အမေရိကန် အထူးကိုယ်စားလှယ် တကယ်ထူးမည်လား

အမေရိကန် အထူးကိုယ်စားလှယ် တကယ်ထူးမည်လား
by -
ဖနိဒါ

ချင်းမိုင်(မဇ္စျိမ) ။       ။ မြန်မာအစိုးရသစ် ဖွဲ့စည်းပြီးနောက် အမေရိကန်နိုင်ငံက မြန်မာ နိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်အဖြစ် မစ္စတာ ဒဲရစ် ဂျေမစ်ရှဲလ် Mr. Derek J.Mitchell ကို ခန့်မည့်အရေးနိုင်ငံရေးပါတီများ အတွင်း သဘောကွဲလွဲနေသည်။

ကွယ်လွန်သွားပြီဖြစ်သော အမေရိကန် အထက်လွှတ်တော်အမတ် တွမ်လန်းတို့စ် ဦးဆောင်တင်သွင်းသော Jade Act ဥပဒေအရ အမေရိကန်လွှတ်တော်ဟာ လက်ရှိ အမေရိကန် အာရှနှင့်ပစိဖိတ်ရေးဆိုင်ရာ ဒု လက်ထောက် ကာကွယ်ရေးဝန်ကြီး မစ္စတာဒဲရက် ဂျေမစ်ရှဲလ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်လိမ့်မည်ဟု သတင်းထွက်ပေါ်နေသည်။
 
MitchellDerekမတ်လ ၂၉ က အမေရိကန် အထက်လွှတ်တော် အမတ် ၄ ဦးက စီးပွားရေး ပိတ်ဆို့အရေးယူမှု ပိုမို ထိရောက်ရန် အထူးကိုယ်စားလှယ်တဦး အမြန်ခန့်အပ်ဖို့လိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းခဲ့သည်။

ထိုအမတ် ၄ ဦးသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏စီးပွားရေး ပိတ်ဆို့ အရေးယူမှုကို ထောက်ခံသူများဟုလည်း ဗီအိုအေ မြန်မာပိုင်းသတင်းတရပ်တွင် ပါရှိသည်။
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် အထူးသံတမန် ခန့်အပ်ထားမည့် အရေးကို ကြိုဆိုကြောင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။
 
“ ဒီလိုအထူး ကိုယ်စားလှယ်ခန့်မှာ မြန်မာပြည်မှာ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပြည်သူတွေအပေါ် ထိခိုက်မှု ရှိမရှိ၊ အစိုးရအပေါ် ထိခိုက်မှုရှိ မရှိဆိုတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ တားဆီးနိုင်အောင် ဆွေးနွေးဖို့ လုပ်ဖို့လိုတယ်လို့ ပြောပြီးသားဖြစ်တဲ့အတွက် ဒီလိုခန့်တာကို ကြိုဆိုပါတယ် ”ဟု ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။

အမေရိကန် အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံအပေါ်ထားသည့် စီးပွားရေးပိတ်ဆို့မှု၊ NLD၊ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် စစ်အစိုးရအကြား ဆက်စပ် ညှိနှိုင်းပေးနိုင်မည်ဟု သူက ယူဆထားသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကတော့ ဆန်ရှင်ကို ရုပ်သိမ်းစေလိုပြီး အမေရိကန် အထူးသံတမန်အနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးအတွက် လက်တွေ့ ညှိနှိုင်းပေးနိုင်ဖို့လိုသည်ဟု သတိနှင့် ပြောဆိုလိုက်သည်။
 
“ ဆန်ရှင်တွေ ရုပ်ကြမယ်လို့ မျှော်လင့်တယ်လေ။ ဒီလို ကိုယ်စားလှယ် တဦးထားတယ်ဆိုတာ ဗမာပြည်ကို စောင့်ကြည့်ဖို့ဆိုတဲ့ အဓိပ္ပာယ်လား၊ အကြံပေးမယ်၊ ဖလှယ်မယ် ညှိနှိုင်းမယ်။ ဆွေးနွေးမယ်၊ တိုင်ပင်မယ်။ ဒါတွေ မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုရင်တော့ အိုကေပေါ့။ ကန့်ကွက်စရာမရှိဘူး။ ကိုယ်စားလှယ်တဦးထားပြီး တော့ စောင့်ကြည့်ဖို့ဘဲဆိုရင် မထူးဘူးပေါ့၊ စောင့်ကြည့်ပြီးတော ့အပြစ်ရှာမယ်ဆိုရင်တော့ တမျိုးပေါ့”ဟု နိုင်ငွေသိန်းက မဇ္စျိမကို ပြောသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကလည်း ကိုယ်စားလှယ်၏ လုပ်ရပ်သည် အပြုသဘော မဆောင်ပါက လက်ခံမည် မဟုတ်ကြောင်း ပြောသည်။

“ ဒီအထူးကိုယ်စားလှယ်က ဘာတွေလုပ်မှာလဲ။ လုပ်ငန်းတာဝန်က ဘာတွေ သတ်မှတ်ပေးမှာလဲ။ အပြုသဘော အလားအလာ မဆောင်တဲ့ ကိစ္စရပ်မျိုးဆိုရင် ကျနော်တို့ လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ ယေဘုယျ သဘောထားတော့ ကျနော်တို့ပါတီမှာ ချမှတ်ထားတာ ရှိပါတယ်”ဟု ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။

အမေရိကန်အစိုးရက မြန်မာ့နိုင်ငံရေးကို အထူးအာရုံစိုက်လာကာ ကိုင်တွယ်လာသည့်သဘော သက်ရောက်ပြီး မြန်မာ့အရေး တိုးတက်မှု ရှိမရှိ၊ အခြေအနေများကို အကြံပြု တင်ပြနိုင်ရန် အထူးကိုယ်စားလှယ်ခန့်ထားခြင်း သည် အမေရိကန် အစိုးရ၏ ဆုံးဖြတ်ချက် ချမှုတွင် ပို အထောက်အကူဖြစ်စေမည်ဟု မြန်မာ့အရေး လေ့လာသူ ဦးဌေးအောင်က ပြောသည်။
 
“ အမေရိကန်က စီးပွားရေး အရေးယူပိတ်ဆို့နေတာ ရှိတယ်။ ဒါပေမဲ ့အဲဒါတွေကတကယ့်မထိရောက်ဘူး လေ။ ဒါတွေကို ပြန်ပြီးတော့ သူတို့အနေနဲ့ တိတိကျကျ မပြောနိုင်ဘူး။ အခုလို သတ်သတ်မှတ်မှတ် ထားပြီး မြန်မာနိုင်ငံ အရေးကိစ္စကို အာရုံစိုက် ကြည့်နေမယ်။ သုံးသပ်နေမယ်။ အဲဒီအတွက်ဘယ်လိုဆောင်ရွက်သင့် တယ်ဆိုရာ အမေရိကန် အစိုးရအပေါ် အကြံပေးမယ်ဆိုရင် ပိုကောင်းတယ်။ မြန်မာအပေါ်အရေးယူမယ်ဆို ရင်လဲ ထိရောက်တဲ့ အရေးယူနိုင်တာပေါ့နော်။ ပိုကောင်းတယ်လို့ ပြောရမှာပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။

မစ္စတာ ဒဲရက်စ်မစ်ရှဲလ်သည် အာရှပစိဖိတ်ဒေသဆိုင်ရာတခုလုံးကို ကိုင်တွယ်ခဲ့ဖူးသဖြင့် လက်ရှိ မြန်မာ့အရေး တခုတည်းကိုဘဲ ကိုင်တွယ်သောအခါ မြန်မာ့နိုင်ငံရေးအကြောင်းကို သိရှိထားပြီးသူဖြစ်၍ထိရောက်လိမ့်မည် ဟု သူက မျှော်လင့်နေသည်။

၁၉၈၈ အရေးအခင်းနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ခန့်မထားသေးသည့်အပြင် အမေရိကန်က မြန်မာကို သံတမန်ရေးတွင် အဆင့်လျှော့ထားသည်။

Most read this week