ဒုတိယ ပင်လုံညီလာခံကို ကျားဖြူပါတီ လက်မခံ

ဒုတိယ ပင်လုံညီလာခံကို ကျားဖြူပါတီ လက်မခံ
by -
မွေခေါဝ်

၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး အစီအစဉ်ကို ၂၀၁၀ ရွေးကောက်ပွဲဝင် သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ (SNDP) က လက်မခံနိုင်ကြောင်း ထုတ်ဖေါ်ပြောဆိုလိုက် ပါသည်။

SNDP-Flag-and-Tiger-logo

“ကျားဖြူပါတီ အနေနဲ့ ဒုတိယ ပင်လုံညီလာခံ ကို လုံးဝ နားမလည်ဘူး။ ကျနော်တို့ ပါတီ၊ ကျနော်တို့ သဘောထားက တော့ ဒုတိယ ပင်လုံညီလာခံ ကို လုံးဝ လက်မခံနိုင်ဘူး။” ဟု ကျားဖြူပါတီမှ စီးပွားရေးတာဝန်ခံ ဦးစောသန်းမြင့် က သျှမ်းသံတော်ဆင့် သို့ ပြောပါသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယမန်နှစ် နိုဝင်ဘာလတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ခေတ်နှင့် လျော်ညီသော တိုင်းရင်းသားများ အားလုံး ပါ၀င်နိုင်မည့် “၂၁ ရာစု ပင်လုံညီလာခံ” ခေါ်ယူသင့်ကြောင်း ပြောဆိုခဲ့သည်။

ဦးစောသန်းမြင့် ကမူ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်၌ ပြုလုပ်ခဲ့သော ပင်လုံညီလာခံကို သျှမ်းစော်ဘွားများ ဦးဆောင်၍ ပြုလုပ်ခဲ့ သော်လည်း ၎င်းတို့ တောင်းဆိုခဲ့သော အခွင့်အရေးများ ယနေ့တိုင် ခံစားခွင့် မရှိဘဲ ဆုံရှုံးခဲ့ရကြောင်း၊ ထို့ကြောင့် နောက်ထပ် တစ်ကြိမ် အခွင့်အရေး ဆုံးရှုံးမည်ကို လက်မခံနိုင်ကြောင်း၊ သို့ဖြစ်၍ တရားဝင် ပါတီ အားလုံး ညှိနှိုင်း၍ လက်ရှိအစိုးရကို တိုက်တွန်း တောင်းဆိုခြင်း၊ ဆွေးနွေး ခြင်းကိုသာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောသည်။

တစ်ဖက်တွင် ကျားဖြူပါတီ ပါ၀င်သော “ဒီမိုကရေစီ မိတ်ဆွေပါတီများ” ဟု မိမိဘာသာ ခေါ်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီ (၁၀)ခု က ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို ပြေငြိမ်းစေရန် ထိုပဋိ ပက္ခ၌ ပါ၀င် သက်ဆိုင်သူအားလုံး တက်ရောက်ညှိနှိုင်း အဖြေရှာနိုင်သည့် ပြည်ထောင်စု ညီလာခံတစ်ရပ်ကို အစိုးရ သစ်က ပြုလုပ်ကျင်းပပေးရန် တောင်းဆိုထားသည်။

“အစိုးရက ဦးဆောင်မှ အလုပ်ဖြစ်တာ။ ကျနော်တို့က ဦးဆောင်လို့ မရဘူးလေ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စ အားလုံး၊ လက်ရှိအစိုးရက ဦးဆောင်ပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံး၊နိုင်ငံရေးပါတီ တွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးစေချင်တယ်” ဟု ဦးစောသန်းမြင့်က ပြောပါသည်။

ပြည်ထောင်စု ညီလာခံတစ်ရပ် ဖြစ်ပေါ်လာရန် အတွက် လိုအပ်လျှင် နိုင်ငံရေး ပါတီကြီးများဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော တရားဝင် နိုင်ငံရေးပါတီများဖြင့်သာ ညှိနှိုင်းဆောင်ရွက်လိုကြောင်း လည်း ကျားဖြူပါတီမှ ပြောကြားခဲ့ပါသည်။

Most read this week