ဆံပင်ဖြူဖွာလန်ကြဲသည် ချိန်ခါမဟုတ်သည့် မိုးသက်လေထဲတွင် တဖျတ်ဖျတ်လွင့်နေသည်။ ဘီးဆံပတ်ကို ခိုင်အောင်ထုံးသော်လည်း သောကဖြင့် အရေးအကြောင်းထနေသည့် လက်တွေက တုန်နေသဖြင့် ခိုင်ခန့်အောင် မထုံးနိုင်။ ဆံမြိတ်သည် လျော့ရဲကျမြဲကျလျက်ရှိသည်။
[ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်ဒဏ် ခံစားခဲ့ကြရသူများ အကြောင်း]
(၁)
ဆံပင်ဖြူဖွာလန်ကြဲသည် ချိန်ခါမဟုတ်သည့် မိုးသက်လေထဲတွင် တဖျတ်ဖျတ်လွင့်နေသည်။ ဘီးဆံပတ်ကို ခိုင်အောင်ထုံးသော်လည်း သောကဖြင့် အရေးအကြောင်းထနေသည့် လက်တွေက တုန်နေသဖြင့် ခိုင်ခန့်အောင် မထုံးနိုင်။ ဆံမြိတ်သည် လျော့ရဲကျမြဲကျလျက်ရှိသည်။ တသက်တာတွင် လောကဓံ အထုအထောင်းတွေ ခံရပေါင်းများခဲ့သည့်တိုင် ချစ်သောသူများနှင့် သေကွဲကွဲရသည့် ဖြစ်ရပ်က မြန်ဆန်ပြီး ရုတ်တရက် ချက်ချင်း ဖြစ်သဖြင့် ပူဆွေးမှုက အတိုင်းအဆများသည်။ အပျက်အစီးပုံများအကြား အတတ်နိုင်ဆုံး ခမ်းခမ်းနားနား ဖြစ်အောင် ပြင်ဆင်ထားသည့် အလောင်းစင်ဘေးတွင် အသက်ရှစ်ဆယ်အရွယ် အဘွားအိုတဦး တယောက်တည်း ငူငူငိုင်ငိုင် ထိုင်နေသည်။ အခြေအနေမေးသူများကို “ဒါက ငါ့သမီးအလောင်း.. ဒါက ငါ့ချွေးမ အလောင်း” ဟု လက်ညိုးထိုးပြသည်။ အများအမြင်တွင် မျက်ရည်မကျသဖြင့် ခံနိုင်ရည်ရှိသည် ထင်သော်လည်း ပူဆွေးမှုက ရင်ထဲတွင် တောက်လောင်လျက် ရှိသည်။ သူ့အတွက် သောက ဇာတ်ဝင်ခန်းတွေက ပြီးခဲ့သည့် မတ်လ ၂၄ ရက် ည ၈နာရီ ၃ဝ ခန့်တွင် ဆိုက်ရောက်လာခဲ့သည်။ တသက်နှင့်တကိုယ် တခါမှ မကြံုဘူးသည့် တုန်ခါမှုက စက္ကန့်အနည်းငယ်အတွင်း ဖြစ်ပွားခဲ့သည်။ ဘာဖြစ်သည်ဟုပင် တွေးချိန် မရလိုက်၊ အခြေအနေ ပြန်တည်ငြိမ်သွားသည့်အခါ မကြာမတင် ကလေးကပင် အတူရှိနေသည့် ခင်ပွန်း၊ သမီးနှင့် ချွေးမတို့ ပြိုကျ ပျက်စီးသွားသည့် အဆောက်အအုံအောက်တွင် အသက်ပျောက်ခဲ့ပြီ။
“ပြီးခဲ့တဲ့ တရက် နှစ်ရက်ကပဲ ဂျပန် ငလျင်ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြည့်ပြီး သံဝေဂရ နေတာ။ နောက်မကြာဘူး ကိုယ်တိုင် ကြံုရတော့တာပဲ ဘာမှ မတတ်နိုင်ဘူး” |
“သူတို့ သေသွားကြတယ်လေ” ဟု သေဆုံးသူ သုံးဦးကို ယှဉ်လျက်ပြင်ထားသည့် အလောင်းစင်ကို လက်ညိုးထိုးပြပြီး မေးသမျှလူကို ပြောပြရန်သာ အသက်ရှစ်ဆယ်အရွယ် ဒေါ်အိုက်ကြာ တတ်နိုင် တော့သည်။
“ကျနော့်တူလေးတွေလဲ ခြောက်ယောက်တောင် ဆုံးသွားတယ်” ဟုပြောရင်း စိုင်းဘအောင် ငိုလေသည်။ သူ့ရှေ့မှာတင် သေဆုံးသူတွေအများကြီး တွေ့လိုက်ရပြီးနောက် သူသွေးပျက်နေသည်။ သေခြင်းတရားက သူချစ်သောသူများကို သူ့ဘဝထဲက ရုတ်တရက်ဆွဲခေါ်သွားသည်။သူ့အတွက် ထိုအဖြစ်က လက်မခံချင်စရာ ကောင်းသည့် အမှန်တရား တခုဖြစ်သည်။ ငိုရပေါင်းများသဖြင့် မျက်လုံးများ နီစပ်နေသည်။ မျက်ခွံများမို့မောက်နေသည်။ ယောကျ်ားဖြစ်ပြီး အသည်းကြောင်တာ မဟုတ်သော်လည်း သေခြင်းတရား ရောက်လာပုံ မြန်ဆန်မှုက အခြေအနေ တည်ငြိမ်စပြုလာသည့် အခုအခါတွင် ပြန်တွေးတိုင်း သူ့နှလုံးသားကို တုန်လှုပ်စေသည်။
ဖာသာပြုလုပ်ထားသည့် မိုုးကာမိုးယာယီ အဆောက်အအုံအောက်တွင် အပျက်အစီး အစအနများ ပြန့်ကြဲနေသည်။ ပြိုကျသွား သည့် နေအိမ်ဟောင်းများမှ ကောက်ယူ ထားသည့် ဆိုဖာဆက်တီသည် ဘိလပ်မြေ အမှုန့်များဖွေးလျက် ရှိသည်။ သို့သော် အုတ်ကျိုး အုတ်ပဲ့ပုံများနှင့် မြေကြီးမှ လွဲလျှင်ထိုင် စရာမရှိဖြစ်လေရာ ပျက်စီးပေါက်ပြဲကာ ဘိလပ်မြေနှင့် အုတ်နီရောင်ပေကျံနေသည့် ငလျင်လက်ကျန် ဆက်တီခုံကိုသာ နေ့လယ်ဘက်တွင် ထိုင်စရာ၊ ညဘက်တွင် အိပ်စရာ ကျောတနေရာအဖြစ် ကြံုသလို အသုံးချနေရသည်။
ငလျင်ကြောင့် အိမ်ပြိုကျစဉ်က ပိပြားပြီးပေါက်ပြဲသွားသည့် ဆိုဖာဆက်တီခုံပေါ်တွင် နေ့ရောညပါ ထိုင်နေသောသူ့ကို ပတ်ဝန်းကျင်မှ လူအများမြင်နေကြရသည်။ ညာဘက်လက်ဖြင့် မေးစေ့ကို ထောက်ထားပြီး ပြိုပျက်သွားသည့် အဆောက်အအုံဟောင်းကိုသာ ကြည့်လျက် ထိုင်ရာမထ ငိုင်နေသည့်သူ့ကို ဘယ်သူမှလည်း စာနာစိတ်ဖြင့် မနှစ်သိမ့်နိုင်ပေ။အားလုံးမှာ သောကကိုယ်စီနှင့်မို့ ငေးကြည့်ရုံသာ တတ်နိုင်ကြသည်။
“ကျနော့်အမေ ငလျင်ထဲ ပါသွားတယ်။ အမေက ညဘက် အိမ်ထဲကို အစောကြီးမတက်ဘူး။ ကျန်တဲ့ သားသမီးတွေ အကုန်လုံးက အိမ်ပေါ်မှာ။ ငလျင်လှုပ်တော့ အိမ်အောက်မှာနေတဲ့ အမေက ဆုံးသွားတယ်။ အမှန်ဆို ငလျင်လှုပ်တယ်ဆို အိမ်ထဲမှာနေတဲ့သူတွေက သေရမှာ။ အခုတော့ အိမ်ပေါ်မှာ နေတဲ့ ကျနော်တို့က ဘာမှမဖြစ်ပဲ အပြင်မှာ ရောက်နေတဲ့ အမေက ဖြစ်ရတယ် ဆိုတော့ဗျာ….” ဟု ကိုသန့်ဇင်က ဆို့နင့်စွာ ပြောပြသည်။
(၂)
ကြေကွဲစရာများနှင့် တည်ငြိမ်သည့် ဘဝများကို ဖရိုဖရဲဖြစ်စေမည့် ကံကြမ္မာကို ရိုးသားအေးဆေး သည့် ဒေသခံများထံ သယ်လာသည့် အဆိုပါ ငလျင်မှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာ လွယ်မွေမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တရားဝင် ထုတ်ပြန်ခဲ့သည်။ ငလျင်ပြင်းအားမှာ ရစ်ချတာစကေး ရ ဒသမ ဝ ဖြစ်သည်။ ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးမှုနှင့် လူအသေအပျောက် ကြီးခဲ့သည့် နေရာများမှာ တာချီလိတ်မှ မိုင် ၂ဝ ခန့်ဝေးသည့် တာလေမြို့၊ မိုင်းလင်းကျေးရွာ၊ နားယောင်းကျေးရွာနှင့် မိုင်းကိုးကျေးရွာ အုပ်စုထဲမှ ကျကူနီရွာတို့ ဖြစ်သည်။
တာချီလိတ်တွင် ငလျင်ပြင်းပြင်းထန်ထန်လှုပ်ခဲ့ေသာ်လည်း နေအိမ်အဆောက်အအုံတချို့ အနည်းငယ်ထိခိုက်ခဲ့ရုံမှ အပ အပျက်အစီးမများခဲ့ဟု မြို့ခံများက ပြောသည်။
“ငလျင်လှုပ်တုန်းက ကျနော်တို့ မြို့မှာ တရားပွဲလုပ်နေကြတာ။ အစပိုင်းမှာ ဟီ ဟီ ဆိုပြီး အော်သံကြီး အရင်ကြားရတာ။ ပြီးတော့ ထိုင်နေတဲ့မြေကြီးက လှိုင်းစီးရသလိုပဲ နိမ့်လိုက်မြင့်လိုက် ဖြစ်လာတယ်။ ဘုန်းကြီးတောင်မှ တရားဟောနေတုန်း ကိုင်ထားတဲ့ မိုက်ကရိုဖုန်း ပြုတ်ကျပြီး မြေကြီးပေါ် လဲကျမလိုဖြစ်လို့ တော်သေးတယ် ဒကာတဦးက အချိန်မီ ပြေးထိန်းလိုက်နိုင်လို့။ အသက်ကြီးတဲ့ သူတချို့ လန့်ပြီးမေ့သွားကြလို့ ဆေးရုံကို ပြေးပို့ကြရတယ် ” ဟု ငလျင်လှုပ်စဉ်က တရားပွဲတွင် ရှိနေသူ တာချီလိတ်မြို့ခံ ကိုစည်သူအောင်က ပြောသည်။
ငလျင်ကြောင့် လူအသေအပျောက် များခဲ့ရသည်ဟု လူပြော အများဆုံးနေရာမှာ ကျကူနီရွာတွင် ဖြစ်သည်။ ငလျင်လှုပ်မည့် ထိုနေ့က ကျကူနီရွာရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ညနေခြောက်နာရီခွဲခန့် အချိန်ကစပြီး နှစ်ပတ်လည် ဝတ်ပြုဆုတောင်းပွဲ ကျင်းပနေသည်။ စုစုပေါင်း လူ ၂ဝဝ ခန့် တက်ရောက် ဆုတောင်းနေကြသည်။ ငလျင်လှုပ်သောအခါ ဘုရားကျောင်း အမိုးပြားများ ပြုတ်ကျပြီး အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၁၄ ဦး ပွဲချင်းပြီး သေဆုံးကာ ၅၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း တာချီလိတ်ဒေသခံ သတင်းထောက်တဦး ပြောပြချက်အရ သိရသည်။
“... ပညာရှင်တွေက လာကြည့် တိုင်းထွာပြီး ကျနော်တို့ရဲ့ မြေကြီး အနေအထားတွေ ဘယ်လိုရှိတယ် ဆိုတာ ကျနော်တို့ ပြောပြရင် မကောင်းဘူးလားနော” |
လားဟူ တိုင်းရင်းသား အများဆုံးနေသည့် အိမ်ခြေ ၁၅ဝ ခန့်ရှိသည့် ကျကူနီရွာဖြစ်ရပ်က ငလျင်လှုပ်ပြီး ရက်အနည်းအငယ် ကြာသည့်တိုင် ဒေသခံများအကြား စုတ်တသပ်သပ် ပြောနေကြရတုန်း ဖြစ်သည်။
“ငလျင်ပြင်းအားက သိပ်ပြင်းလွန်းတော့ ဝုန်းဆို ပြိုကျသွားတာပဲ။ ကျနော် အိမ်ငှားနေတဲ့ကျောင်းဆရာအမျိုးသမီး ပွဲချင်းပြီး ဆုံးသွားတယ်။ ဘယ်သူက ဘယ်သူ့ကိုမှ ကယ်ချိန်မရလိုက်ဘူး။ ခဏနေတော့ အော်သံတွေ ငိုသံတွေကြားရတော့တာပဲ။ သိပ်မြန်လွန်းတယ်ဗျာ။ ကျနော်ဘေးအိမ်ကဆို ရပ်ထားတဲ့ကားက လှိမ့်ထွက်သွားပြီး လူကိုသွားပိတာ။ အဲသလောက်ထိ ပြင်းအားများတော့ တွေးသာကြည့်ပါတော့”။ တချိန်က စားသောက်ဆိုင်၊ ကာရာအိုကေ၊ တီဗီဂိမ်းနှင့် စနူကာ ဆိုင်ဖြစ်ခဲ့ပြီး ယခုအခါ အုတ်ပုံအတိသာ ကျန်ရှိတော့သည့် အဆိုပါဆိုင်ပိုင်ရှင် တာလေမြို့ခံ ၃၅ နှစ်အရွယ် ကိုအောင်က အုတ်ကျိုးအုတ်ပဲ့များကိုရှင်းေနရင်း ပြောပြသည်။ ဘိလိယက်ခုံတခုံသည် အုတ်ကျိုးအုတ် ပဲ့များကြား မှ တခြမ်းပေါ်နေသည်။ စားပွဲခုံများ အပိုင်းပိုင်းပြတ်လျက်ရှိသည်။တီဗီတလုံး အခွံဗလာဖြင့် အုတ်ပုံပေါ်တွင် ပက်လက်လန်နေသည်။ ဆိုင်ရှင် ကိုအောင်က “ဘာတတ်နိုင်မလဲဗျာ” ဟု ပြောသည်။
“ပြီးခဲ့တဲ့တရက် နှစ်ရက်ကပဲ ဂျပန်ငလျင်ရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြည့်ပြီး သံဝေဂရ နေတာ။ နောက်မကြာဘူး ကိုယ်တိုင်ကြံုရတော့တာပဲ ဘာမှမတတ်နိုင်ဘူး”ဟု သူက မချိတင်ကဲပြောသည်။
ငလျင်ကြောင့် ဆွေမျိုးနှင့် မိသားစုဝင် တစ်ဒါဇင်ခန့် ဆုံးရှုံးခဲ့ရသည့် တာလေမြို့သား ကိုစိုင်းကမူ အစကနဦးက မုန်တိုင်းလာမည်ဟု သူတို့ ထင်ခဲ့သော်လည်း မုန်တိုင်း မဟုတ်ဘဲ ငလျင်ဖြစ်နေသည် ဟုပြောသည်။
“ ငလျင်ကြောင့် ကျနော်တို့ အများကြီးဆုံးရှုံးသွားရတယ်။ ကျနော့်သူငယ်ချင်းတွေလဲအများကြီးပဲဗျာ သေကြတာ။ ရပ်ကွက်လဲ ပျက်စီးသွားတယ်” ဟု နာနာကြည်းကြည်းပြောပြသည်။
မြေပေါ်တွင် အပုံလိုက် ပိပြားသွားသည့် နေရာတွင် ယခုအခါ မိုးကာမိုးပြီးနေရသည့် အသက် ၄၅ နှစ်အရွယ် ဒေါ်သီးက ယခုကဲ့သို့ သူတို့ ကံကြမ္မာ ရုတ်ချည်း ပြောင်းလဲသွားရသည့် အဖြစ်ကို ငလျင်လှုပ် အပြီး လေးရက် မြောက်နေ့အထိ မယုံနိုင်သေးချေ။ ငလျင်လှုပ်တော့ အိမ်ပေါ်တွင် သူတဦးတည်း ရှိနေသည်။ ထမင်း ဆာလာသဖြင့် အိမ်သားတွေကို မစောင့်နိုင်တော့ပဲ ထမင်းစားရန် ထမင်းပွဲပြင်နေစဉ် သူ့တသက် နှင့်တကိုယ် တခါမှ မကြံုဘူးသည့် တုန်ခါမှုကြီးကို သူ၏ သေးသေးသွယ်သွယ် ခန္ဓာကိုယ်က ခံစား လိုက်ရသည်။ ထို့နောက် လက်ထဲတွင် ရှိနေသည့် ထမင်းပန်းကန်က တုန်ခါမှုကြောင့် လွတ်ကျသွားတာလား ၊ သူ့ဟာသူပဲ လန့်ပြီး လွှတ်ချ လိုက်မိလေသလား ဟု အခုချိန်ထိ စဉ်းစားမရတော့။ သေချာသည်က သူအလန့်တကြား အိမ်ပြင်ပြေးထွက်လာခဲ့မိသည်။ အိမ်အပြင်တွင် မြေကြီးက လှို်င်းလို နိမ့်လို်က်မြင့်လိုက် ဖြစ်နေရာ မတ်တပ် ရပ်မရသဖြင့် မြေကြီးပေါ် လဲကျသွားသည်။ စက္ကန့်အနည်းငယ်သာ တုန်ခါမှုက ကြာသော်လည်း သူ့အတွက် တသက်တာလောက် ကြာသည် ထင်မိသည်ဟု ပြောပြသည်။ ရုတ်တရက် ငြိမ်သွားသည့်တိုင် မထရဲ။ မင်သက်မိနေသည်။ ဟိုက ဒီက ငိုသံတွေ ကြားတော့မှ မတ်တပ် ရပ်ကာ သူ့နောက်ဘက်ရှိ နေအိမ်ဘက်သို့ လှည့်ကြည့်သည့်အခါ အိမ်က မြေကြီးပေါ်မှာ ပြားနေလေပြီ။
“ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင်ပါပဲ”ဟု သူက စိတ်လှုပ်ရှားစွာပြန်ပြောပြသည်။ လူများစွာ အသက် ဆုံးရှုံးခဲ့ရပြီး မိသားစုတွေသေကွဲ ကွဲရသည့် ဖြစ်ရပ်ဆိုးကြီးအတွင်း သူက အိမ်နှင့် ပရိဘောဂများ ပျက်စီးရသည့် အကြောင်းကို စကားလုပ်မပြောချင်ဟု ဆိုသည်။
“ဒါပေမဲ့ စက္ကန့်ပိုင်းအတွင်း အိမ်မှာ အခန့်သားနေနေရာကနေ အခုလို မိုးကာလေးဖြစ်သလိုမိုးပြီး တကိုယ်စာကလေး ခွေးတိုးဝက်ဝင်နေရတဲ့အဖြစ်ကိုေတာ့ တကယ်ပဲမယုံကြည်နိုင်ဘူးဆိုတာလေး ပြောချင်တယ်” ဟုဆိုရင်း ရယ်လိုက်သည်။
ငလျင်ကြောင့် အသေအပျောက် အပျက်အစီးများခဲ့သည့် တာလေနှင့် အနီးဝန်းကျင် ဒေသများမှာ တာချီလိတ်နှင့် မိုင်၂ဝ ခန့်ဝေးသော်လည်း ဆိုင်ကယ် (သို့မဟုတ်) မော်တော်ကား ဖြင့် သွားလျှင် ၁ နာရီ ခွဲဝန်းကျင်ခန့်ဖြင့်ရောက်သည်။ တာချီလိတ်မှ တာလေသို့ သွားသည့် လမ်းတလျှောက်တွင် လားဟူ၊ အခါ စသည့် တိုင်းရင်းသားများအများဆုံးနေထုိင်ကြသည်။ အများစုမှာ ရိုးရာ တောင်ယာအလုပ်ဖြင့်သာ အသက်မွေးကြပြီး အခြေခံအားဖြင့် ရိုးစင်းကြသည်။ သူတို့ ဓားမဦးချ နေလာခဲ့ရာ မြေကြီးကို သူတို့အသွေးထဲ အသားထဲကပင် ယုံကြည်ကြသည်။ သို့သော်ယခုကဲ့သို့ အင်အားပြင်းငလျင်နှင့် နောက်ဆက်တွဲ အဆုံးအရှုံးများကြောင့် သူတို့ခင်တွယ်စွဲလမ်းခဲ့ရာမြြေကီးအပေါ်တွင် သံသယရှိလာသည်ဟု ဒေသခံတချို့က ပြောသည်။ အများစုက သူတို့အိမ်တွေအပေါ်မှာ မနေရဲကြ။ အိမ်ရှေ့မြေကွက်လပ်ရှိသူများက အဆိုပါကွက်လပ်ထဲတွင် ယာယီတဲထိုးပြီးနေကြသည်။ တချို့ လမ်းဘေးတွင် မိသားစုသုံးလေးခု စုပေါင်းကာနေကြသည်များလည်းရှိသည်။
“ငါတို့ အိမ်ပေါ်မှာမနေရဲဘူး၊ နောက်တခါ ငလျင်ထပ်လှုပ်မှာ ကြောက်တယ်”ဟု တာချီလိတ်- တာလေလမ်းဘေးရှိ အိမ်တအိမ်မှ လားဟူအမျိုးသမီးကြီးတဦးက ရှမ်းသံဝဲဝဲဖြင့်ပြောသည်။ သူတို့မိသားစု မြေကြီးပေါ်မှာပင် ယာယီတဲကလေးထိုးကာ နေကြသည်။
မတ်လ ၂၄ ရက် အင်အားပြင်းငလျင်လှုပ်ခဲ့အပြီး ငလျင်အသေးစားလေးများ ဆက်တိုက်ဆိုသလို လှုပ်နေရာ သူတို့ သံသယ ပိုခိုင်လာသည်။ အမြင်ကျယ်သည့် အမည်မဖော်လိုသူ ဒေသခံတဦးက သူတို့ဒေသသို့ ဘူမိဗေဒပညာရှင်များ လာရောက်တိုင်းထွာကာ ဒေသခံများအား အကြောက်တရားပြေပျောက်အောင်နှင့် နောင်တချိန် ငလျင်ဘေးဒဏ် ကြံုခဲ့ရပါက မည်သို့ ပြုမူနေထိုင်ရမည်ကို ပညာပေးဟောပြောရန်မျှော်လင့်သည်ဟုပြောသည်။
“အခုဆို ခင်ဗျားတို့ ကြားတဲ့အတိုင်းပဲ ကွဲသွားတဲ့မြေကြီးတွေအောက်နေ ရွှံ့နှစ်ရောင် မြေကြီး အရည်တွေ ထွက်လာတယ်။ ဒီအနီးအနားပတ်ဝန်းကျင်မှာ ရွှံ့မီးတောင်တခုရှိတယ်။ အဲဒါကြီး ပေါက်ကွဲတော့မယ် စသဖြင့်အသံတွေ ထွက်နေတော့ ကြောက်တဲ့သူတွေက သိပ်ကြောက်ကြတယ်။ ကြောက်တာ လဲအပြစ်ပြောလို့မရဘူး။ သူတို့ရှေ့မှာ ကြောက်စရာကြီးက မျက်မြင်ကိုယ်တွေ့ဖြစ်ထားတာမဟုတ်လား။ အဲတော့ ပညာရှင်တွေက လာကြည့်တိုင်းထွာပြီး ကျနော်တို့ရဲ့ မြေကြီးအနေအထားတွေ ဘယ်လိုရှိ တယ်ဆိုတာ ကျနော်တို့ပြောပြရင်မကောင်းဘူးလားနော” ဟု သူကပြောသည်။
ရိုးသားပြီး ရိုးရာယုံကြည်မှုအစွဲအလမ်းကြီးမားသည့် ဒေသခံတိုင်းရင်းသားအများစုကမူ သူတို့ ရိုးရာ ယုံကြည်မှုအရ သူတို့ နေထိုင်ရာမြေကြီးအောက်တွင် နဂါးရှိပြီး ထိုနဂါးကြောင့် ငလျင်လှုပ်သည်ဟု ယူဆကြပြီး ထိုနဂါးကို မိမိတို့အိမ်ရှေ့တွင် သဲပုံစေတီတည်ပြီး အမွှေးတိုင်းဖယောင်းတိုုင်များထွန်းကာ ဘေးကင်းရန်ကွာရှိစေရန် ဆုတောင်းကြသည်။
အိမ်ပြိုပြီး အမေဆုံးပါးခဲ့ရသည့် တာလေမြို့ခံ ကိုသန့်ဇင်ကမူ နောက်တချိန် အိမ်ပြန်ဆောက်ဖြစ်ပါက ၂ထပ်တိုက်ဆောက်ရန် အနည်းငယ်တွန့်နေပြီဟု ပြောသည်။ ငလျင်သည် သူတို့ အကြားတွင် အရာရာအပေါ် မယုံကြည်မှုနှင့် သံသယကို မွေးဖွားပေးခဲ့သည်။
“အိမ်နဲ့တောင် မနေရဲတော့ဘူးထင်ပါရဲ့ဗျာ”ဟု နောက်ကျိဝေးဝါးဟန်ဖြင့် ဆံပင်ကိုသပ်တင်ရင်း ပြောပြသည်။
ခတောင်းကိုမြှောင်နေအောင်ကြိုက်ပြီး ငလျင်လှုပ်စဉ်က မြေအနိမ့်ပိုင်းသို့ တခြမ်းစောင်းသွားသည့် အိမ်ခေါင်မိုးပေါ်မှ သွပ်ပြားများကို ခွာနေသည့် အမျိုးသားကြီးတဦးက “နောက်ဆို ငါတို့ ဝါးတဲဆောက်ပြီး သက်ကယ်မိုးနေမှဖြစ်တော့မယ်” လှမ်းအော်ပြောသည်။ မိမိတို့ နေအိမ်အပျက်အစီးများကို ရှင်းလင်းနေသူ ဒေသခံများ မျက်နှာမှာ သံသယဖြင့် မှုန်နေကြသည်။ မသေချာမှုဖြင့် မျက်မှောင်ကုတ်နေကြသည်။
“နောက်တကြိမ် ဆုံးရှုံးရင်ဆိုတာ ရှိပါအုံးမလားဗျာ။ အခုရှိတာတွေ အားလုံးပျက်စီးဆုံးရှုံးကုန်ပြီ။ နောက်တချိန်ဆိုရင် ဆုံးရှုံးစရာ လူပဲရှိတော့မယ်။ လူဆိုလို့ ကိုယ်ကိုယ်တိုင်ပဲရှိတယ်ပြောတာ။ မိသားစုဝင်တချို့ အခုတခါထဲ ဆုံးကုန်ပြီ။ အဲတော့ဘာမှ ကြောက်နေစရာမလိုဘူး” ဟု ခေါင်မိုး သွပ်ပြားများကို ခွာနေသည့် အမျိုးသားကြီးကို အောက်မှ အမျိုးသားကြီးတဦးက ပြန်ပြောသည်။
ငလျင်ဒဏ်ခံစားခဲ့ရသူများမှာ လွန်ခဲ့သည့် ရက်အနည်းငယ် ညဦးပိုင်းက ဖြစ်ပွားခဲ့သည့် ကြောက်စရာ အဖြစ်ဆိုးကြီးကို ရင်ဆိုင်ဖို့ သူတို့ ခွန်အားကို သူတို့ တည်ဆောက်နေကြသည့်တိုင် ကြောက်ရွံ့စိတ်နှင့်သံသယက သူတို့ကို အမြဲတမ်း ပွတ်တိုက်နေသည်။ မြေကြီးကို ပြန်စိန်ခေါ်ဖို့ သူတို့ ပြန်လည်ပြင်ဆင်ကြသည့်တိုင် ဇဝေဇဝါစိတ်က သူတို့ကို အရိပ်လိုမိုးနေဆဲ။