိတ်များ ထားရှိခြင်းမှာ စရိတ် ပိုမိုကုန်ကျပြီး၊ ကုန်စည် စီးဆင်းမှု နှေကွေးသဖြင့် နယ်စပ်မြို့ မူဆယ်၌သာ အကောက်ခွန် ဂိတ်တခု ထားရှိရန် ပြည်နယ် အစိုးရက ဌာနဆိုင်ရာများကို ညွှန်ကြားခဲ့သလို၊ ပြည်နယ် ရာသီဥတုနှင့် မကိုက်ညီသည့် နွေစပါး စိုက်ပျိုးရေး စီမံချက်ကိုပါ ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။
“ဌာနပေါင်းစုံ လွှတ်ပြီးတော့ လာသမျှ ကားအားလုံးကို စစ်ဆေးရေး ဂိတ်တွေမှာ ကုန်တွေကို ပြန်ချပြီး စစ်တာတွေကို ပယ်လိုက်ပြီ၊ မလုပ်ရတော့ဘူး။ အဲဒီဂိတ်တွေမှာ လုံခြံုရေးအတွက်ပဲ တာဝန် ယူတော့တယ်။ အရင်လို အချိန်အကြာကြီး မစစ်ရတော့ဘူး” ဟု ကျားဖြူ ခေါ် SNDP ပါတီ ဘဏ္ဍာရေးမှူး ဦးစောမြင့်သန်းက မဇ္စျိမကို ပြောသည်။
မိုင်ပေါင်း ၂၈ဝ သာ ရှည်လျားသည့် မူဆယ်-မန္တလေးလမ်းရှိ စစ်ဆေးရေးဂိတ်များကြောင့် ကုန်ကားများမှာ ၂ ရက်ခန့် မောင်းနှင်ခဲ့ရသလို၊ ဝန်ထမ်းများကို လာဘ်ထိုးရသည့် ဂိတ်ကြေးမှာ ကျပ် တသိန်းခန့် ကုန်ကျပြီး၊ ကုန်တင်ခွင့် လိုင်စင်မှာ နေပြည်တော်၌ သွားရောက်လျှောက်ထားရသည်ဟု မူဆယ်ကုန်ကား အသိုင်းအဝိုင်းက ဆိုသည်။
ဦးစောမြင့်သန်းက “ကားတွေက.. ဂိတ်တခုပြီးတခု စစ်ဆေးခံဖို့ ကုန်တွေကို အကုန်ပြန်ချ၊ အကုန်ပြန်စီရတော့ ကုန်တွေလည်း ပျက်စီးတယ်၊ တင်ချစရိတ်အားလုံးလည်း ထပ်ကုန်တယ်။ နောက်ပြီး ခရီးလည်း ဖင့်တာပေါ့” ဟု ဆိုသည်။
မန္တလေး- မူဆယ်လမ်းတွင် မန္တလေးနှင့် ပြင်ဦးလွင်ကြား ၁၆ မိုင်ဂိတ် (ယခင် ၂၄ မိုင်)၊ သန္ဒီမြို့နယ်ရှိ ရေပူဂိတ်၊ မူဆယ် ၁ဝ၅ မိုင်ဂိတ်တို့တွင် ကုန်ပစ္စည်းများ သယ်ရာတွင် ခွင့်ပြုသည့် ကုန်စည်ဟုတ်မဟုတ် စစ်ဆေးရန် ဌာနပေါင်းစုံမှ ဝန်ထမ်းများ ထားရှိကာ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ပြည်နယ်အစိုးရ ညွှန်ကြားချက်အရ ယခုအခါ ကုန်များကို အချိန်ကြာ မစစ်ဆေးတော့ဘဲ၊ ဂိတ်များ၌ တာဝန်ကျ ဝန်ထမ်းများသာ ထားရှိဆဲဖြစ်ကြောင်း မူဆယ်မြို့ခံ ကုန်တင်ယာဉ်မောင်းတဦးက မဇ္စျိမကို ပြောသည်။
“သင်္ကြန်တွင်း မူဆယ်တက်တော့ ၁၆ မိုင်နဲ့ ရေပူမှာ အရင်လို အကြာကြီးတော့ မစစ်တော့ဘူး။ ဒါပေမဲ့ လုံခြံုရေး စစ်တယ်ဆိုပြီး တာလပတ်ကို လှန်ပြရတယ််။ ၁ဝ၅ မိုင်မှာပဲ ကုန်တွေချပြီး စစ်တော့တယ်” ဟု သူက ပြောသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ်သည် ဗိုလ်မှူးဟောင်း ဦးအောင်မြတ် (ခ) စပ်အောင်မြတ်ဖြစ်ပြီး၊ ၉ ဦးပါ ဝန်ကြီး အဖွဲ့တွင် ကျားဖြူပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းမှာ စက်မှုနှင့် သတ္တုဝန်ကြီးနှင့် ဦးစိုင်းနော်ခမ်းမှာ ဆောက်လုပ်ရေးဝန်ကြီး ရာထူးများ ရရှိထားသည်။
နွေစပါးစိုက်ပျိုးရေးနှင့် ပတ်သက်၍ ဦးစောမြင့်သန်းက “နွေဆိုပေမယ့် မပူဘဲ မိုးကောင်းတဲ့ ဒေသဆိုတော့ နွေစပါးစိုက်တာ မဖြစ်ဘူးလေ။ ဒါ့ကြောင့် တောင်သူတွေ မကိုက်တဲ့ စိီမံချက်တွေကိုလည်း ဖျက်လိုက်တယ်။ ဒါ ပြည်နယ်အစိုးရ တက်လာပြီး လုပ်နိုင်တဲ့ ကိစ္စတွေပါ” ဟု ပြောပြသည်။
ပြည်နယ်အစိုးရ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသည့် ဒေသတွင်း ငြိမ်းချမ်းရေး ကိစ္စကိုမူ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးမည်ဟု SNDP က ဆိုသည်။
နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ငြင်းဆန်သည့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSPP/SSA နှင့် စစ်အစိုးရအကြား ဆက်ဆံရေး တင်းမာခဲ့ရာ ယခုနှစ် မတ်လဆန်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲများ စတင်လာခဲ့သည်။
ထို့အပြင် ရှမ်းပြည်တောင်ပိုင်း အင်းလေးကန် ထိန်းသိမ်းရေးမှာလည်း အရေးတကြီးဆောင်ရွက်ရမည့် ကိစ္စဖြစ်သဖြင့် ပြည်နယ်အစိုးရသို့ တင်ပြထားကြောင်း ဒေသတွင်းရှိ အင်းအမျိုးသားပါတီက မဇ္စျိမကို ပြောပြသည်။
၂ဝဝ၈ ခုနှစ်က ရေပြင်အကျယ် စတုရန်းမိုင် ၄ဝ ရှိခဲ့သော အင်းလေးကန်မှာ ရာသီဥတု စံချိန်တင်ပူပြင်းခြင်း ကြောင့် ရေခန်းခြောက်ခဲ့ရာ ပြီးခဲ့သည့် နွေကာလတွင် ၂၃ စတုရမ်းမိုင်ခန့်သာ ရှိတော့သည်။
ရှမ်းပြည်နယ် လွှတ်တော်အမတ်နေရာ ၁၄၃ နေရာတွင် တပ်မတော်သား ကိုယ်စားလှယ် ၃၆ ဦးနှင့် SNDP မှ ၃၂ ဦး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည ၅ ဦး၊ ပအိုဝ်း အမျိုးသားပါတီ ၆ ဦး ၊ “ဝ”ဒီမိုကရက် တစ်ပါတီ ၃ ဦး၊ အင်းအမျိုးသားပါတီ ၂ ဦး၊ တအောင်း(ပလောင်) အမျိုးသားပါတီ ၄ ဦး၊ လားဟူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၁ ဦး၊ ကယန်းအမျိုးသားပါတီ ၁ ဦးနှင့် တသီးပုဂ္ဂလ ၂ ဦး ပါဝင်သည်။ကျန်နေရာများ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ ဖြစ်ကြသည်။