တာလီဘန်နှင့် ဆက်သွယ်သည့် သံသယဖြင့် ဖမ်းဆီးခံရသူ ၁၉ ဦးကို ယနေ့ ရုံးထုတ်ပြီ

တာလီဘန်နှင့် ဆက်သွယ်သည့် သံသယဖြင့် ဖမ်းဆီးခံရသူ ၁၉ ဦးကို ယနေ့ ရုံးထုတ်ပြီ
by -
တာကလူး

တာလီဘန်နှင့် ဆက်သွယ်သည့် သံသယဖြင့် နစက မှ ဖမ်းဆီး ထိန်းသိမ်းထားသူများထဲမှ (၁၉) ဦးကို ယနေ့ ဗုဒ္ဓဟူးနေ့တွင် မောင်တော မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးနေပြီဖြစ်ကြောင်း သတင်း ရရှိသည်။

နစကမှ အဆိုပါ ဖမ်းဆီးထားသူများကို တရားဥပဒေအတိုင်း စီရင်နိုင်ရန် မတ်လ (၂၈) ရက်နေ့နှင့် ယခုလ (၁)ရက်နေ့တွင် မြို့နယ်တရားရုံး တရားသူကြီးရှေ့မှောက်တွင် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ကြိုတင်ထွက်ဆိုချက် (သို့) ဖြောင့်ချက် ပေးခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ရုံးထုတ် စစ်ဆေးခြင်း ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဒီနေ့သူတို့ကို ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။ နစက က သူတို့ကို တရားဥပဒေအတိုင်း စစ်ဆေး စီရင်နိုင်အောင် မတ်လ (၂၈)နေ့ နဲ့ ယခုလ (၁)ရက်နေ့ကနေ တရားသူကြီးရှေ့မှာ ဖြောင့်ချက် အသီးသီး ပေးခဲ့ပြီးတာနဲ့ ခုလို ရုံးထုတ်စစ်ဆေးလာတာဖြစ်ပါတယ်” ဟု သူက ပြောသည်။

ယခုအမှုတွင် နစကမှ လက်ရှိသုံးမိုင်စစ်ဆေးရေးဂိတ်မှူး ဒုရဲမှူး အောင်သာဝင်းက အဓိက တရားလိုဖြစ်ပြီး၊ ၄င်းဖမ်းဆီးထားသူများကို မတရားအသင်း ပုဒ်မများဖြစ်ကြသည့် ၁၇(၁)၊ ၁၇(၂) တို့ဖြင့် အမှုဖွင့်တရားစွဲဆို ထားကြောင်း သိရှိရသည်။

တရားရုံးရှေ့နေ တစ်ဦးက ပုဒ်မ ၁၇(၁) မှာ မတရားအသင်း အက်ဥပဒေ ဖြစ်ပြီး မတရား အသင်းများနှင့် ဆက်သွယ်မူ၊ ပံ့ပိုးမူ၊ ကူညီအားပေးသူတို့အား စွဲဆိုသော ပုဒ်ဖြစ်ပြီး ၁၇ (၂) မှာ အဆိုပါ မတရားအသင်းတွင် အဖွဲ့ဝင် ဖြစ်သူများကို စွဲဆိုသော ပုဒ်မများ ဖြစ်ကြောင်း ပြောသည်။

လက်ရှိနစကမှ တရားစွဲ ရုံးထုတ်စစ်ဆေးနေသည့် ဖမ်းဆီးခံထားရသူများမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ ဦးဇော်ဝင်း (ခ) ဖေရုအာလမ် (ခ) ကာလူ၊ ရယက ဥက္ကဌဟောင်း၊ အဖ- ဦးရွှေမောင် (ခ) မိုဟာမက် ချောဖိ၊ ခမောင်းဆိပ်ကျေးရွာ

၂။ ဦးကျော်မောင် (ခ) အဘူကလောင်၊ ရယက ဥက္ကဌဟောင်း၊ အဖ-ဦးလှရွှေ (ခ) အဘဒူချောဖိ၊ ခမောင်းဆိပ်မြောက်ရွာ

၃။ ဦးချစ်မောင် (ခ) ဒီးလ်မိုဟာမက်၊ ရယက အတွင်းရေးမှူး၊ အဖ-ဦးအာလီဟူဆိန်း၊ ခမောင်းဆိပ်မြောက်ရွာ

၄။ ဦးချစ်နိုင် (ခ) ချောဖိအူလ်မူဆ၊ အဖ-ဦးချစ်မောင် (ခ) ဒီးလ်မိုဟာမက်၊ ခမောင်းဆိပ်မြောက်ရွာ

၅။ ဦးစောလွင် (ခ) မိုဟာမက်ကာရိမ်၊ အဖ- ဦးချစ်မောင် (ခ) ဒီးလ်မိုဟာမက်၊ ခမောင်းဆိပ်မြောက်ရွာ

၆။ ဦးလှမြင့် (ခ) ချောဖိအာလမ်၊ အဖ- ဦးမိုဟာမက်ချောဖိ၊ ခမောင်းဆိပ်တောင်ရွာ

၇။ ဦးဖောဇောအာလီ၊ အဖ- ဦးဖောဇောကာရိမ် (ခ) ဆောယော့ဟူဆိန်း၊ ဘင်ဒရာကျေးရွာ

၈။ ဦးစောလွင် (ခ) ဆောလိမ်၊ အဖ-ဦးနာဇီအာမက်၊ ဆိုင်းဒူလာခွဆုံကျေးရွာ

၉။ ဦးဇီယာဘူဟောက် (ခ) မော်လဝီ ဟူဆိန်း၊ ရယကဥက္ကဌဟောင်း၊ ရဲအောင်ကြက်ပွဲ ကျေးရွာ၊

၁၀။ ဦးအဘူတိုယု၊ အဖ-ဦးချာမ်ချူအာလမ်၊ ကြောင်နဘေးကျေးရွာ

၁၁။ ဦးခင်မောင်အေး (ခ) ဆီရာဇူဟောက်၊ အဖ- ဦးအာချာရာဖ် ဇာမာလ်၊ သဌေးချေင်းအရှေ့ရွာ

၁၂။ ဦးကျော်နိုင် (ခ) အာလီဂျူဟာ၊ အဖ- ဦးဇာဖာအာမက်၊ ရဲဘော်ကျ ခမောင်းဆိပ် ကျေးရွာ

၁၃။ ဦးမိုဟာမက်အာယတ်၊ အဖ-ဦးအီလီယာစ်၊ ရဲဘော်ကျ ခမောင်းဆိပ်

၁၄။ ဦးမိုဟာမက်ချောဖိ၊ အဖ- အဘဒူမာလက်၊ မောင်ခင်အုပ်စု ကျေးရွာ

၁၅။ ဦးမူစတာအာမက်၊ အဖ- ဦးမိုဇူမီယာ၊ ခမောင်းဆိပ်အရှေ့ရွာ

၁၆။ ဦးဒီးလ်မိုဟာမက်၊ အဖ-ဦးဘောဇောလ်ရာမန်၊ ရဲအောင်အရှေ့ရွာ

၁၇။ ဦးမိုဆက်ကော်လီ၊ အဖ- ဦးဘော်ချူ၊ ခမောင်းဆိပ်ကျေးရွာ

၁၈။ ဦးတင်ရွှေ (ခ) အဘဒူဇော်လီ၊ အဖ- ဦးအာဇိမ်အူဒိန်၊ ရွာသစ်ကျေးရွာ

၁၉။ ဦးဖေရုစ်အာမက်၊ အဖ- ဦးအဘဒူဇာဘာ၊ ဆိုင်းဟူလာခွဆုံကျေးရွာ

ယနေ့ နံနက် ၁၁း၃၀ နာရီ အချိန်အတွင် အထက်ပါဖမ်းဆီးခံထားရသူများကို မောင်တောမြို့နယ် တရားရုံးတွင် ရဲ၊ လုံထိန်း နှင့် နစကတပ်ဖွဲ့များဖြင့် လုံခြံုရေးတင်းကျပ်စွာချထားပြီး စစ်ဆေးမူများ ပြုလုပ်နေကာ ပြင်ပလူများကို လုံးဝဝင်ခွင့်မပေးပဲ တရားစစ်ဆေးနေကြောင်း တရားရုံးဝင်းထဲမှ အမှုထမ်းတစ်ဦးက ပြောသည်။

သူတို့နှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည့် ခမောင်းဆိပ်မှ အာရဘီ ကျောင်းအုပ်ဆရာ မော်လဝီဖောရိ မှာ နစက၏ ရိုက်နှက်မေးမြန်းခဲ့မှုကြောင့် လက်လွန်သေဆုံးသွားခဲ့သဖြင့် ယခုရုံးထုတ်ရာတွင် ပါ၀င်လာခြင်းမရှိကြောင်း သိရှိရသည်။

ခမောင်းဆိပ် ဥက္ကဌဟောင်း ဦးဇော်ဝင်း (ခ) ဖေရုအာလမ် (ခ) ကာလူ ကို သူ့နေအိမ်မှ သူအဖွဲ့၏ ဆေးတံဆိပ်တုံး၊ စာရွက်စာတန်းများ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ် ထားသည့်စာရွက်စာတန်း များ၊ ဂျီဟက် ခေါ် မူဆလင်ဘာသာဝင်တို့၏ တိုက်ပွဲ တာဝန် အကြောင်း ရေးသားထားသည့် စာအုပ်များ နှင့်အတူ မတ်လ (၄)နေ့တွင် နစကမှ ဖမ်းဆီးခဲ့ပြီး နောက်ပိုင်း ယခုအမှု ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဦးဇော်ဝင်းကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း သူနှင့် ဆက်စပ်နေသည့် လူ (၁၀၀) ကျော်ကိုလည်း မောင်တော မြောက်ပိုင်း နစက နယ်မြေ (၁) နှင့် နယ်မြေ (၂) အတွင်းကျေးရွာများမှ ဖမ်းဆီးခဲ့သည်။ ထိုအထဲမှ အဓိက ခေါင်းဆောင်မှုပိုင်းတွင် ပါ၀င်လှုပ်ရှားနေသည့် အထက်ပါ ၁၉ ဦးကို တရားဥပဒေအတိုင်း အရေးယူရန် ယနေ့တွင် ရုံးထုတ် စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရသည်။

ကျန်သူများမှာ နစက ဌာနချုပ်နှင့် နစက နယ်မြေ (၁) (၂) တို့တွင် ဖမ်းဆီး ထိန်းသိမ်း ထားဆဲဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Most read this week