ငလျင်ဒဏ်ခံခဲ့ရသည့် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် မြို့နယ်အတွင်းမှ ပြည်သူများ အကြား ဘာသာရေး အရ အကာအကွယ်ယူ အားထားမှု ပိုမို များပြားလာကြောင်းဒေသခံ များက ပြောသည်။
တာလေ နှင့် မိုင်းလင်းရှိ ဗုဒ္ဓဘာသာဝင်များသည် မိုင်းဖုန်း ဆရာတော်၏ နိမိတ်ဖတ်မှုဟု အကြောင်းပြကာ ငလျင်ဒဏ် ကာကွယ်ရန် သဲပုံစေတီ ၁ ဆူ၊ ဖယောင်းတိုင် ၉ တိုင်၊ ရေ ၉ ခွက်၊ ပန်း ၉ ခက်၊ တံခွန် ၉ ခု ကို အိမ်ရှေ့ပြင်ဆင်ထားရှိ၍ တည်ထား ကိုးကွယ် နေကြကြောင်း တာချီလိတ်ဒေသခံ တစ်ဦးက ပြောပါသည်။
ငလျင် ထပ်မံ လှုပ်ခတ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုမှုများ ရှိနေသည်ဟု တာလေမြို့နယ်ခွဲ အတွင်းရှိ မိုက်လုမ့်ရွာသူတစ်ဦးက ယခုလို ပြောသည်။
“ဒီလ ၄ ရက် စနေဂြိုဟ်နဲ့ ကမ္ဘာ တစ် တန်းတည်းကျမယ်။ ကျရင် ငလျင်ထပ်လှုပ်မယ်လို့ တာလေတံတားမှာ လူတွေပြောနေကြတာ ကြားခဲ့ရတယ်။ ကျမလဲ စိုးရိမ်တာပေါ့။ ဒီနေ့ တောင် ဖြည်းဖြည်းလေး လှုပ်သွားသေးတယ်” ဟု ပြောပါသည်။
ဧပြီလ ၄ ရက်၌ စနေဂြိုဟ်နှင့် ကမ္ဘာ တစ်တန်းတည်း ကျရောက်သည့် ဖြစ်စဉ်တစ်ခုပေါ်ပေါက် ရန်ရှိ သဖြင့် နောက်ထပ် ငလျင်တစ်ခု ထပ်မံဖြစ်ပွားနိုင်ကြောင်း 7 Day ဂျာနယ်ကလည်း ရေးသားကြောင်း တာချီလိတ် ဒေသခံများက ဖတ်ရှု ပြောဆိုနေကြသည်။
ယနေ့ညလည်း အိမ်ပြင်ထွက်အိပ်ကြဦးမည် ဟု မိုင်းလင်းကျေးရွာအုပ်စု ပါလျဲန်ဒေသခံ တစ်ဦးက ပြောသည်။
“ငလျင် ထပ်လှုပ်နိုင်တယ်လို့ ကြားတော့ ရွာသူရွာသားတွေ အိမ်ထဲမှာ မနေရဲကြ ဘူး။ ဒေသခံတွေ စိုးရိမ်ထိတ် လန့်နေကြတယ်။ ရာသီဥတု ပူပေမဲ့ အိမ်ပြင်မှာဘဲ နေကြတယ်။ ညဆိုရင် လမ်းဘေး ကွင်းပြင်မှာဘဲ အိပ်ကြ တယ်။”
မတ်လ ၂၄ ရက်က အင်အား ၆.၈ ရှိ ငလျင်လှုပ်ခတ် သွားသောကြောင့် တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲမှ ရွာပေါင်း ၉၀၊ ပြည်သူ ၂ သောင်းနီးပါး ငလျင်ဒဏ်သင့်ခဲ့ပြီး လူပေါင်း ၃၁၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ထုတ်ပြန်ထားသည်။