ချင်းမိုင် ။ ။ မြန်မာနိုင်ငံ၏ အသက်ကြီးဆုံး စာရေးဆရာ အသက် ၉၂ နှစ်ရွယ် ဒဂုန်တာရာက ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်ကို နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး တနင်္လာနေ့က တိုက်တွန်းလိုက် သည်။
“ဒီလူတွေက အနာဂတ် မြန်မာနိုင်ငံတော်ကို ဖွဲ့စည်း တည်ထောင်ရမယ်လူတွေပဲဗျ အလကား လူတွေ မဟုတ်ဘူး၊ အပြစ်မရှိတဲ့လူတွေ လွှတ်ဖို့ကောင်းပြီဗျာ၊ နှစ်တွေကလည်း ကြာလှပြီ၊ အဲဒါကိုတော့ လေးလေး နက်နက် ပြောချင်တယ်၊ အဲဒီလူတွေဟာ ထောင်ထဲမှာ ရှိဖို့ မကောင်းတဲ့ လူတွေပဲ။ အဲဒီလူတွေကိုတော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကောင်းပြီ၊ ဒါ ကျနော် လေးလေးနက်နက် ပြောချင်တာပဲ။ အကယ်၍ ကျနော့်စကားကို နားထောင်မယ်ဆိုရင်ပေါ့ဗျာ။ အထူးသဖြင့် တောင်းပန်ချင်တာပါပဲ” ဟု ဆရာကြီး ဒဂုန်တာရာက မဇ္ဈိမကို ပြောသည်။
နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် မတ်လတွင် ကျင်းပသည့် လွှတ်တော်တွင် လွှတ်တော် အမတ်များ အဆိုပြုတင်သွင်းမှုများ ရှိခဲ့သေးသည်။ သို့သော် ထိုအဆိုပြုမှုမှာ လွှတ်တော်တွင်း မဆွေးနွေးမီ ပြည်ပမီဒီယာများသို့ ပေါက်ကြားခဲ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ဖျက်ခဲ့သည်။
လွှတ်တော်တွင်း ဆွေးနွေးမှုများသည် ပြည်သူလူထုဆန္ဒကို ကိုယ်စားပြုပြီး နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးသင့်ကြောင်းလည်း အစိုးရသစ်ကို ဆရာဒဂုန်တာရာက တိုက်တွန်းသည်။
“လွှတ်တော်ကတော့ တရားတယ် မတရားတယ် ကျနော် မပြောလိုဘူး၊ အခု လွှတ်တော် ရှိလာပြီဆိုတော့ လွှတ်တော်က ပြည်သူတွေရဲ့ အသံကို ဖမ်းလို့ရမယ်၊ ကလေးတွေကို လွှတ်ပေးပါ၊ သူတို့ဟာ အနာဂတ်ကို ပိုင်တဲ့လူတွေဗျ။ ကျနော် တောင်းပန်ချင်ပါတယ်” ဟုသူကဆိုသည်။
ဆရာဒဂုန်တာရာသည် ၁၉၅၂ က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်သည့် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ)၏ ဒုတိယ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံစာရေး ဆရာအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ ဆရာဒဂုန်တာရာသည် “စာပေသည် ပြည်သူ့အတွက်”ဟူသည့် ကြွေးကြော်သံဖြင့် ထင်ရှားသည့် ဒုတိယ ကမ္ဘာစစ်ပြီးစ စာပေသစ်လှုပ်ရှားမှုခေါင်းဆောင်၊ တာရာမဂ္ဂဇင်းပိုင်ရှင် အယ်ဒီတာအဖြစ် အထူးထင်ရှားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နိုင်ငံရေး အကျဉ်းသား ၆၅ဝ ကို လစဉ် ကျပ် ၅,ဝဝဝ နှုန်း ထောက်ပံ့ပေးနေသည်။
နိုင်ငံရေး အကျဉ်းသားများကို ကူညီမှုများပေးနေသည့် NLD လူမှုအထောက်အကူပြုအဖွဲ့မှ ဦးနိုင်းနိုင်းကလည်း နိုင်ငံရေး အကျဉ်းသားများသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကြိုးပမ်းရင်း အကျဉ်းကျခံရသူများဖြစ်၍ နိုင်ငံရေး အကျဉ်းသားများ မရှိသင့်ကြောင်း ဆိုသည်။ ထို့ပြင် ယခု ပြောင်းလဲလိုက်သည့် အစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ ဟန်ပြ လိုက်လျောမှုမျိုးပင် မရှိသေးကြောင်း ဝေဖန်လိုက်သည်။
“အခု သူတို့ အာဏာကို လွှဲပါတယ် ဆိုပြီးတော့ လူမြင်သူမြင်အောင်လုပ်တဲ့ အချိန်မှာဆိုရင်လဲ ဟန်ပြလောက် လုပ်ပြမယ် ထင်တာပေါ့လေ။ ဒါပေမဲ့ ဟန်ပြလေးတောင် မလုပ်ဘူး၊ စိတ်မကောင်းစရာပဲ” ဟုသူကဆိုသည်။
မြန်မာနိုင်ငံ၏ ထင်ရှားသည့် ကာတွန်းဆရာတဦးဖြစ်သူ ဆရာအော်ပီကျယ်ကလည်း နိုင်ငံရေး အကျဉ်းသားများ ယင်းတို့ အယူအဆ ခံယူချက်များကို ဖော်ထုတ်ပြသခြင်းကြောင့် အဖမ်းခံရနေပြီး ထိုအဖြစ်မျိုး မဖြစ်သင့်ဟု သုံးသပ်သည်။
“ဒီဟာတွေက ဖမ်းရမယ့်ကိစ္စ ထောင်ထဲနေရမယ့် ကိစ္စမှ မဟုတ်တာဗျာ သူတို့ တွေက ဖျက်လိုဖျက်ဆီး လုပ်တဲ့သူတွေလည်း မဟုတ်ပါဘူး၊ ကိုယ့်အယူအဆနဲ့ကိုယ် နေတဲ့သူတွေပဲဗျာ၊လွှတ်ကိုလွှတ်ပေးသင့် တာပေါ့ဗျာ” ဟုဆိုသည်။
နိုင်ငံသမ္မတ ဦးသိန်းစိန်၏ မတ်လ ၃ဝ ရက်နေ့ ကျမ်းကျိန်အပြီး မိန့်ခွန်းတွင် ငြိမ်းရေးခြင်း၊ တရားမျှတခြင်း စသည့် လောကပါလတရားများ ဖော်ဆောင်သွားမည်ဟု ပါရှိသည်။ ထိုလောကပါလ တရားများကို သမ္မတက ဖော်ဆောင်သွားရန်လိုအပ်ပြီး တိုင်းပြည်ကို တိုးတက်ချင်ပါက နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးသင့် ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ နိုင်ငံရေးဦးဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ဆိုသည်။
“နိုင်ငံရေး အကျဉ်းသားတွေမှာ ကောင်းမွန်တဲ့ စိတ်ကူး စိတ်သန်းတွေရှိတယ်၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက် စေချင်လို့ ထောင်ထဲရောက်နေကြတာကိုး။ သူတို့သာ လွတ်လာပြီး ဒီမိုကရေစီ လူ့အဖွဲ့အစည်းထဲမှာပါလာ မယ်ဆိုရင် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လာနိုင်မယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါကြောင့် ဒီလူတွေကို ပစ်ပယ်ပြီး ထောင်ထဲမှာ သိမ်းမထားသင့်ပါဘူး” ဟုဆိုသည်။
နိုင်ငံရေး အကျဉ်းသားများ စောင့်ရှောက်ရေး မြန်မာနိုင်ငံ AAPP(B) ၏ ယခုလထုတ် စာရင်းများအရ မြန်မာနိုင်ငံ၏ အကျဉ်းထောင်များတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝ၇၃ ယောက် ရှိနေသည်။