မဲခေါင်မြစ်အတွင်း ဓါးပြတိုက်မှုဆက်တိုက်ဖြစ် တရုတ်အာဏာပိုင်များ စိတ်ဆိုး

မဲခေါင်မြစ်အတွင်း ဓါးပြတိုက်မှုဆက်တိုက်ဖြစ် တရုတ်အာဏာပိုင်များ စိတ်ဆိုး
by -
သျှမ်းသံတော်ဆင့်

ယခုနှစ် ဖေဖော်ဝါရီလကစ၍မဲခေါင်မြစ်အတွင်း  စက်လှေဓါးပြတိုက်ခံရမှု  ၆ ကြိမ်မှ ၁၀ ကြိမ်အထိ ရှိပြီဖြစ် ကြောင်း အဆိုပါ ဓါးပြတိုက်မှုအတွက် တရုတ်အာဏာပိုင်များ အလွန်အမင်းစိတ်ဆိုး နေ ကြောင်း မိုင်းဖုန်း ပါရာဒိုက်စ်ဟိုတယ်ဝန်ထမ်း တဦးကပြောသည်။

001-golden-triangle

“ အများအားဖြင့် အစုန်လှေကို သူတို့ဓါးပြမတိုက်ဘူး။ အစုန်လှေက အရှိန်နဲ့ဆင်းလာတော့ သူတို့ တားလို့မရဘူး လေ။ တော်နေကြာ သူတို့ကိုပါတိုက်သွားမှာပေါ့။ ထိုင်းဖက်က တက်လာတဲ့ အဆန်လှေကုန်လှေတွေကို တိုက်တာ။ အဆန်ဖြစ်တဲ့အထဲ ကုန်ကလဲပါတော့ တားလို့လွယ်တယ်လေ။ မဲခေါင်မြစ်ထဲမှာ Discovery  မှတ်တမ်းရိုက်နေတဲ့ Al Jazeera လှေတောင်မှ ပြီးခဲ့တဲ့ ၂ ပါတ်က ဓါးပြတိုက်ခံရတာဘဲ။ သတင်းထောက်မှာပါတဲ့ ယွမ် သုံးသောင်းနဲ့ လှေမောင်း ယွမ် ၈ သောင်း ပေးရတယ်။”

“ နော်ခမ်းအဖွဲ့က အခုလို ၂ လ အတွင်း အကြိမ်ပေါင်းများစွာ ဓါးပြတိုက်နေတော့ တရုတ်အာဏာပိုင်တွေက စိတ်ဆိုး တာပေါ့။ ဗမာအာဏာပိုင်တွေကိုလဲ ‘ ခင်ဗျားတို့ မိအောင်မဖမ်းပေးရင် ကျုပ်တို့လူတွေစေလွှတ်ရ လိမ့်မယ်’ လို့ပြောတဲ့အထိဖြစ်တယ်” ဟု အဆိုပါ ဝန်ထမ်းကပြောသည်။

သို့သော် ယမန်နှစ်ကလဲ ဤကဲ့သို့ ဓါးပြတိုက်မှုအပြီး တရုတ်အာဏာပိုင်များ မိုင်းဖုန်းဂွင်အတွင်း လနှင့်ချီ လာရောက်နေထိုင်ခဲ့ ဖူးကြောင်း သို့သော် ဓါးပြအား မဖမ်းမိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ဓါးပြတိုက်၊ ပြန်ပေးဆွဲနေသည်မှာ ၀ တပ်ဖွဲ့ဟုပြောသူများရှိသကဲ့သို့ ၀ တပ်ဖွဲ့သည် တရုတ်နှင့်အနေနီးသဖြင့် တရုတ် ငြိုငြင်အောင်လုပ်မည်မဟုတ်။  ထိုဒေသ၌လှုပ်ရှားနေသော ပြည်သူ့စစ်တပ်ဖွဲ့ကမူဓါးပြတိုက်နေသည်မှာ နော်ခမ်းအဖွဲ့သာဖြစ်ကြောင်း အတည် ပြုပြောဆိုသည်။

“ ခင်ဗျားတို့စဉ်းစားကြည့်လေ။ ၂၀၀၉ ဖေဖော်ဝါရီတုန်းကလဲ လှေတွေကိုပြန်ပေးဆွဲတယ်။ ဓါးပြတိုက်တယ်။ နော်ခမ်း အဖွဲ့ဘဲ။ ၂၀၁၀ ဖေဖော်ဝါရီလဲ လုပ်တယ်။ အခုဒီနှစ်ကျတော့ ဖေဖော်ဝါရီကတည်းက အခု ဧပြီတောင်ရောက်နေပြီ။ တိုက်နေတယ်။ နော်ခမ်းမဟုတ်ရင် ဘယ်သူမှ မရှိဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ဧပြီ ၂ ရက် ကမဲခေါင်မြစ်အတွင်း ပြေးဆွဲနေသည့်  King Roman Casino လောင်း ကစားရုံ၏ တရုတ်လူမျိုး ၁၉ ယောက် ပါ စက်လှေ ၃ စီးပြန်ပြေးဆွဲကာ တယောက်လျှင် တရုတ်ငွေ ယွမ် ၆ သောင်း ပြန်ရွေးရမည်ဟု  သတင်းထွက်နေ သော်လည်း  လောင်းကစားရုံကမူ ၎င်းတို့ထံသို့ တိုက်ရိုက်အကြောင်းကြား လာခြင်းမရှိဟု အတည်ပြုပြောဆိုသည်။

“ ကျနော်တို့ ဆီကိုတိုက်ရိုက်ဆက်သွယ်ပြောကြားတာတော့မရှိဘူး။ ကျနော်တို့သိသလောက်တော့ သူတို့က တော်တော်အတင့်ရဲတယ်။ ဗမာဖက်ခြမ်းကနေ လောဝ်ဖက်ခြမ်းအထိ လာဖမ်းတယ်။ အဲဒါ ၄ ရက်နေ့ကပေါ့” ဟု လောင်း ကစားရုံမှ ဝန်ထမ်းတဦးကပြောသည်။

မဲခေါင်မြစ်တလျှောက် အဆိုပါဒေသအတွင်း လှုပ်ရှားနေသောတပ်ဖွဲ့မှာ ၁၀ နှစ်ကျော် လွမ်းမိုးနေသည့် MTA လက် ကျန် နော်ခမ်း ခေါင်း ဆောင် သည့် လူသူလက်နက်အင်အား ၁၀၀ ကျော် ရှိသည့် ရွှေတြိဂံမူးယစ်ဂိုဏ်းရှိသည်။

ယမန်နှစ် ဖေဖော်ဝါရီလ ၂၀ ရက် ကလည်း မိုင်းဖုန်းကျေးရွာအုပ်စု မြောက်ပိုင်း ၀မ့်ဆမ်ပူးရွာအနီးမဲခေါင် မြစ်ထဲ၌ ၀မ့်ပုံဒေသခံ ပြည်သူ့စစ် ၂ ယောက် (ဗမာတယောက်၊ သျှမ်းတယောက်) နှင့် မိုင်းဖုန်းအခြေစိုက်ပုလိပ် စခန်းမှူး အပါအဝင် ၁၃ ယောက်ပစ်သတ်ခံခဲ့ရဖူးသည်။ ထိုစဉ်ကလည်းနော်ခမ်းအဖွဲ့၏လက်ချက်ဖြစ်သည် ဟု တာ့ပုံဒေသ ခံများက ခန့်မှန်းကြသော်လည်း တရားခံကိုဖမ်းဆီး မိနိုင်ခြင်း မရှိခဲ့ပေ။

Most read this week