ကာကွယ်ရေးဦးစီးချုပ်အဖွဲ့နဲ့ နိုင်ငံဦးသျှောင်အဖွဲ့ရေရှည်မှာ ထိပ်တိုက်တွေ့နိုင်

ကာကွယ်ရေးဦးစီးချုပ်အဖွဲ့နဲ့ နိုင်ငံဦးသျှောင်အဖွဲ့ရေရှည်မှာ ထိပ်တိုက်တွေ့နိုင်
by -
နော်အီဏ

နောအီဏီ(ဧပြီ-၁)။ ။ အစိုးရသစ်ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်အဖွဲ့နဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွေတို့ နိုင်ငံတော်ဦးသျှောင်အဖွဲ့ဟာ ရေရှည်မှာထိပ်တိုက်တွေ့နိုင်တယ်လို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ အတွင်းရေးမှူး (၁) ဦးရွေမျိုးသန့်က ပြောပါတယ်။

min-aung-ling

“ တစ်ဖက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဦးစီးချုပ်ကို ခန့်ထားတဲ့ အာဏာတွေအများကြီးရှိတယ်၊ ဆိုတော့ တစ်ဖက်မှာ ဦးသျှောင်အဖွဲ့ဆိုတာက ဖွဲစည်းပုံအခြေခံဥပဒေမှာ သူတို့အခန်းနဲ့ ပတ်သက်ပြီးတော့ တိတိ လင်းလင်းပြဌာန်းထားတာမရှိဘူး။ မရှိတဲ့အတွက်ကြောင့် ဒီလိုအနေအထားအပေါ်မှာ ဒီဥပဒေ ဖွဲ့စည်းပုံအရ တာဝန်ယူထားတဲ့ စစ်ဘက်မှာအာဏာရှိတဲ့ လူတွေကတော့ တနေ့တစ်ချိန်မှာ ဖွဲ့စည်းပုံအရမဟုတ်တဲ့ ခွဲဝေမှု အာဏာတွေ ကျင့်သုံးလာမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့တော့ အခက်အခဲတွေတွေ့နိုင်မယ်လို့ထင်တယ်။”

အရင်တုန်းကနဲ့အချိန်နဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင်တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွေက လုံးဝအာဏာချုပ်ကိုင်ထား တဲ့ စနစ်ကနေပြီးတော့မှ အတွင်းအာဏာနည်းနည်းကို ဖြုတ်ပေးလိုက်တဲ့ သဘောမျိုးဆိုတော့ အာဏာချုပ်ကိုင်မှုစနစ် နည်းနည်းလျော့နည်းလာလိမ့်မယ်လို့ မြင်ကြောင်း သူကဆိုပါတယ်။

တခါမတူခြားနားအမြင်တစ်မျိုးရှိသူ အန်အယ်လ်ဒီ နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ (လွတ်မြောက်နယ်မြေ)ကကိုညိုအုန်းမြင့် ကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွေက စစ်တပ်ကိုဆက်ကိုင်ထားအုံးမှာဖြစ်ပြီး ဘယ်တော့မှ ယူနီဖောင်း မချွတ်၊ အာဏာကိုလည်းစွန့်နိုင်မှာမဟုတ်တဲ့အတွက်ကြောင့် ကာကွယ်ရေးဦးစီးချုပ်အသစ်ဟာ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ပဲဖြစ်ဖြစ် ၊ ဒီနေရာမှာ အခြားဗိုလ်ချုပ်ကြီးတစ်ယောက်ပဲဖြစ်ဖြစ် ကြိုက်တဲ့လူဖြစ်ပါ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွေရဲ့အနေအထားကပြောင်းလဲ မှာမဟုတ်ဘူးလို့ဆိုပါတယ်။

“ကျနော့်အနေနဲ့ကတော့ အခုလောလောဆယ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွေ အကြံပဲလုပ်ရတဲ့အတွက်ကြောင့် သူ့ရဲ့အပေါ်မှာသာ မူတည်မယ်လို့ ကျတော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီးက တိုင်းပြည် ကိုတကယ်တမ်း ဒီမိုကရေစီပြောင်းချင်တယ် ဆိုရင် ဒီနည်းနဲ့ပြောင်းလို့မရပါဘူး။ အဲဒီအတွက်ကြောင့် အစိုးရစာရင်း အသစ်ပဲထွက်ထွက် သမ္မတကို မောင်ဖြူ မောင်မဲပဲထားထား ကျနော့်အနေနဲ့ကတော့ ဒါတွေပြောင်းလဲနိုင်မယ်လို့ မထင်ပါဘူး။”

ကာကွယ်ရေးဦးစီးချုပ်အသစ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ စစ်တက္ကသိုလ်အပတ်စဉ်(၁၉) ကျောင်းဆင်းဖြစ်တယ်။ (၂၀၀၂)(၂၀၀၃) ၀န်းကျင်မှာ တပ်မ (၄၄)ရဲ့ ဗျူဟာမှူးဖြစ်ခဲ့ပါတယ်။  အထက်လူကြီးအကြိုက်နေတတ်သူလို့အမည်ထွက် နေပါတယ်။ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ဟာ အထက်လူကြီးတွေကိုဖားတတ်ပြီး အောက် လက်ငယ်သားများအပေါ် ဖိနှိပ်တတ်တဲ့ စရိုက်ရှိသည့်အတွက် စစ်တပ်အရာရှိအများစုက ငြိုငြင်ကြကြောင်း စစ်တပ် အသိုင်းအဝိုင်းကနေ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မတ်လ (၃၀)ရက်နေ့မှာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီကို တရားဝင်ဖျက်သိမ်းလိုက်ကြောင်း ကြေညာသွားသော်လည်း နောက်ကွယ်မှာအာဏာအရပ်ရပ်ကို ဆက်လက်ချုပ်ကိုင် သွားမှာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူများကနေ သုံးသပ်ပြောဆိုနေကြပါတယ်။