ရန်ကုန်မြို့ ပန်းဆိုးတန်းက မနလ ရုံးလို့ ခေါ်တဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးရှေ့မှာ လူ ၂ဝဝ ခန့်ဝိုင်းအုံနေကာ အသံမျိုးစုံ ပေါ်ထွက်နေသည်။
ဘွဲ့ရပြီး ယောင် ၆ဝ ဖြစ်နေမယ့်အစား စင်္ကာပူဖြစ်ဖြစ်၊ မလေးရှားဖြစ်ဖြစ် တနေရာသွားပြီး အလုပ်လုပ်ဖို့ အိမ်က တိုက်တွန်းနေတာကြောင့် ပွဲစားမအပ်တော့ဘဲ ကိုယ့်ဟာကိုယ် ပတ်စ်ပို့လုပ်ရန် ထွက်လာခြင်းပင်။
ပွဲစားက အမြန်ကြေးကို ကျပ် ၂ သိန်းခွဲမှ ၃ သိန်းခွဲကြား ယူသည်။ အမြန်ဆိုသော်လည်း လူက ပွဲစားကို နေ့တိုင်း ဆက်သွယ်နေရသည်။
တနင်္လာနေ့မို့ လူပိုများတယ်လို့လည်း တချို့ ပြောနေသည်။ လွန်ခဲ့သည့် နှစ်များစွာက မနလ ရုံးသည် အခုထက် ပိုမိုကြာရှည်ပြီး ရှုပ်ထွေးသည့် လုပ်နည်းလုပ်ဟန်များ ရှိခဲ့ဖူးကြောင်း နာမည်ဆိုး သင်းခဲ့ဖူးသည်။
ရုံးဖွင့်လိုက်သည်နှင့် လူများ ပြံုပြီး ဝင်သွားကုန်သည်။ အဝင်အထွက်ဟု ရုံးမျက်နှာစာ အပြင်ဘက်တွင် သံတန်းများခံထားပြီး လုံခြံုရေးများ စောင့်နေသည့် ဂိတ် ၂ ဂိတ် ရှိတာကို တွေ့ရတာမို့ အဝင်ဘက်ကို ခပ်မြန်မြန် တိုးလိုက်သည်။
“ဟေ့ဟေ့ … နေဦးလေ။ မင်းအိတ်ကြီး ယူသွားလို့ မရဘူး။ ဒါက လုံခြံုရေးအရ အိတ်တွေကို အထဲယူလို့ မရဘူး။ ဒီတော့ အိတ်ကိုထားခဲ့ပါ” ဟု လုံခြံုရေးတဦးက ပြောလာသည်။
“မင်းအိတ်ကို အပြင်မှာ အပ်ခဲ့လိုက်၊ အပ်လို့ရတဲ့ နေရာတွေ ရှိတယ်” ဟု ဆိုကာ ခပ်လှမ်းလှမ်းရှိ အမျိုးသမီးတဦး ထိုင်နေသော ကွမ်းယာဆိုင်ဆီ သူက လက်ညှိုးညွန်လိုက်သည်။
စစချင်း အိတ်အပ်ခအဖြစ် ကျပ် ၂ဝဝ ထွက်သွားပြီ။
စိတ်တထင့်ထင့်နှင့် လက်ထဲက စာရွက်စာတမ်း တပုံတပင်ကြီး ကိုင်ကာ ရုံးထဲ ဝင်လိုက်သည်။ အထဲရောက်တော့ ဘယ်က စရမှန်း မသိတာနှင့် ရဲကို လှမ်းမေးတော့ ဘယ်လိုလုပ်ရမည်ကို အစအဆုံး ရှင်းပြလေသည်။ ပြီးတော့ မမှတ်မိရင် နံရံတွေမှာ အစီအစဉ်တွေ ရေးထားတယ် ကြည့်လိုက်ပါဟုလည်း ဆိုလေ၏။
ဓာတ်ပုံရိုက်ဖို့ ပထမဆုံး တန်းစီရသည်။ လူတွေက များလွန်းသဖြင့် ချွေးတပြိုက်ပြိုက် ထွက်လာသည်။ ၁ဝ မိနစ်ခန့်အကြာတွင် ဓာတ်ပုံရိုက်တဲ့ အစီအစဉ် ပြီးသည်။ လောလောဆယ်တော့ ပတ်စ်ပို့ဓာတ်ပုံဖိုးက ၃၅ဝဝ ကျပ်။
ပြီးရင် မှတ်ပုံတင်သန်းခေါင်စာရင်း စစ်ရမတဲ့။ ဒါနဲ့ မှတ်ပုံတင်စစ်သည့် နေရာကို ဆက်တိုးရပြန်၏။ အပြင်မှာ ကြားဖူးသည့် ‘ရစ်တယ်၊ ပြသနာရှာတယ်’ ဆိုတာများ မရှိ။ သို့သော် မှတ်ပုံတင်စစ် အရာရှိကို ၁ဝဝဝ တော့ ပေးလိုက်ရသည်။ သူ့ရှေ့ရှိ လူများ ပေးသွားတာ မြင်ရသဖြင့် လိုက်ပေးလိုက်ခြင်းပင်။
ဒါပြီးရင် ဖောင်ဝယ်ဖို့ ပထမထပ်ကို တက်ရမယ်တဲ့။ ပထမထပ်ရောက်တော့ ဖောင်ဝယ်သည်။ အလည်အပတ်ဟု ရေးထားသည့် ကောင်တာတွင် သူလိုချင်တဲ့ ဖောင်ကို ၂ဝဝဝ နှင့် ဝယ်ရပြန်သည်။ စာရွက်က ၁ဝ ရွက်နီးပါး ရှိ၏။ ဖြည့်စရာများကလည်း တပုံစံတည်းကို ၆ ရွက်ခန့် ပါသည်။ တခါတည်း ဖြည့်သွားရင် ကောင်းမလားဟု စဉ်းစားသေးသည်။ နေရာလပ်မရှိအောင် ပြည့်နေသော ရုံးထဲမှာ ဘယ်သွားဖြည့်ရမှန်းမသိ။
အောက်မှာတော့ စာအုပ်ဖိုးသွင်းမည့် လူ ၁ဝဝ ကျော်ခန့်က သူ့ရှေ့မှာ စောင့်ကြိုနေသည်။
သူ အခု ဝယ်လာသည့် ဖောင်ထဲတွင် ပါသည်ကို သတိပြုမိပြီး ပြန်ကြည့်လိုက်တော့ ငွေသွင်းစာရွက် ဖြစ်နေတာနဲ့ မတ်တပ်ရပ်ရင်း ငွေသွင်းစာရွက်ကို ဖြည့်လိုက်သည်။ နံရံမှာတော့ ငွေသွင်းစာရွက်ဖြည့်ပုံကို ပြသထားသဖြင့် အလွယ်တကူ ဖြစ်သွားသည်။
ငွေသွင်းအလှည့်ရောက်တော့ စာအုပ်ဖိုး ၁၉ဝဝဝ ကျပ်နဲ့ ဝန်ဆောင်ခ ကျပ် ၁ဝဝဝ ဟု ရေးထားသည်။ ဘယ်လို ဝန်ဆောင်လိုက်သည်မသိ မူးနောက်နေအောင် စောင့်နေရတဲ့ တန်းစီစနစ်တဲ့ ဝန်ဆောင်ပေးလိုက်တာကို ၁ဝဝဝ ပေးလိုက်ရတာ မတန်။
နောက်တနေ့ မနက်စောစောမှာ ပြန်လာ၊ ထုံးစံအတိုင်း တန်းစီပြီး ဓာတ်ပုံရွေးလိုက်၏။ ငွေသွင်းဘောင်ချာလည်း မိတ္တူလိုသည်။ ဒါနဲ့ အောက်ဆုံးပြန်ဆင်းပြီး ဘယ်မှာ ငွေသွင်းရမလဲ လိုက်ရှာသည်။ အဆောက် အအုံဟောင်းရဲ့ ထောင့်မှာ ငွေသွင်းသည့်နေရာ တွေ့ရသည်။ လျှပ်စစ်ဖြင့် စစ်ဆေးနိုင်သော သင့်မှတ်တမ်းအတွက် မှင်ဖိုး၊ စာရွက်ဖိုး၊ စက်ပစ္စည်းထိန်းသိမ်းခ ၁၂ဝဝ တဲ့။ ၁၂ဝဝ က အကြွေပြဿနာကြောင့် ၁၅ဝဝ ပေးလိုက်ရ၏။ နောက်တခေါက် အပေါ်ပြန်တက်လာလိုက်ပြီး ဖောင်ပြန်ဝယ်တော့ နောက် ၂ဝဝဝ ထပ်ကုန်ရပြန်သည်။
ဖြည့်ရမည်များ ကြည့်ပြီး စိတ်ကုန်ချင်လာသည်။ အဖေအမေ့ဘက်က ဆွေမျိုးညီအကို မောင်နှမတွေ အကြောင်းပါ ပါလာသည်။ ဒါနဲ့ တနာရီနီးပါးကြာအောင် မတ်တပ်ရပ်ရင်း ဖောင်ဖြည့်လိုက်ရ၏။ အားလုံးတော့ ပြီးပြီ၊ ဖောင်စိစစ်တဲ့ စားပွဲရှိရာ ဒုတိယထပ်သို့ ပြန်တပ်ဖို့က ရှိနေသေးသည်။ နံရံမှာ တွေ့ရသည့် လမ်းညွှန်ချက်များက မပြည့်စုံတော့ တက်ရဆင်းရ လုပ်ရတာများ ပိုကဲသွားတော့သည်။
ဒါတောင် အရင်ကထက် အများကြီး အဆင်ပြေလာတယ်တဲ့။ စိစစ်တဲ့ မမက စာရွက်များကို အသေးစိတ်ကြည့်ပြီး သေချာစီပေးသည်။ ဓာတ်ပုံလည်း ကပ်ပေးသည်။ အားလုံးပြီးသွားတော့ မောင်လေး ဒီကနေ့တရက်ထဲ အပြီးတင်ချင်လားဟု မေးသည်။ တခါတည်း ပြီးသွားတော့ ကောင်းတာပေါ့ဗျာဆိုတော့ သူက ဒါဆို ၃ သောင်းပေးရမယ်လို့ ဆိုလာသည်။
စျေးဆစ်တော့ ၂ သောင်းနဲ့ စျေးတဲ့သွားကာ သူ့ကို ဖောင် အပ်လိုက်သည်။ ခဏနေတော့ ချလံတခု ပါလာသည်။ အဲဒီချလံမှာ ယနေ့ နေ့စွဲနှင့် လေးလွှာမှာ သွားတင်လိုက်ဖို့ပဲ ရှိသည်။ မဟုတ်ရင် သူတို့ပြောတဲ့နေ့ကျမှ တခါပြန်လာပြီး တင်ရမည်။
အဲဒီချလံကို ပေးပြီး ပွဲစားနှင့် ရက်ပိုင်း အမြန်ရိုက်ထုတ်ချင်လျှင် တသိန်းခွဲနှင့် ရသည်။ မဟုတ်ရင် တလပြည့်တဲ့နေ့ နောက်ပိုင်း ထုတ်လို့ရပြီ။ နောက်ထပ် ၁၇ နှင့် ၁၉ လုပ်ဖို့ ၃ သောင်းခွဲခန့် ကုန်ရဦးမည်
ရဲတပ်သားချင်းအတူတူ လက်ကိုင်ဖုန်း တဝင့်ဝင့်နှင့် စမတ်ကျကျ ဝတ်စားကာ ထမင်းစားချိန်မှာပါ မနားဘဲ မနလ ရဲများကမူ လှုပ်ရှားနေဆဲပင် …။