ချင်းမိုင် (မဇ္ဈိမ)။ ။ နွေရာသီအပူပြင်းထန် သဖြင့် မန္တလေးတိုင်းရှိ ညောင်ဦးနှင့်ကျောက်ပန်း တောင်း မြို့နယ်များတွင် ရေတွင်း၊ ရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးမှုနှင့် ကြံုတွေ့နေရကြောင်း ဒေသခံများ အဆိုအရ သိရသည်။
ညောင်ဦး တောင်ဘက် ၂ မိုင်ခန့်အကွာ ဧရာဝတီမြစ်နှင့် ၆ မိုင်ကျော် ဝေးသည့် ကန်နီပေါက်၊ ကျောက်ကန်၊ ဂျိုးကန်၊ ကျောက်ပြင်ကန်၊ ကုန်းတန်းကြီး၊ ကွင်းပြင်ကျယ်နှင့် မန်ကျီးတန်း ကျေးရွာတို့တွင် ယခုလဆန်းမှ စတင်၍ သောက်သုံးရေ ပြတ်လပ်မှု ကြံုတွေ့လာရခြင်း ဖြစ်သည်။
“ကန်ရေက ခန်းလာတော့ ၄ ပေသာသာပဲ ရှိတော့တယ်။ ရေက နောက်ပျစ်ပျစ် ဖြစ်လာတော့ ထမင်း ဟင်းချက်ဖို့နဲ့ သောက်ရေသန့် အတွက်တော့ သုံးလို့မရတော့ဘူး။ အဲဒီတော့ ရေချိုစက်တွင်းရှိတဲ့ ရွာတွေဆီမှာ သွားပြီး ဝယ်သုံးနေရတာပေါ့” ဟု ကန်နီပေါက် ရွာသားတဦးက မဇ္စျိမကို ပြောသည်။
ထိုကျေးရွာများမှာ မိုးကာလတွင် သိုလှောင်ခဲ့သည့် မိုးရေကန်များ ခန်းခြောက်လာပြီး၊ ရေများ နောက်ကျိ လာသဖြင့် ကျွဲ၊ နွား တိရစ္ဆာန်များနှင့် လူချိုးရေအတွက် အသုံးပြုနိုင်သော်လည်း သောက်သုံးရန်နှင့် ချက်ပြုတ်ရန်အတွက် အသုံးပြု၍ မရတော့ဟု ဆိုသည်။
သောက်သုံးရေပြတ်လပ်မှုနှင့် ကြံုတွေ့နေရသည့် အဆိုပါကျေးရွာများသို့ လာရောက်၍ ရေလှူဒါန်းသူ မရှိသေးဘဲ၊ ၃ ဂါလံဆံ့ ရေပုံတပုံးလျှင် ၂၅ ကျပ်၊ ၃၆ ဂါလံဆံ့ ရေစည်တစည်လျှင် ၂၅ဝ ကျပ် ပေး၍ ဝယ်ယူသုံးစွဲနေကြသည်။
ကျောက်ကန်နှင့် ကန်နီပေါက်တွင် စက်ရေတွင်း ရှိသော်လည်း ရေငန်သာ ထွက်ရှိသဖြင့် တိရစ္ဆာန်နှင့် လူချိုးရေ အတွက်သာ အသုံးပြုကာ သောက်သုံးရေအတွက်ကိုမူ ၎င်းတို့နှင့် ၁ မိုင်ကျော်ဝေးသည့် အရှေ့ဖွားစောရွာတွင် ရေပုံးထမ်းဖြင့်လည်းကောင်း၊ ရေစည်လှည်းဖြင့်လည်းကောင်း သွားရောက်ဝယ်ယူရသည်ဟု ရွာခံများက ပြောသည်။
နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဧပြီလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ မန္တလေးတိုင်း ညောင်ဦးမြို့တွင် အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ် ရှိကြောင်း ကြေးမုံသတင်းစာ၌ ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် မတ်လထဲတွင် သောက်သုံးရေ ရှားပါးခဲ့ပြီးနောက် သွပ်မိုးသည့် အိမ်များ၌ ရေတလျောက်များ ပြုလုပ်ကာ၊ ကွန်ကရစ်လောင်း ရေလှောင်ကန်ကြီးများ ပြုလုပ်၍ ရေသိုလှောင်ကြသည်ဟု မန်ကျီးတန်း ရွာခံတဦးက မဇ္စျိမကို ပြောသည်။
“ချက်ပြုတ်ဖို့နဲ့ သောက်ရေအတွက်တော့ အခက်အခဲ ရှိတာပေါ့။ ရေလှောင်ထားတဲ့ အိမ်တွေမှာ သွားဝယ်တာတို့၊ တောင်းသုံးတာတို့ လုပ်ကြတယ်” ဟု သူက ဆိုသည်။
အလားတူ ကျောက်ပန်းတောင်းမြို့နယ်အတွင်း အိမ်ခြေ ၁၈ဝ ခန့်ရှိ ကြံစို့ရွာနှင့် အိမ်ခြေ ၁၂ဝ ခန့်ရှိ တံခါးမရွာတွင်လည်း မတ်လကုန်ပိုင်းမှစ၍ သောက်သုံးရေပြတ်တောက်မှုနှင့် ကြံုတွေ့လာရကြောင်း ဒေသခံများက ပြောဆိုသည်။
ကြံစို့ရွာထိပ်တွင် ပုပ္ပားတောင်ပေါ်မှတဆင့် ကျောက်ပန်းတောင်းမြို့ပေါ်သို့ သွယ်တန်းပေးနေသည့် ပိုတ်လိုင်းမှ တနင်္ဂနွေ တရက်တွင် သောက်သုံးရေ ထုတ်ယူသုံးစွဲခွင့် ရရှိသော်လည်း အခကြေးငွေ မပေးသည့် အခါများတွင် စည်ပင်ဝန်ထမ်းများက ဂါလံ ၁ဝဝ ကျော်သာ ထုတ်ပေးသဖြင့် လောက်ငစွာ သုံးစွဲရန် မရရှိဟု ရွာခံများ အဆိုအရ သိရသည်။
ဧပြီလ ၄ ရက်နေ့မှစ၍ တံခါးမနှင့် ကြံစို့ ကျေးရွာများတွင် ကျောက်ပန်းတောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လူငယ်များက ထော်လာဂျီကားများပေါ် ရေစည်များတင်ကာ လှူဒါန်းပေးခဲ့သည်ဟု ပါတီလူငယ် ကိုဖြိုးက မဇ္စျိမကို ပြောပြသည်။
“ရေပြတ်တာတော့ တခြားရွာတွေလည်း ပြတ်နေတာပေါ့နော်။ အဲဒီထဲကမှ အဆိုးဆုံး လိုအပ်နေတဲ့ ရွာတွေကို ကျနော်တို့က သွားလှူတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မှာလည်း ပိုက််ဆံမရှိဘူး။ စေတနာရှင်တွေ လှူတဲ့ ငွေနဲ့ ကျနော်တို့က ရေ ၁ဝ စည်ပါတဲ့ ကားတစီးကို ၈ဝဝဝ ကျပ် ပေးဝယ်ပြီး ခေါက်တုန့်ခေါက်ပြန် သွားပို့ရတာ” ဟု သူက ဆိုသည်။
မန္တလေးတိုင်းအတွင်း၌ ၂ဝ၁ဝ ခုနှစ် မေလပိုင်းတွင် စံချိန်တင်အပူရှိန်မြင့်မှုကြောင့် သာစည်၊ တောင်သာနှင့် နွားထိုးကြီး မြို့နယ်များတွင် ရွာပေါင်း ၆ဝဝ ကျော် သောက်သုံးရေပြတ်လပ်မှု ခံခဲ့ရပြီး၊ မန္တလေးမြို့ သုသာန်များတွင်လည်း အပူရှိန်ကြောင့် ၁ ရက်လျှင် သေဆုံးသူ ဦးရေ ၁ဝဝ ကျော် သဂြိုင်္ဟ်ပေးခဲ့ရသည် များပင် ရှိခဲ့သည်။
မြန်မာနိုင်ငံ ရာသီဥတု အပြောင်းအလဲများကို ထုတ်ပြန်နေသည့် မိုးဇလ ပညာရှင် ဦးထွန်းလွင်က သူ၏ Myanmar Climate Change Watch ဝဘ်ဆိုဒ်တွင် ယခင်နှစ်ကဲ့သို့ အပူချိန် မမြင့်နိုင်သော်လည်း ဧပြီလ ၁၇ ရက်နေ့မှစ၍ ၅ ရက်အတွင်း ရန်ကုန်မြို့တွင် အပူချိန် ၁ဝဝ ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်တက်လာနိုင်ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် ဧပြီလ ၂ဝ-၂၁ ရက်များတွင် “ထစ်ချုန်းမိုးတွေ ရွာနိုင်ပါတယ်။ မိုးရေချိန်ကတော့ နည်းမယ်လို့ မှန်းရပါတယ်။ ဒါပေမဲ့ မွန်းလွဲညနေပိုင်းတွေမှာ ဖြစ်တတ်တဲ့ အဲဒီထစ်ချုန်းမိုးတွေနဲ့အတူ မိုးကြိုးပစ်တာနဲ့ မိုးသက်လေပြင်းကိုတော့ နေရာကွက်ပြီး ကြံုတွေ့နိုင်ပါတယ်” ဟု ဆိုသည်။