ဒက္ကားမြို့ ရခိုင်ရိုးရာ သင်္ကြန် မြန်မာသံအမတ် တက်ရောက်

ဒက္ကားမြို့ ရခိုင်ရိုးရာ သင်္ကြန် မြန်မာသံအမတ် တက်ရောက်
by -
စံလင်း

ဧပြီလ ၁၄ ရက် သင်္ကြန် အကျနေ့တွင်ပြုလုပ် သော တတိယ အကြိမ်မြောက် ဒက္ကားမြို့ ရခိုင် ရိုးရာ သင်္ကြန် ပွဲတော်သို့ မြန်မာ သံအမတ် ဦးမင်းလွှင်နှင့် ဇနီး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။

Myanmar-ambassador-to-Dhakaမြန်မာ သံအမတ် တစ်ဦးအနေဖြင့် ပထမဆုံး အကြိမ် ဒက္ကား ရခိုင်သင်္ကြန်ပွဲတော်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲတော်သို့ တက်ရောက်ခဲ့သူ လူငယ် တစ်ဦးက “ သူတို့ ရခိုင်သင်္ကြန်ပွဲတော်ကို စိတ်ဝင်တစား နဲ့ ကြည့်ရှု့ ခဲ့တာကို တွေ့ရပါတယ်။ ခါတိုင်း နှစ်တွေမှာတော့ မြန်မာ သံအမတ် ခုလိုလာတာ ကို မတွေ့ရပါဘူး။ ဒီနှစ်မှာတော့ တော်တော်ကို ထူးခြားပါတယ်” ဟု ပြောသည်။

ယခု ကျင်းပ ပြုလုပ်သော ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ရခိုင်ဗုဒ္ဓဘာသာ ဖွံဖြိုးရေးအသင်းမှ ဦးဆောင် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ပြုလုပ်ရသော ရည်ရွယ်ချက်ကို ဒက္ကား Branch အသင်းဥက္ကဌ ဒေါ်လှသိန်းက ယခုကဲ့သို့ ပြောသည်။

“ဒက္ကားမြို့မှာရှိတဲ့ ရခိုင်ကျောင်းသူကျောင်းသားတွေ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက် အောင်၊ ကိုယ့်ရိုးရာ ယဉ်ကျေးမှုအမွေနှစ်တွေကို မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းအောင်၊ ရခိုင် ရိုးရာဓလေ့ စရိုက်တွေ မတိမ်ကော၊ မပပျောက်အောင် လက်ဆင့်ကမ်းတဲ့ အနေနဲ့ ကျင်းပရခြင်း ဖြစ်ပါတယ်၊နောက်နှစ် တွေမှာလည်း ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်။” ဟုပြောသည်။

Myanmar-ambassador--Dhaka-rakhing-Thangranရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို ဒက္ကားမြို့ မီရ်ပူရှိ သက်လူမျိုး ဗုဒ္ဓဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ပွဲတော်သို့ရာပေါင်းများ စွာသော ရခိုင်အမျိုးသား အမျိုးသမီးများ သာမက တခြား ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့် သက်၊ မာရမာ နှင့် ဟိန္ဒူ လူမျိုးများလည်း လာရောက် အားပေးခဲ့သည်။

ယခုနှစ် သင်္ကြန်ပွဲတော်သို့ မဟားဇိုး (ရွာကြီး) ရိုးရာ အဖွဲ့နှင့် ဖလောင်းချိတ်မြို့မှ ကိုကျော်သန်း ဦးဆောင် သော ရခိုင်တီးဝိုင်းမှလည်း လာရောက်ဖြေဖျော်ခဲ့သည်။ စစ်တွေမှ အဆိုတော် ကိုမျိုးရခိုင်လည်း လာရောက် ရခိုင်သီချင်းများဖြင့် ဖြေဖျော်ခဲ့ကြောင်း သိရသည်။

ယခုနှစ် ဒက္ကားမြို့ ရခိုင်သင်္ကြန်မှာ အထူး စည်ကားခဲ့ပြီး ရခိုင်ရိုးရာအစဉ်အလာအတိုင်း ဘုရားရေ သပ္ပါယ်ခြင်း၊ သီလ ယူခြင်း၊ ငါးပါးသီလဆောက်တည်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ၎င်းနောက်ပိုင်း ရခိုင်ရိုးရာ ရေလောင်း မဏ္ဍပ်တွင် လူငယ်များ ရေကစားခဲ့ကြသည်ဟု သိရသည်။

Most read this week