မွန်ဒေသအတွင်းဒုက္ခသည်စခမ်းများကို ရိက္ခာအကူအညီလျော့ချ

မွန်ဒေသအတွင်းဒုက္ခသည်စခမ်းများကို ရိက္ခာအကူအညီလျော့ချ
by -
ဆူးပန်း

ဆူးပန်း(ဧပြီ-၅)။ ။ မွန်ပြည်နယ်အတွင်း ထိုင်းမြန်မာနယ်စပ်ဘက်မှာရှိတဲ့ ဒုက္ခသည်စခမ်းတွေမှာ ဒီနှစ်ပိုင်းကစပြီး သက်ဆိုင်ရာအကူညီပေးရေးအဖွဲ့တွေကနေ ယခင်ပေးနေကျစားနပ်ရိက္ခာတွေကို လျော့ချလိုက်တယ်လို့ စခမ်း ကော်မီတီတွေကပြောပါတယ်။

မွန်ပြည်သစ်ပါတီထိန်းချုပ်ဧရိယာမှာရှိတဲ့ ဒုက္ခသည်စခန်းနဲ့ ပြန်လည် ထူထောင် ရေးစခမ်းက အခြေအနေတွေကို မွန်ကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေး ကော်မီတီအတွင်းရေးမှူး နိုင်ဗညားအိန်က အခုလိုပြောပါတယ်။

“ပြီးတဲ့နှစ်ကတော့ ကျွန်တော်တို့ကို တစ်နှစ်ကိုသုံးလစာတော့ပေးတယ်။ တစ်လကို(၁၆) ကီလိုလူကြီးတွေ ကိုလေ။ ဤသက်(၅)နှစ်အောက်ဆိုရင် ကျွန်တော်တို့(၈)ကီလိုပေးတယ်။ ဒီနှစ် ကျတော့ လူကြီးတွေကို(၈)ကီလိုခွဲလျော့ချပေးတယ်။ နှစ်ကီလိုခွဲလျော့ချတယ်ပေါ့။ ပြန်စဉ်းစားကြည့်ရင်တော့လည်း သူတို့က နည်းနည်းပါးပါးတော့အခက်ခဲရှိတာပေါ့လေ။”

မွန်ပြည်သစ်ထိန်းချုပ်ထားတဲ့ဧရိယာမှာဆိုရင် ထားဝယ်ခရိုင်ဒေသရယ် ရေးချောင်းဖျားဒေသရယ် ခလော့ဟနီဒုက္ခသည်စခမ်းဆိုပြီး ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးစခန်း(၃)နေရာရှိသလို လူဦးရေ တစ်သောင်းကျော်ရှိတယ်လို့ မွန်ကယ်ဆယ်ရေးနဲ့ဖွံ့ဖြိုးရေးကော်မီတီ အတွင်းရေးမှူးနိုင်ဗညားအိန်ကပြော ပါတယ်။

အလားတူထိုင်းနိုင်ငံစံခလပူရီမြို့နဲ့ ကီလိုမီတာ(၄ဝ)နီးပါးအကွာမှာရှိတဲ့ ဘန်ဒုန်ယန်းဒုက္ခသည်စခမ်းမှာ လည်း သက်ဆိုင်ရာအန်ဂျီအိုအကူအညီပေးရေးအဖွဲ့တွေကနေ စားနပ်ရိက္ခာအကူအညီ လျော့ချလိုက် တယ်လို့ စခမ်းကော်မီတီဝင်တစ်ဥိးကပြောပါတယ်။ ဒီလိုလျော့ချလိုက်တဲ့အတွက် ဒုက္ခသည်တွေအနေနဲ့ စားဝတ်နေ ရေးအတွက် ခက်ခဲမှုရှိနေတယ်လို့ စခန်းနေကျောင်းဆရာကိုထွန်းလွင်က အခုလိုပြောပါတယ်။

“ဒီဒုက္ခသည်စခန်းမှာရိက္ခာတချို့ဖြတ်လိုက်တာ ဒုက္ခသည်တွေအနေနဲ့ကတော့ အခက်အခဲတော့ရှိတာ ပေါ့နော်။ အကုန်လုံးမဟုတ်ဘူးဆိုပေမဲ့ သူဖြတ်တဲ့ရိက္ခာတွေကဆန်ရယ်ဆီရယ်ပြီးတော့ဒီမီးဖိုချောင်သုံးပစ္စည်း တွေဖြစ်တဲ့ မီးသွေးကအစဖြတ်တယ်။ တချို့မီးသားစုတွေဆို မလောက် မငှတွေဖြစ်တော့အခက်ခဲပေါင်းစုံ တော့ ကြံုရတယ်ပေါ့။”

ဘန်ဒုန်ယန်းဒုက္ခသည်စခမ်းဟာ ကရင်စစ်ပြေးဒုက္ခသည်တွေအများစုနေထိုင်တာဖြစ်ပြီး မွန်ထားဝယ် မြန်မာတွေလည်းနေထိုင်နေပါတယ်။ စခန်းရဲ့အခြေအနေတွေကိုတော့ စခန်းကော်မီတီလဲဖြစ် စခန်းကျန်းမာ ရေး တာဝန်ခံကိုမင်းရွှေကအခုလိုပြောပါတယ်။

“ကျွန်တော်တို့ဒီမှာကျတော့ တပ်မဟာ(၆)ကနေလာကြတယ်။ တပ်မဟာ(၄)တို့ဘာတို့ လာကြတယ် လေဒီမှာ။ အထူးသဖြင့်ကျတော့ စစ်ပြေးဒုက္ခသည်တွေများပါတယ်။ အဲတချို့လူတွေကျတော့တတိယနိုင်ငံ ထွက်ချင်လို့ရှိတော့ရှိတယ်။ ဒါပေမဲ့သိပ်များများတော့မဟုတ်ပါဘူး။ ကျွန်တော်တို့စခမ်းကလဲ(၄ဝဝဝ)ကျော် တယ်။ လူဦးရေနော်။”

လက်ရှိအခြေအနေအရ နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းလဲရေးကိုလက်မခံတဲ့ မွန်ပြည်သစ်ပါတီနဲ့ မြန်မာစစ်အစိုးရတို့အကြား ငြိမ်းချမ်းရေးပျက်ပြယ်သွားတဲ့အနေအထားမှာရှိနေပြီးလို့ မွန်ပြည်သစ်ပါတီက ပြော ပါတယ်။ တကယ်လို့စစ်အစိုးရကနေ ထိုးစစ်ဆင်လာမယ်ဆိုရင်် စစ်ပြေးဒုက္ခသည်တွေပိုများလာနိုင်မှာ ဖြစ်သလို သူတို့အတွက်အခက်ခဲပိုရှိလာနိုင်တယ်လို့ ကျောင်းဆရာကိုထွန်းလွင်ကပြောပါတယ်။

“ဒီမွန်ပြည်သစ်ပါတီအနေနဲ့ ဒီလက်နက်ကိုင်တော်လှန်ရေးပြန်ပြီးတော့ဖြစ်လာပြီးဆိုလို့ရှိရင်တော့အဲဒီရဲ့ ဒဏ် တွေကတော့ ဒီအနီးအနားမှာရှိတဲ့ ကျေးရွာတွေအဓိကအားဖြင့် ကျွန်တော်တို့ဒုက္ခသည် စခမ်းကတော့ ရိုက်ခတ်မှုခံရမှာဘဲ။ ဘာဖြစ်လဲဆိုတော့ မွန်ပြည်သစ်ထိမ်းချုပ်နယ်မြေဖြစ်တဲ့ခလော့ဟနီနဲ့ ဒီဘန်ဒုန်ယန်း ဒုက္ခသည်စခမ်းဆိုရင် နီးနီးလေးဘဲဆိုတော့ တခုခုဖြစ်လာရင်တော့ ဒီအထဲမှာ အကြပ်အတည်းက တစုံတရာရှိလာမှာ။ ဖြစ်လာပြီဟေ့ဆိုရင်တော့ ဒီစစ်ပြေးဒက္ခသည်တွေဖြစ်လာမယ် ရှိလာရင်တော့ ကျွန်တော်တို့မလောက်တဲ့ ရိက္ခာတွေအခက်အခဲတွေရှိနေတယ်ဆိုတော့ ဒီဝင်လာတဲ့ဒုက္ခသည်တွေအနေနဲ့ ဆိုရင်တော့ ပိုပြီးတော့အခက်အခဲရှိမယ်။ ကျွန်တောာ်တို့ဒုက္ခသည်စခမ်းအတွက်လည်းအများကြီးကြပ်တည်းမှု ဖြစ်လာလိမ့်မယ်။”

ပြီးခဲ့တဲ့(၂ဝ၁ဝ)ခုနှစ်ဧပြီလမှာ မွန်ပြည်သစ်ပါတီဟာ စစ်အစိုးရတိုက်တွန်းထားတဲ့ တပ်အသွင် ပြောင်းလဲရေးကို ပြတ်ပြတ်သားသားငြင်းဆိုခဲ့တဲ့အပေါ် စစ်အစိုးရတပ်ကနေ ထိုးစစ်ဆင်လာမယ်ဆိုတဲ့ သတင်း ပေါ်ထွက်နေတာကြောင့် ပါတီဌာနချုပ်ဝန်းကျင်ဒေသမှာရှိတဲ့ ရွာသားတစ်သောင်းကျော် ခလော့ဟနီ ဒုက္ခသည် စခန်းကို ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ဖြစ်စဉ်တွေလဲရှိခဲ့ပါတယ်။

မွန်ဒေသအတွင်းဒုက္ခသည်စခန်းတွေရိက္ခာလျော့ချခံရသလို  ထိုင်းမြန်မာနယ်စပ်ဒုက္ခသည်စခန်းတွေဖြစ်တဲ့ အုန်းဖျန် မယ်လ နို့ဖိုးထန်းဟင် မယ်လအူးမယ်ရာမိုနဲ့ ကရင်နီဒုက္ခသည်စခန်း(၂)ခုကိုလဲ ရိက္ခာတွေ လျော့ချခြင်းခံနေရတယ်လို့ ဘန်ဒုန်ယန်းစခန်း ကော်မီတီတစ်ဦးကပြောပါတယ်။ ဒီဒုက္ခသည်စခန်း(၉)ခုမှာ ဒုက္ခသည်စုစုပေါင်းတစ်သိန်းလေးသောင်းခန့်ရှိတယ်လို့ တီဘီဘီစီခေါ် ထိုင်းမြန်မာနယ်စပ် ကူညီစောင့်ရှောက် ရေး ညွန့်ပေါင်းအဖွဲ့ကနေ စာရင်းထုတ်ပြန် ထားပါတယ်။