ထောင်ဝင်စာ တွေ့ရေးအတွက် ရှမ်း NLD ထောက်ပံ့မည်

ထောင်ဝင်စာ တွေ့ရေးအတွက် ရှမ်း NLD ထောက်ပံ့မည်
by -
မျိုးသန့်

ချင်းမိုင် (မဇ္စျိမ) ။      ။ ရှမ်းဒေသခံနိုင်ငံရေး အကျဉ်းသားများထံ ထောင်ဝင်စာတွေ့နိုင်ရေး အတွက် မိသားစုဝင်များကို လစဉ်ထောက်ပံ့ကြေး ၅၀၀၀ ကျပ် ပေးသွားမည်ဟု ရှမ်းပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ကပြော သည်။

ပါတီက စာရင်းကောက်ယူမှုအရ ရှမ်းပြည်နယ်ဒေသခံ နိုင်ငံရေး အကျဉ်းသား ၂၅ ဦး ရှိနေပြီး၊ တဦးကို တလလျှင် ကျပ် ၅ဝဝဝ ထောက်ပံ့သွားမည့် အစီအစဉ် ဖြစ်သည်။

၂၅ ဦးထဲတွင် ၁၉၉ဝ ရွေးကောက်ပွဲ၌ တောင်ကြီး မဲဆန္ဒနယ် အမတ် ၁ မှ အနိုင်ရခဲ့သည့် NLD အမတ် ဦးကျော်ခင်လည်း ပါဝင်သည်။ သူသည် ထောင် ၂ ကြိမ် ကျခံရသူဖြစ်ပြီး ပထမတကြိမ် ထောင်ဒဏ် ၁ဝ နှစ်နှင့် ယခု ဒုတိယအကြိမ်တွင် ၁၄ နှစ် ကျခံနေရသည်။ ယခုအခါ ရှမ်းပြည်နယ် တောင်ပိုင်း ရှိတောင်လေးလုံး ထောင်၌ ရှိနေသည်။

ပထမအကြိမ် ထောင်ဒဏ်ကျခံရစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တခုအကြောင်း ရိုက်ကူးထားသည့် ဗီဒီယိုခွေ လက်ဝယ်တွေ့ရှိသဖြင့် စွဲချက်အတင်ခံခဲ့ရသည်။ ၁ဝ နှစ်ကျခံခဲ့ရာမှ ပြန်လွတ်အပြီး ၅၂ ရက်အကြာ ၂ဝဝ၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ထပ်မံဖမ်းဆီးခံရကာ နိုင်ငံရေးပုဒ်မ ၅/ည၊ ပုံနှိပ်ဥပဒေတို့ဖြင့်ထောင်ချခံရ ခြင်း ဖြစ်သည်။
 
 “အဲဒီလူတွေကို ကျမတို့က ကိုယ့်ပြည်နယ်ကနေပြီးတော့ပေါ့နော်၊ သူတို့ကို လေးစားဂုဏ်ယူတဲ့အနေနဲ့ ကိုယ့်ပြည်နယ်က ပေးတဲ့ အစီအစဉ်တခုကို ကျမတို့ ဒီနှစ်မှာမှ ပေးတာပါ” ဟု ရှမ်းပြည်နယ် NLD အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက မဇ္စျိမကို ပြောသည်။
 
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များသည် ဝေးလံအရပ်သို့ သွားရောက်ကာ ထောင်ဝင်စာ မတွေ့နိုင်သဖြင့် ပြည်နယ်/တိုင်းအလိုက် ပံ့ပိုးပေးလျှင် ကောင်းမွန်သည့် အစီအစဉ်ဟု ရှမ်းပြည်နယ် NLD က ဆိုသည်။
 
“ပြည်နယ်အလိုက် ကျမတို့ ပံ့ပိုးနေတာကို သိသွားကြရင် ကိုယ့် တိုင်းနဲ့ ပြည်နယ်အတွက် တခြား တိုင်းနဲ့ ပြည်နယ်တွေကပါ လိုက်လုပ်လာကြမယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေအတွက် အသက်ရှူ ချောင်တာပေါ့ရှင့်။ နယ်ဝေးထောင်တွေကျတော့ သွားစရိတ် လာစရိတ်နဲ့ကို မကာမိဘူးလေ” ဟု NLD ဗဟိုဦးစီးအဖွဲ့ဝင် တဦးလည်းဖြစ်သူ ဒေါ်ခင်မိုးမိုးက ပြောသည်။
 
ရှမ်းပြည်နယ်လိပ်စာဖြင့် ထောင်ကျခံရသူ မည်သည့် တိုင်းရင်းသား နိုင်ငံရေးအကျဉ်းသားကိုမဆို ထောက်ပံ့မည်ဖြစ်ရာ ယခုအခါ တောင်းကြီးမြို့ပေါ်မှ ဦးကျော်ခင် (တောင်လေးလုံးထောင်)၊ ဦးထွန်းညို (ဗူးသီးတောင်)၊ ကိုညီညီမိုး (မြင်းခြံ)၊ စိုင်းမျိုးဝင်းထွန်း (ပခုက္ကူ) နှင့် ကိုအောင်ဇော်ဦး (လားရှိုး) တို့၏ မိသားစုများကို ထောက်ပံ့ခဲ့ပြီး ဖြစ်သည်။
 
ယခု အစီအစဉ်ကို မတ်လ ၁၇ ရက်နေ့တွင် ရှမ်းပြည်နယ်မှ NLD ခေါင်းဆောင်များနှင့် NLD အဖွဲ့ချုပ် ခေါင်းဆောင်များ တွေ့ဆုံပွဲ၌ ဆွေးနွေးခဲ့သေးသည်။
 
ရန်ကုန် NLD ရုံးချုပ်ကလည်း နိုင်ငံရေး အကျဉ်းသားများအတွက် ကူညီနေပြီး ဦးရေ ၆ဝဝ ကျော်ကို လစဉ် ၅,ဝဝဝ ကျပ်စီ ထောက်ပံ့နေသည်။
 
“သမ္မတကော၊ အစိုးရအသစ်ကကော ဒီအစီအစဉ်လေး (နိိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်း) ကိုအကောင် အထည်ဖော်မယ်ဆိုရင် ပြည်သူလူထုက သူတို့ကို ပိုပြီး ချစ်ခင်လာမှာပေါ့။ နည်းနည်းပြည်သူလူထုရဲ့ အာဃာတ တွေကို ပြေပျောက်ဖို့ကတော့ အမြန်ဆုံး လုပ်နိုင်တဲ့ အလုပ်ကို အမြန်ဆုံးအကောင်အထည် ဖော်လိုက်ရင် အကောင်းဆုံးပါပဲ” ဟု ဒေါ်ခင်မိုးမိုးက ပြောသည်။
 
မြန်မာအကျဉ်းထောင်များတွင် တိုင်းရင်းသား ၃၂၄ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂ဝ၇၆ ဦး ရှိသည်ဟု ထိုင်းနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B ၏ ယခုနှစ် မတ်လထုတ် စာရင်းများအရ သိရသည်။

Most read this week