ချင်းမိုင် (မဇ္စျိမ) ။ ။ ဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံများသို့ မြန်မာအစိုးရအဖွဲ့ဝင်အချို့ ခရီးသွားလာခွင့် ပိတ်ဆို့အရေးယူထားမှုကို အင်္ဂါနေ့မှစ၍ ရုပ်သိမ်းတော့မည်ဟု အေပီ သတင်းတရပ်တွင် ဖော်ပြထားသည်။
အစိုးရအဖွဲ့ဝင် အရပ်သားများအပေါ် ခရီးသွားခွင့် ပိတ်ဆို့မှုကို တနှစ်တိတိ ရုပ်သိမ်းပေးမည်ဟု အမည်မဖော် ပြသော EU အရာရှိတဦး၏ အဆိုကို အေပီက ကိုးကားဖော်ပြထားခြင်း ဖြစ်သည်။
သို့သော် ရုပ်သိမ်းခံရမည့် အရပ်သား အစိုးရ အဖွဲ့ဝင်များထဲ၌ ၂၀၁၀ ဧပြီလအထိ ဗိုလ်ချုပ်ကြီး ရာထူးဖြင့် စစ်ဘက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ လက်ရှိ သမ္မတသစ် ဦးသိန်းစိန် ပါဝင်ခြင်း ရှိမရှိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။
ထိုသို့ ပိတ်ပင်တားဆီးထားမှု လျှော့ချခြင်းအပေါ် ပြည်တွင်းပြည်ပ မြန်မာအတိုက်အခံများက ဝေဖန်ဖွယ် ရှိသော်လည်း အနောက်နိုင်ငံများမှ ထင်ရှားသော ပညာရှင်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အကြံပေးအဖွဲ့များ က EU ဆုံးဖြတ်ချက်ကို ကြိုဆိုဖွယ် ရှိသည်။
ဘရပ်ဆဲအခြေစိုက် နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေး အကြံပေးအဖွဲ့ International Crisis Group က အနောက်နိုင်ငံများကို မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုများနှင့် အခြားအရေးယူမှုများ ရုပ်သိမ်းပေးရန် မတ်လတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင်ထဲ၌ ထပ်လောင်းတိုက်တွန်းခဲ့သေးသည်။