ရလခ တိုင်းသစ်အတွက် မြေသိမ်းခံရသူများ သျှမ်းပြည် ဝန်ကြီးချုပ်ထံ တိုင်တန်း

ရလခ တိုင်းသစ်အတွက် မြေသိမ်းခံရသူများ သျှမ်းပြည် ဝန်ကြီးချုပ်ထံ တိုင်တန်း
by -
သျှမ်းသံတော်ဆင့်

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တည် ဆောက် လျက်ရှိသော သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲ၌ မြေဧက ရာချီ  သိမ်းယူသည့် ကိစ္စနှင့် ပတ်သက်၍ သျှမ်းပြည်ဝန်ကြီးချုပ်ထံ ဒေသခံများ သွားရောက် တိုင်တန်း ကြကြောင်း သိရှိရပါသည်။

“မြေတစ်ဧကကို တစ်သိန်းခွဲနဲ့ အတင်းရောင်းခိုင်းတယ်။ မြေပိုင်ရှင်တွေက သဘောမတူဘူး။ မြေတိုင်းရုံးမှာ ခေါ်တွေ့ ပြီး လက်မှတ်ထိုးခိုင်းတာ ၂ ခါရှိပြီ။ ဖေဖော်ဝါရီလမှာ တစ်ခါ။ မတ်လ ၂၈ ရက်နေ့မှာ တစ်ခါ။ လက်မှတ်မထိုးလို့ ခြိမ်း ခြောက်တာတွေလဲ ရှိတယ်” ဟု  မြေသိမ်းခံရသူ ဦးကျော်ကျော်အောင်နှင့်နီးစပ်သူ တစ်ဦးက ပြောပါသည်။

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (ရလခ)၊ ဆေးရုံ၊ လျှပ်စစ်ရုံး၊ တိုင်းမှူး နားနေဆောင်၊ ပန်းခြံနှင့် ဂေါက်ကွင်း တည်ဆောက်ရန် မြေပိုင်ရှင် ၂၀ ဦးအား စစ်အာဏာပိုင်များက အတင်းအဓမ္မ လက်မှတ်ထိုး ခိုင်းခဲ့ရာ၊ လက်မှတ်ထိုးရန် ငြင်းဆန်သော  ဦးကျော်ကျော်အောင် အပါအဝင် မြေပိုင်ရှင် ရ ဦးကသျှမ်းပြည် ဝန်ကြီးချုပ်ထံ တိုင်တန်းရန် ယခုလ ၈ ရက်နေ့ တောင်ကြီးသို့  ထွက်ခွာသွားပြီဖြစ်ကြောင်း၎င်းကဆက်လက် ပြောပါသည်။

လက်မှတ်ထိုးပေးလိုက်သော မြေပိုင်ရှင် ၁၃ ဦး၏ မြေ ဧက ၁၀၀ ကျော်ကိုတော့ ယခုလ ၈ ရက်နေ့၌ စစ်တပ် အရာ ရှိများ သိမ်းယူလိုက်ပြီ ဖြစ်ကြောင်း မြေသိမ်းခံရသူတစ်ဦးက ယခုလို ပြောပါသည်။ 

“တစ်ဧက တစ်သိန်းခွဲဆိုတာ စာချုပ်ထဲမှာဘဲ ရှိတယ်။ မြေသိမ်းဖို့ ရပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဆန်းဦး ရဲ့ ညွှန်ကြားချက် ဖြစ်တာကြောင့် တပြားမှ မပေးနိုင်ဘူးလို့ ကုမ္ပဏီက ပြောလာတယ်။ သိမ်းထားတဲ့ မြေတွေကိုလဲ မြေတူးစက်နဲ့ လာ ရှင်းသွားပြီးပြီ။ ဒေါ်နန်းညွှန့်နဲ့ ဦးရာစိန်တို့ မောင်နှမလဲ စည်ပင်စိုက်ပျိုး ဥယျာဉ် လုပ်ဖို့ဆိုပြီး အိမ်ပါ ဖျက်ပေးလိုက်ရ တယ်။ လက်မှတ်ထိုးပေးလိုက်တဲ့ မြေပိုင်ရှင် အချို့ကိုတော့ ဆေးရုံအနောက်ဘက် ကျိုင်းတောင်းသွား ကားလမ်း ဘေးက စိုက်ပျိုးဖို့ မဖြစ်နိုင်တဲ့ ၄၀ x ၆၀ ပေ ပတ်လည် မြေတွေနဲ့ အစားထိုး လျော်ပေးတာတော့ရှိတယ်”

မြေသိမ်းခံရပြီး အတင်းအကြပ် လက်မှတ်ထိုးလိုက်ရသူ ၁၃ ဦးမှာ-
(၁) ဒေါ်နန်းညွှန့် ရပ်ကွက်(၁)၊  ၁၅၀ x ၁၅၀ ပေ ပတ်လည်
    (စိုက်ပျိုးရန် မဖြစ်ထွန်းသည့် ဆေးရုံအနောက်ဘက်ရှိ ၄၀ x ၆၀ ပေ ရှိ မြေကွက်ဖြင့်အစားပြန်                   လျှော်ပေး)
(၂) ဦးရာစိန် ရပ်ကွက်(၁)၊ ၁၅၀ x ၁၅၀ ပေ ပတ်လည်
     (စိုက်ပျိုးရန် မဖြစ်ထွန်းသည့် ဆေးရုံအနောက်ဘက်ရှိ ၄၀ x ၆၀ ပေ ရှိ မြေကွက်ဖြင့်အစားပြန်                  လျှော်ပေး)
 (၃) ဒေါ်နန်းခမ်း ရပ်ကွက်(၁)၊ ၁၁၄ x ၂၄၀ ပေ ပတ်လည်
    (စိုက်ပျိုးရန် မဖြစ်ထွန်းသည့် ဆေးရုံအနောက်ဘက်ရှိ ၄၀ x ၆၀ ပေ ရှိ မြေကွက်ဖြင့်အစားပြန်                  လျှော်ပေး)
(၄) ဦးစိုင်းလိန်ခမ်း ရပ်ကွက်(၃)၊ ၁၃၀၀ x ရ၀၀ ပေ ပတ်လည်
      (ဤမြေကွက်အား သိန်းငါးရာ စျေးပေးထားသူရှိပြီး ဦးစိုင်းလိန်ခမ်း၏ ဘိုးဘွားပိုင်မြေဖြစ်ကာအာဏာပိုင်        က ခုတင် ၁၀၀ ဆံ့ ဆေးရုံဆောက်လုပ်ရန် ဘောင်ခတ်သိမ်းပစ်)
(၅) စိုင်းအိုက်ဆိုင် ရပ်ကွက်(၄) ၊ ၁၄၂ x ၂၂၅ ပေ ပတ်လည်
    (လိမ္မော်ခြံ ပါသည့်အတွက် သိန်းခြောက်ရာ စျေးပေးထားသူရှိသော်လည်း အခမဲ့သိမ်းယူခြင်းခံရ။                  ၄၀ x ၆၀ ပေ ဖြင့်သာအစားပြန်လျော်ပေး)
(၆) လုံးခမ်း ရပ်ကွက် (၆) ၊ ရ၀၀ x ၃၀၀ ပေ ပတ်လည်
    (လျှပ်စစ်ရုံးဆောက်ရန်အတွက် အသိမ်းခံရ)
(၇) ပါ့ခမ်းလှ ရပ်ကွက်(၆)၊ ရ၀၀ x ၃၀၀ ပေ ပတ်လည်
    (လျှပ်စစ်ရုံးဆောက်ရန်အတွက် အသိမ်းခံရ)
(၈) ဦးအိုက်ဆန် ရပ်ကွက်(၆)၊ ၁၁ ဧကခွဲ
(၉) ဦးကျင်းဆုံ ရပ်ကွက်(၆)၊ ၄ ဧက
(၁၀) ဦးကြားဆန်းပေါင်း ရပ်ကွက်(၆)၊ ၁၂ ဧက
(၁၁) ရန်ဟွာစိန်း ရပ်ကွက်(၆)၊ ရ ဧက
(၁၂) လုံးလီ ရပ်ကွက် (၆)၊ ရ ဧက
(၁၃) ပီစိန်ဥ ရပ်ကွက် (၆)၊ ၃ ဧက - တို့ဖြစ်ကြသည်။

တိုင်းစစ်ဌာနချုပ်သစ်နှင့် အခြားအဆောက်အဦးများကို အေးရှားဝေါလ် (Asia World) နှင့် အမေးဇင်းဝမ်း (Amazing One) ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည်။ မည့်သည့်နေရာ၌ မည်သည့်အဆောက် အဦး ဆောက်လုပ်မည်ကိုမူ ရပခ ဂျီဝမ်းက ဆုံးဖြတ်ချက်ချ ညွှန်ကြားသည်ဟုလည်း သိရှိရပါသည်။

Most read this week