ကြံ့ဖွံ့ခေါင်းဆောင်က မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကို ချီးကျူး

ကြံ့ဖွံ့ခေါင်းဆောင်က မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကို ချီးကျူး
by -
သောမတ်စ်မောင်ရေ

ချင်းမိုင် (မဇ္စျိမ)။     ။ မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်ခဲ့သူ မစ္စတာ Kim Il-Sung ၏ ဧပြီလ ၁၅ ရက် မွေးနေ့ပွဲကို မြန်မာနိုင်ငံ၌ ကျင်းပရာ စစ်တပ် နောက်ခံပြု အာဏာရ ကြံ့ခိုင်ဖွ့ံဖြိုးရေး ပါတီ၏ နိုင်ငံတကာ ဆက်ဆံရေးဌာနအကြီးအကဲ က ၎င်းနိုင်ငံ၏ ခေါင်းဆောင်ပိုင်းကိုချီးကျူး ပြောဆိုခဲ့ ကြောင်း အစိုးရပိုင် ကိုရီးယား ဗဟိုသတင်း အေဂျင်စီက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

kimilsung

မစ္စတာ Kim Il-Sung အမြော်အမြင်ရှိစွာ ဦးဆောင်သဖြင့် စစ်ပွဲအနိုင်နွှဲကာ လွတ်လပ်ရေး ရယူခဲ့ပြီး နယ်ချဲ့ ကျူးကျော်မှုကို တွန်းလှန်နိုင်ခဲ့ကြောင်းနှင့် ဆိုရှယ်လစ် စနစ်ကို ကောင်းမွန်ကြံ့ခိုင်စွာ ကျင့်သုံးနိုင်ခဲ့ကြောင်း အမည်မဖော်ပြသည့် ကြံ့ဖွံ့ခေါင်းဆောင်တဦးက ချီးကျူးခဲ့သည်ဟူ၍ ဖော်ပြပါရှိခြင်း ဖြစ်သည်။

၎င်းမွေးနေ့ အခမ်းအနား သာမက မြောက်ကိုရီးယား အမျိုးသား ကာကွယ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် မစ္စတာ ကင်ဂျုံအီး Kim Jong Il ရွေးချယ်ခံရသည့် ၁၈ နှစ်မြောက်နေ့နှင့် ရ၉ နှစ်မြောက် တပ်မတော်နေ့တွင်လည်း မြန်မာနိုင်ငံ၌ ဂုဏ်ပြု အခမ်းအနားများ ကျင်းပပေးခဲ့သည်ဟုပါ သတင်းဌာနက ဆိုသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ မြောက်ကိုရီးယား အစိုးရ သတင်းဌာနများသည် မြန်မာခေါင်းဆောင်များ အကြောင်း မကြာခဏ ဖော်ပြလာခဲ့ကြသည်။ နှစ်နိုင်ငံ အစိုးရအကြား ဆယ်စုနှစ် ၂ ခုခန့် ဆက်သွယ်ရေး ပြတ်တောက်ပြီး၊ နောက်ပိုင်းတွင် ဆက်ဆံရေး အရှိန်အဟုန် ပြန်မြင့်လာသည့် သဘောဖြစ်ကာအမေရိကန် အတွက် စိုးရိမ်ပူပန်စရာ ဖြစ်ပေါ်စေခဲ့သည်။

မြန်မာစစ်အစိုးရက မြောက်ကိုရီးယားထံမှ ဒုံးကျည်နှင့် နျူကလီးယားဆိုင်ရာ နည်းပညာ အကူများ ရယူခဲ့သည်ကို ရည်ညွှန်းကာ ယခုလဆန်းပိုင်းတွင် အမေရိကန် ဆီးနိတ်အမတ် ၃ ဦးက ကြီးထွားလာသည့် မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးကို စုံစမ်းစစ်ဆေးရန် မစ္စတာအိုဘားမား အစိုးရကိုတိုက်တွန်းခဲ့သေး သည်။

၁၉၈၃ ခုနှစ်တွင် တောင်ကိုရီးယား စစ်အာဏာရှင် မစ္စတာ ချမ်ဒူးဝမ် ရန်ကုန်သို့ လာရောက် လည်ပတ်စဉ် မြောက်ကိုရီးယားက သူ့ကိုလုပ်ကြံရန် ကြိုးစားခဲ့ပြီးနောက် မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး ပြတ်တောက်ခဲ့ရပြီး၊ လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ အရှိန်အဟုန်မြှင့်ကာ ဆက်ဆံရေး တိုးချဲ့လာခဲ့သည်။

ထိုစဉ်က မစ္စတာ ချမ်ဒူးဝမ်သည် အာဇာနည်ကုန်း၌ လွမ်းသူ့ပန်းခွေချပွဲ တက်ရောက်ရန်နောက်ကျနေခဲ့ သဖြင့်သာ လုပ်ကြံမှုဘေးမှ ကင်းလွတ်ခဲ့ပြီး တောင်ကိုရီးယား ဒုတိယ ဝန်ကြီးချုပ် Suh Suk Joon နှင့် နိုင်ငံခြားရေးဝန်ကြီး Lee Bum Suk အပါအဝင် တောင်ကိုရီးယား ခေါင်းဆောင် ၁၇ ဦး သေဆုံးခဲ့ရသည်။

ထိုဗုံးဖောက်ခွဲမှုကြောင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်များ အတွက် ရည်စူးသော အာဇာနည်ဗိမာန် ပျက်စီးခဲ့ရကာ၊ သတင်းထောက် ၃ ဦး အပါအဝင် မြန်မာ ၄ ဦး သေဆုံးခဲ့သည်။