ငါး၊ ပုဇွန် မွေးမြူပါက ဓာတုဆေးဝါး မသုံးရန် တားမြစ်

ငါး၊ ပုဇွန် မွေးမြူပါက ဓာတုဆေးဝါး မသုံးရန် တားမြစ်
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ) ။     ။ အကောင်ကြီးထွားမှု မှန်ကန် စေရန် ငါး ပုဇွန်များ မွေးမြူရာ၌ ဓာတုဆေးဝါးများ ကျွေးမွေးခြင်းများ မလုပ်ရန် ထပ်မံ တားမြစ်လိုက်ပြီး စစ်ဆေးမှုများ လုပ်မည်ဟု ငါးလုပ်ငန်း ဦးစီးဌာနက ဗုဒ္ဓဟူးနေ့တွင် မြန်မာ့အလင်း သတင်းစာမှတဆင့် သတိပေးလိုက်သည်။

မွေးမြူရေးကန်များကို ၂ လတခါ ပုံမှန်စစ်ဆေးမည် ဖြစ်သလို၊ သတင်းရလျှင်လည်း ရှောင်တခင် စစ်ဆေးပြီး တွေ့ရှိပါက ထိရောက်စွာ အရေးယူမည်ဟု ဆိုသည်။
 
ငါးမွေးမြူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၃၁ အရ ဒဏ်ငွေ ကျပ်တသောင်းနှင့် ထောင်ဒဏ် ၂ လ (သို့) ဒဏ် ၂ ရပ်စလုံးဖြင့် ပြစ်ဒဏ်ကျခံရနိုင်သည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှ အဆင့်မြင့်အရာရှိတဦးက ပြောသည်။

“ငါးတို့၊ ပုဇွန်တို့ကို စျေးကွက်အမြန်ဝင်နိုင်ဖို့အတွက် အကောင်အမြန်ကြီးထွားအောင် ဓာတုဆေးဝါးတွေ သုံးတယ်။ ဒီအခါမှာ စားသုံးသူတွေကို ထိခိုက်မှုတွေ ရှိလာနိုင်တဲ့အတွက်ရယ်၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေ မီလာအောင်ရယ် ရည်ရွယ်ပြီး ထုတ်ပြန်တာပါ” ဟု  မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီးဌာန အဆင့်မြင့် အရာရှိတဦးက မဇ္စျိမကို ပြောသည်။
 
ငါး/ပုဇွန် အကောင်များကို အမြန်ကြီးထွားစေရန် အသုံးပြုသည့် သဘာဝမဟုတ်သည့် ဆေးများမှာ Oxytetracycline/ Oxolinic acid/ Chloramphenicol/ Nitro furans/ Tetracycline/ Sulfanilamide/ Neomycin/ Chloroform/ Chlopromazine/ Nitromidazoles/ Colchicines/ Daps one/ Dimetridazole/ Metronidazole/ Clenbuterole/ Ronidazoles/ Malachite green and leuco Malachite green တို့ ဖြစ်သည်ဟု သတိပေးချက်တွင် ပါရှိသည်။

''ဒီကြေညာချက်ကို ကျမလည်း ဖတ်လိုက်ရပါတယ်။ ဒီဆေးတွေကို ကြည့်လိုက်တော့ အဲဒီဆေးတွေသုံးထားတဲ့ ငါးတွေကို လူတွေက ရေရှည် စားသုံးမယ်ဆိုရင် အစာအိမ်တွေ၊ ကလီစာတွေထဲမှာ အဆိပ်အတောက်တွေ ဖြစ်လာနိုင်သလို နောက်ဆုံး ကင်ဆာရောဂါအထိ ဖြစ်နိုင်ပါတယ်။ ဒီဆေးတွေက ငါးကိုသုံးမှ မဟုတ်ဘူး၊ ကြက်တို့၊ ဝက်တို့၊ မွေးမြူရေး တိရစ္ဆာန်တွေမှာသုံးလို့ စားသုံးသူတွေက စားရင် အလားတူ ထိခိုက်မှုတွေ ရှိလာမှာပဲ'' ဟုမြန်မာနိုင်ငံ ဆရာဝန်များအသင်းအဖွဲ့မှ ဒေါက်တာ မီမီကိုက မဇ္စျိမကို ပြောသည်။

အချိန်တိုအတွင်း အရောင်းအဝယ်စျေးကွက်သို့ ဝင်နိုင်ရန်နှင့် စီးပွားရေးလုပ်ကွက်များ၌ တွက်ခြေကိုက်ရန် ဓာတုဆေး အသုံးပြုခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရှိ ငါးမြစ်ချင်း၊ ငါးကြင်းဖြူ၊ ငါးတန်၊ ရေချိုငါးမုတ်နှင့် ငါးသိုင်းခေါင်းပွ မွေးမြူနေသည့် လုပ်ငန်းရှင်တဦးက မဇ္စျိမကို ပြောသည်။
 
“သူ့ပုံမှန်အတိုင်းသွားရင် အစာစျေးနဲ့ အချိန်ကာလနဲ့က ကျနော်တို့အတွက် မကိုက်တာ တကယ်ပါ။ ဒါကြောင့် ဆေးက အနည်းဆုံး တမျိုးလောက်တော့ သုံးဖြစ်တယ်။ မွေးမြူရေးခြံတိုင်းလို သုံးနေကြတာပါ။ တချို့ကလည်း ဆေးကို ၃-၄ မျိုးလောက်ထိ သုံးကြပါတယ်” ဟု သူက ပြောသည်။
 
မွေးမြူရေးခြံများတွင် ပြည်တွင်းပြည်ပ စားသုံးသူများထံ အဓိကထား၍ အများဆုံး မွေးမြူသည့် ငါးမြစ်ချင်းစျေးမှာ ၂ဝ၁ဝ ဒီဇင်ဘာလတွင် ပြည်ပတင်ပို့သည့် ၁၈ ဂရန်မှ ၂၄ ဂရန်အရွယ် တပိဿလျှင် ၂၂၅ဝ ကျပ် ရှိခဲ့ရာမှ ယခုပေါက်စျေးမှာ ၁၈ဝဝ ကျပ်နှင့် ပြည်တွင်းသုံး ရ ဂရန်မှ ၉ ဂရန်အရွယ် တပိဿလျှင် ၂၁ဝဝ ကျပ်မှ ယခုအခါ ၁၆ဝဝ စျေးထိ ကျခဲ့သဖြင့် မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးပေါ်နေသည်ဟု သူက ဆိုသည်။
 
ရန်ကုန်၊ ဧရာဝတီ၊ မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းအတွင်း ငါး/ပုဇွန် မွေးမြူရေးကန် ၂ သိန်းခွဲခန့်ရှိပြီး၊ ငါးမွေးမြူသည့် မြေဧက ၂၁၈၅၉၅ ဒဿမ ၉၉၂ နှင့် ပုဇွန်မွေးဧက ၂၂၄၉၄၉ ဒဿမ ၅၆ ရှိသည်ဟု ငါးလုပ်ငန်း ဦးစီးဌာန စာရင်းအရ သိရသည်။
 
မြန်မာနိုင်ငံထွက် ငါးများကို အရှေ့အလယ်ပိုင်းဒေသ ကူဝိတ်၊ ဆော်ဒီအာရေးဗီးယားနှင့် တောင်အာရှမှ ဘင်္ဂလားဒေ့ရှ် အပါအဝင် ဥရောပနိုင်ငံများသို့ တင်ပို့နေပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ရဝဝ ကျော် ခန့်မှန်းခဲ့သော်လည်း ၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင် ဒေါ်လာ ၃၅၄ သန်းကျော်သာ ရရှိခဲ့သည်။
 
ထို့အပြင် ယင်းမတိုင်မီ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှ အမေရိကန်ဒေါ်လာ ၄၉၆ သန်း ရှိခဲ့သည်။

Most read this week