ရန်ကုန်တွင် ချိန်ကိုက်ဗုံး တွေ့

ရန်ကုန်တွင် ချိန်ကိုက်ဗုံး တွေ့
by -
မဇ္ဈိမသတင်းဌာန

မဇ္စျိမသတင်းဌာန ။      ။ရန်ကုန်တိုင်း ကျောက်တံ တား မြို့နယ်၌ ဧပြီလ ၃ ရက် မနက်တွင်လက်လုပ် ချိန်ကိုက်ဗုံး တလုံးအား တာဝန်ရှိသူများ ဖယ်ရှား နိုင်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ထုတ် မြန်မာအလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။

ဆူးလေဘုရားလမ်း ဇင်ယော်ကားမှတ်တိုင်အနီး အုတ်ခုံပေါ်၌ နှင်းဆီပန်းပွင့် ၂ဝ ခန့်အောက်တွင် ဇစ်ပိုမီးခြစ် ဓာတ်ငွေ့ရည်ပြည့်ဘူး နှစ်ဘူး၊ သုတ်ဆေးအနီရောင် ဆေးဘူးနှစ်ဘူး စုပုံထားပြီး၊ ဂက်စ်မီးခြစ်ပေါက်သံနှင့်အတူ မီးလောင်ပေါက်ကွဲခဲ့ရာမှ ထပ်ဆင့်ဖောက်ခွဲရန် တပ်ဆင်ထားသည့် ဗုံးအား ဖယ်ရှားရှင်းလင်းခဲ့သည်ဟု ဆိုသည်။
 
ယင်း ချိန်ကိုက်ဗုံး ဆက်စပ်ပစ္စည်းများဖြစ်သည့် ထိုင်းတယ်လီဖုန်းလိုင်း SIM Card နှင့် နိုကီရာဖုန်း အဟောင်းတလုံး၊ UPG တံဆိပ်ပါ ဒဿမ ၂၅ ဂါလံဝင် သုတ်ဆေး အနီရောင်ဆေးဘူး နှစ်ဘူး၊ အဖြူရောင် C4 ယမ်းပြင်း ဒဿမ ၂၅ ပေါင်၊ အဖုံးမပါ အပြာနုရောင် ပလတ်စတစ် ကွန်ပါဘူး၊ ဝိုင်ယာကြိုးတပ်လျက် လစ်သီယမ် ဘက်ထရီ၊ ဝိုင်ယာကြိုးနှစ်ချောင်းပါ လျှပ်စစ်ဒီတိုနေတာနှင့် 10 Amp ရှိ ဖြူ့စ်တို့ကိုပါ ဖယ်ရှားနိုင်ခဲ့ကြောင်း ပုံနှင့်တကွ ဖော်ပြထားသည်။

သို့သော် လေ့လာသူများက ထိုင်းတယ်လီဖုန်းလိုင်းမှာ ရန်ကုန်တွင် အသုံးပြု၍ မရခြင်းကို မှတ်ချက်ပြုကြသည်။