နယူးဒေလီ (မဇ္စျိမ)။ ။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမည်ဆိုပါက အစိုးရသစ်နှင့်ဒီမိုကရေစီ အင်အားစုများအကြား ပွင့်လင်းသော ဆက်ဆံရေး လမ်းကြောင်းတခု ဖြစ်လာနိုင်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးကပြော သည်။
တနင်္လာနေ့တွင် ပြုလုပ်ခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌မြန်မာနိုင်ငံခြားရေး ဝန်ကြီးသစ် ဦးဝဏ္ဏမောင်လွင်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာ့နိုင်ငံရေးတွင်သက်ဆိုင်သူ အားလုံးနှင့် ဆက်သွယ်ရေးတံခါး ဖွင့်ထားကြောင်း ပြောဆိုခဲ့မှုအပေါ် တု့ံပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စက အရေးကြီးတာကိုးဗျ။ ရွေးကောက်ပွဲပြီးရင်ပဲ လွှတ်မလား၊ လွှတ်တော် ခေါ်ပြီးရင်ပဲ လွှတ်မလား၊ သမ္မတ ကျမ်းကျိန်ပြီးရင်ပဲ လွှတ်မလား၊ အခုဆို နိုင်ငံရေးအကျဉ်းသား မိသားစုနဲ့ ဒီမိုကရေစီ အင်အားစုတွေကတော့ နှစ်ဆန်းတရက်မှာပဲ လွှတ်မလားပေါ့။ ဒါတွေဖြစ်လာရင်တော့ ပြောဆိုထားတဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်း ဆက်ဆံကြဖို့ လမ်းပွင့်သွားတဲ့ သဘောတော့ ရှိတာပေါ့ဗျာ” ဟု ဦးတင်ဦးက မဇ္စျိမကို ပြောသည်။
အစိုးရသစ်နှင့် ဆက်ဆံရေးအတွက် လမ်းစပွင့်စေရန် ကြိုးစားသည့်အနေဖြင့် NLD ဒုဥက္ကဋ္ဌ လက်မှတ်ထိုးကာ သမ္မတ ဦးသိန်းစိန်ထံ ယခင်အပတ်ထဲတွင် စာတစောင် ပေးပို့ခဲ့သော်လည်း တု့ံပြန်မှုတစုံတရာမရှိသေး ကြောင်းလည်း ဦးတင်ဦးက မဇ္စျိမကို ပြောသည်။
“ဦးသိန်းစိန်ရဲ့ မိန့်ခွန်းက တရားဥပဒေစိုးမိုးရေးတို့၊ တရားမျှတရေးတို့၊ လောကပါလတရားတို့ပြောထား တော့ကာ ကျနော်တို့ကလည်း တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်လို့ ထိထိရောက်ရောက် လုပ်ပါဆိုတဲ့သဘော တိုက်တွန်းတာပဲ။ လက်ရှိအခြေအနေမှာ တရားရုံးတွေဘာတွေမှာ ပြောရဆိုရ လွတ်လွတ်လပ်လပ်မဖြစ်သေး တာကို ဖြစ်အောင် လုပ်ပေးပါလို့။ အပြုသဘောဆောင်တဲ့၊ ရရှိနိုင်တဲ့သဘောကို စမ်းသပ်ရေးလိုက်တဲ့ အစ သဘောပဲဗျ” ဟု သူက ပြောဆိုသည်။
တရားရုံးများတွင် အများမြင်သာအောင် စစ်ဆေးရေးကဲ့သို့ နမူနာများကို ထောက်ပြပြီး လွတ်လပ်သော တရားစီရင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့ကို အမှန်တကယ်ဖော်ဆောင်ရန် စာထဲတွင်တိုက်တွန်းထား သေးသည်။
ထို့ပြင် ၎င်းစာမှာ NLD ၏ ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်ပါ ရင်ကြားစေ့ရေး သဘောထားများနှင့် တဆက်တည်းဖြစ်သည်ဟု ဦးတင်ဦးက ဆိုသည်။
စာပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ အစိုးရသစ်အနေဖြင့် မည်မျှ လိုက်လျောလာနိုင်သည်ကိုမူ ဦးတင်ဦးက “နောက်ပိုင်း လာတာ ကြည့်ရမှာပဲ။ အရင်လိုပဲ သွားတာပဲလား။ ဦးသိန်းစိန်ကလွတ်လွတ် လပ်လပ် လုပ်နိုင်တဲ့ အနေအထားတွေ ရှိသလား” ဟု သူက ပြောသည်။