အဝေမတည့်မှုကြောင့် လားဟူ ပြည်သူ့စစ်နှင့် ဗမာစစ်တပ် အကြား ပစ်ခတ်မှုဖြစ်ပွါး

အဝေမတည့်မှုကြောင့် လားဟူ ပြည်သူ့စစ်နှင့် ဗမာစစ်တပ် အကြား ပစ်ခတ်မှုဖြစ်ပွါး
by -
သျှမ်းသံတော်ဆင့်

သံလွင်မြစ်ကြောတလျှောက်ကျွန်းသစ်ခုတ်ယူမည့် ကုမ္မဏီထံမှဆက်ကြေးအခွန်ရရေးအဝေမတည့်မှုနှင့် ပါတ် သက်၍  မိုင်းတုံ  လားဟူပြည်သူ့စစ်တင်ဝင်း၏ တပည့်နှင့် သံလွင်မြစ် တာ့ဆန်းတံတား စောင့် ဗမာစစ်သား တို့ ပစ်ခတ်မှုဖြစ်ပွါးရာ ဗမာတပ်သား ၂ ယောက် အပြင်းအထန်ဒဏ်ရာရပြီး သေဆုံးဘွယ်ရှိ ကြောင်း စုံစမ်းသိရသည်။

p13a

“ တင်ဝင်းရဲ့တပည့် ပန်တ ရဲ့အဖွဲ့ပေါ့။ အဲဒီ ဗမာဂိတ်စောင့်တွေနဲ့ ကတောက်ကဆ စကားများ လာတာ ကြာပြီ။ အခွန်ကောက်မယ့်ကိစ္စနဲ့ပါတ်သက်တာပေါ့။ ပြီးခဲ့တဲ့ လဝက်လောက်ကတည်းကဘဲ။ အခုကိစ္စက ဗမာဖက်က လားဟူပြည်သူ့စစ်တပ်စခန်းကို သက်သက် သွားပစ်တာ” ဟု လားဟူ ပြည်သူ့စစ်အသိုင်း အဝိုင်းနှင့်ဝင်ဆန့်သည့် မိုင်းတုံဒေသခံတဦးကပြောသည်။

လားဟူပြည်သူ့စစ်စခန်းအား တာ့ဆန်းတံတားလုံခြုံရေး ခမရ ၅၁၉ မှ စစ်သားများ သွားရောက်ပစ်ခတ် ခြင်းဖြစ်ကြောင်း၊ ၂ ဖက်စလုံး အင်အား ၁၀ ဝန်းကျင်စီသာရှိကြကြောင်း၊ ကင်းစောင့် လားဟူပြည်သူ့စစ်   တပ်သားတဦး ဒဏ်ရာရကာ ဗမာတပ်သား ၂ ဦး ဒဏ်ရာရ အပြင်းအထန်ရကြောင်း သိရသည်။

“ဗမာစစ်သား ၂ ယောက်က ဒဏ်ရာတော်တော်ပြင်းတယ်။ အသက်ရှင်ဖို့ မျှော်လင့်ချက် သိပ်မရှိဘူး”  ဟု ဆေးရုံဝန်ထမ်းတဦးကပြောသည်။

သံလွင်မြစ်ကြောတလျှောက် ကားလမ်း မပေါက်သေးသည့် တောနက်ပိုင်းတွင် သက်ရင့် လုံးပါတ်ကြီးသည့် ကျွန်းသစ်များကျန်နေသေးကြောင်း၊ အဆိုပါ ကျွန်းသစ်များ  ပါမစ်ရ မဟာကြာ၏ အက်စ် သုံးလုံးကုမ္မဏီ၊ စိုင်းနော်ခမ်း(ကျိုင်းတောင်း)၏ ထွန်းထွန်းမြတ် ကုမ္မဏီနှင့် တောင်ကြီး တရုတ်လောပန်းအဖွဲ့လုပ် ပေးသည့် အိုက်တာ့ပူး တို့ ဖြစ်ကြသည်ဟုလည်း သိရသည်။

ကျွန်းသစ်များ ခုတ်ပြီး သံလွင်မြစ်အတိုင်း မျောချသကဲ့သို့ အခွင့်အလမ်းသာပါက တာချီလိတ်သို့ ကားဖြင့် ပို့ကြကြောင်း၊ ထိုမှတဆင့် ထိုင်းသို့တင်သွင်းခြင်း၊ မဲခေါင်မြစ်မှအထက်ပိုင်းသို့ ဆွဲတင်၍ တရုတ်သို့ တင်ပို့ ရောင်းချကြကြောင်း အဆိုပါ ပြည်သူ့စစ်အသိုင်းအဝိုင်းထံမှသိရသည်။