မန္တလေး - လားရှိူးကားလမ်းမြောက်ဘက်ခြမ်း နယ်မြေအား သျှမ်းပြည်တပ်မတော် SSPP/SSA ပြန်လည် ခြေကုတ်သည့်အတွက်သီပေါမြို့နယ် အတွင်း နမ္မတူမြစ်ရေလမ်းပေါ် လောင်းလှေ စက်လှေများအားလုံး မြို့အနီးမြစ်ဆိပ်၌အားလုံး ဖမ်းဆီးထားပြီးရေလမ်းခရီးသွားလာမှု အားလုံး တားမြစ်လိုက်သဖြင့် ဒေသခံများ အခက်အခဲ ဖြစ်နေကြောင်း သီပေါဒေသခံများပြောကြသည်။
မတ်ခ်ျလနှောင်းပိုင်း ကုန်းလမ်း ရေလမ်းအား သျှမ်းပြည်တပ်မတော် SSPP/SSA ဆက်တိုက်ဖြတ်သန်းခဲ့သည် ဆိုသည့်သတင်း ကြောင့် ဒေသခံအာဏာပိုင်များက သီပေါအထက်ပိုင်း တာ့စေ့ရွာ၊ ဆွန်လုံရွာနှင့် ချောင်းဆုံရွာ မြစ်ဆိပ်တွင်လည်းကောင်း၊ သီပေါမြို့တောင်ဖက် နမ့်ဆင်မ် မြစ်ဆိပ်ရွာတွင်လည်းကောင်း နမ္မတူမြစ်ပေါ် ပြေးဆွဲနေသည့် စက်လှေများအားလုံး ခေါ်ယူစုစည်း ထားရခြင်းဖြစ်သည်ဟုဆိုသည်။
“အခြေအနေမကောင်းဘူးလို့ဘဲ သူတို့ပြောတာကိုး။ လောင်းလှေ၊ စက်လှေ၊ ပေါင်းမိုးပါတဲ့စက်လှေအကုန် လုံးကိုရပ်ထားခိုင်း တယ်။ လှေတွေကိုစောင့်ကြည့်ဖို့ မြို့နယ်ရုံးက လုံခြုံရေး ၂ ယောက်နဲ့ စာရေးမ တယောက်ထားတယ်။ ပိတ်လိုက်တာ ဒီနေ့ပါရင် ၄ ရက်ရှိပြီ။ ကမ်းကပ်ထားတဲ့လှေတွေ အစီး ၁၀၀ ကျော်ရှိမယ်” - ဟု သီပေါဒေသခံကုန်သည်တဦးကပြောသည်။
အဆိုပါဒေသမှ တခြားရွာများသို့ သွားလာ ကူးသန်းရောင်းဝယ်ရာတွင် ရေလမ်းသာအသုံးများသဖြင့်လည်း ဒေသခံများအား ထိခိုက် မှုရှိကြောင်း၎င်းကပြောသည်။
“ဒီမှာက ရေလမ်းသွားရင် အဆင်ပြေဆုံးမို့ အခုလို ပိတ်လိုက်တော့ အရမ်းကို အခက်အခဲဖြစ်ရတယ်။ ဘယ်တော့ပြန်ဖွင့်ပေးမလဲ မသိဘူး” ဟုဆို၏။
သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်းမှမြောက်ဖက်တက်သွားသည့်သတင်းကြောင့်လှေများအား ထိန်းချုပ် ထားခြင်းဖြစ် နိုင်ကြောင်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးမှ ညွှန်ကြားခြင်းဖြစ်ကြောင်းသိရသည်။
တဖက်တွင်လည်း ၂၈ ရက်နေ့က ကျောက်မဲမြို့မြောက်ဖက် တောင်ခြေအနီး ယခင် SSNA ထိန်းချုပ်နယ် မြေတွင် SSPP/SSA နှင့် နအဖတပ် တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်ကြောင်း မန္တလေး-လားရှိုး ကားဆရာတဦးကပြောသည်။
အဆိုပါတိုက်ပွဲတွင် မြန်မာစစ်သားအများအပြားသေဆုံးက ဆယ်နှင့်ချီဒဏ်ရာရကြောင်းကျောက်မဲဆေးရုံ ဝန်ထမ်း တဦးက ပြောပါသည်။
သီပေါ၊ ကျောက်မဲ၊ နမ့်ဇန်၊ မဘိန်း၊ မိုးမိတ်၊ နမ့်မတူ၊ သိန္နီ မြို့နယ်အကြားဒေသသည် တရုတ် - မြန်မာ ရေနံပိုက်လိုင်းအတွက် အရေးပါသည်သာမက၊ ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေနှင့်လည်း တဆက်တည်းဖြစ်နေသောကြောင့် မတ်ခ်ျ ၁၃ ရက် နေ့ SSPP/SSA အားမြန်မာစစ်တပ်စတင်ထိုး စစ်ဆင်တိုက်ခိုက်ပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော် တပ်မ ဟာ ၃ ထိန်းချုပ်ခဲ့ဖူး သည့် အဆိုပါနယ်မြေ အား ပြီးခဲ့သည့်အပတ်ကစ၍ သျှမ်းပြည်တပ်မတော် SSPP/SSA ကပြန်လည်ခြေကုတ်ယူရန် ကြိုး စားလာ ခြင်း ဖြစ်ကြောင်း၊ အဆိုပါဒေသအချို့အား ယခင်က SSNA လည်းထိန်းချုပ်ခဲ့ဖူးကြောင်း စစ်ရေးအတွေ့အကြုံရှိ ပုဂ္ဂိုလ် တဦး ကပြောပါသည်။
တရုတ် - မြန်မာ ရေနံပိုက်လိုင်းကြောင့် လားရှိူး - မန္တလေးကားလမ်းမြောက်ပိုင်းဒေသတဝိုက် အခြေစိုက်သည့် ပလောင်ပြည်လွတ်မြောက်ရေးတပ်မတော် PSLA ၊ သျှမ်းပြည်အမျိုးသားတပ်မတော် SSNA တို့ အားလက်နက်ချရန်၂၀၀၅ ကနအဖ အဓမ္မဖိအားပေး ခဲ့ သည်။ ထို့အတူ အုံမှု (သီပေါမြို့နယ်) အခြေစိုက် သျှမ်းပြည်တပ်မတော် (ယခင်ဦးလွယ်မောဝ်းဦးဆောင်) တပ်မဟာ ၃ (ယခင် ဦးလှမြင့်ဦးဆောင်သည့်တပ်ဖွဲ့) လည်း ထိုဒေသမှ ကားလမ်းတောင်ဘက်ခြမ်း မိုင်းခေးတိုက်နယ်တို့ ပြောင်းရွေ့ အခြေစိုက်ခဲ့ ရသည်။