ဘန်ကောက် (မဇ္စျိမ)။ ။ ဘုရားဖူးမှအပြန် ကမ္ဘာလှည့်ခရီးသည်တင် ဘတ်စ်ကားနှင့်တိုက်မိ ကာ ကားမှောက်ရာမှ မြန်မာလုပ်သား ၅ ဦး သေဆုံးမှုတရပ် ဧပြီလ ၁၇ ရက်နေ့ မနက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့၌ဖြစ်ပွားခဲ့ သည်။
ဘုရားကြီးဟု ဒေသခံများခေါ်ဆိုသည့် ဝပ်ချလုံ ဘုရားဖူးမှအပြန် ကားမှောက်မှုတွင် ၄ နှစ်အရွယ် မနန်းကြာ၊ ၁၃ နှစ်အရွယ် အမျိုးသမီးတဦး၊ ၂၅ နှစ်အရွယ် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး စသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း လုပ်သားများနှင့် ကားမောင်းသူ ထိုင်းအမျိုးသား Thongdaeng Piwjun (၄၁ နှစ်) ပွဲချင်းပြီးသေဆုံး ခဲ့သည်ဟု တနင်္လာနေ့ထုတ် ဖူးခက်ဂေဇက် သတင်းတွင် ပါရှိသည်
မြန်မာဘုရားဖူး ၂ဝ ကျော် လိုက်ပါလာပြီး၊ ၎င်းတို့မှာ ဖူးခက် ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှ အလုပ်သမားများဖြစ်ကြသည်။
ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးငယ် နှစ်ဦးနှင့် အမျိုးသားတဦးမှာ ဖူးခက်ရှိ ဝါချီရာ ဆေးရုံ၌ ကုသမှု ခံယူဆဲဖြစ်ပြီး၊ ကျန်ရှိသူများမှာ ဆေးရုံမှ ပြန်ဆင်းပြီဟု ဆေးရုံသို့ သွားရောက်ကူညီခဲ့သည့် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း FED မှ ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုမိုးဝေက မဇ္စျိမကို ပြောသည်။
သင်္ကြန်နှစ်သစ်ကူးကာလ ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အတွင်း ထိုင်းနိုင်ငံတဝှန်း ယာဉ်မတော်တဆဖြစ်မှု ၃၂၁၅ ရှိခဲ့ပြီး၊ သေဆုံးသူ ၂၇၁ ဦးရှိကာ ထိခိုက်ဒဏ်ရာရသူ ၃၄၇၆ ဦး ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။