ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာပြည်တွင်း ဆောက်လုပ်ဆဲ ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုကြောင့် ထိုဒေသတလျှောက်ရှိ အရပ်သားများအပေါ် ကြီးမားသော လူ့အခွင့်အရေး ချိုးဖောက်စေခဲ့သည်သာမက ယခုထက်ပိုမိုသည့် ပဋိပက္ခများနှင့် ချိုးဖောက်မှုများ ပိုမိုဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ မြေကမ္ဘာ စောင့်ရှောက်ကာကွယ်ရေးအဖွဲ့ Earth Rights International – ERI ၏ အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။
ERI အစီရင်ခံစာတွင် အဓိကရေးသားဖော်ပြခံရသော ကုမ္ပဏီမှာ ကိုရီးယားကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံကိုဖြတ်၍ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အရောက် ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်နေခြင်း ဖြစ်သည်။ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာ့အနောက်ဘက် ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ ယူနန်ဒေသအရောက် ရေနံနှင့် ဓာတ်ငွေ့များ သယ်ပို့ပေးမည့် ပိုက်လိုင်းများ တည်ဆောက်နေခြင်းကြောင့် မြေသိမ်းယူမှုများ၊ အဓမ္မလုပ်အားပေးများ၊ အရမ်းကာရော ဖမ်းဆီးထိန်းသိမ်း ညှဉ်းပန်းနှိပ်စက်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် ERI အဖွဲ့ကြီးက ဆိုသည်။
’’ဒီစီမံကိန်းတွေကြောင့် ဒေသခံတွေက အခုကတည်းက ဒုက္ခတွေ ခံစားနေရပြီ။ သူတို့အတွက်လည်း ဒီစီမံကိန်းကြောင့် ဘာအကျိုးကျေးဇူးမှ ရမှာမဟုတ်ဘူး။ ဒါက သူတို့ ဒီစီမံကိန်းကို ဆန့်ကျင်ရတဲ့ ပထမအကြောင်းပြချက်ပဲ။ ရွာသားတွေမှာ သူတို့မြေတွေလည်း ဆုံးရသေးတယ်။ ဒီစီမံကိန်းတွေအတွက် လိုအပ်တဲ့ သွင်းအားစုတွေ ထိထိရောက်ရောက် ပေးတာလည်း မရှိဘူး။ ရွာသားတွေ စိတ်ထဲမှာ ကုမ္ပဏီတွေနဲ့ မြန်မာအာဏာပိုင်တွေ ပြုသမျှနုရတဲ့ဘဝ ရောက်နေပြီလို့ ခံစားနေကြရတယ်’’ ဟု ERI အကြီးတန်းသုတေသီလဲဖြစ်၊ ယခု အစီရင်ခံစာကို အတူတွဲဖက်ရေးသား ပြုစုသူ မက်သယူးစမစ် Matthew Smith က မဇ္ဈိမကို ပြောသည်။
ပိုက်လိုင်းစီမံကိန်းကြောင့် ရှမ်းပြည်နယ်အတွင်း အကြမ်းဖက်မှုများ ပေါ်ပေါက်လာစေနိုင်သည်ဟုလည်း ယခုအစီရင်ခံစာက သတိပေးထားသည်။
ဤအငြင်းပွားဖွယ် ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ စန်းထလာနေသော ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် အကြီးဆုံးနှင့် ငွေကုန်ကြေးကျ အများဆုံး စီမံကိန်းတခုဖြစ်ပြီး ယင်းတွင် ဒေဝူးအင်တာနေရှင်နယ်၊ KOGAS ၊ တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC ၊ ONGC Videsh ၊ အိန္ဒိယဓာတ်ငွေ့အာဏာပိုင်အဖွဲ့ GAIL ၊ မြန်မာအစိုးရပိုင် စွမ်းအင်ကုမ္ပဏီ မြန်မာရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း MOGE တို့ ပါဝင်လုပ်ကိုင်နေခြင်း ဖြစ်သည်။
ဤဒေါ်လာဘီလီယံပေါင်းများစွာ ကုန်ကျမည့် ကီလိုမီတာ ၈ဝဝ ရှည် ပိုက်လိုင်းနှစ်လိုင်း စီမံကိန်းတွင် ရွှေသဘာဝဓာတ်ငွေ့မြေမှ ရခိုင်ကမ်းရိုးတန်းသို့ ရေအောက်ပိုက်လိုင်းဖြင့် ဆက်သွယ်ကာ ကုန်းတွင်းရေနံဆိပ်ကမ်းတခု တည်ဆောက်ပေးရန်လည်း ပါဝင်သည်။
လတ်တလော ဆောက်လုပ်နေသည်မှာ ကုန်းတွင်းရေနံဆိပ်ကမ်းတခုဖြစ်ပြီး ယင်းမှတဆင့် အရှေ့အလယ်ပိုင်းမှ သယ်ဆောင်လာသော ရေနံစိမ်းများကို ယူနန်ပြည်နယ်နှင့် အနီးပတ်ဝန်းကျင် ဒေသများသို့ အမြန်သယ်ပို့ပေးနိုင်လိမ့်မည်။
ယခုစီမံကိန်းအတွက် ပို်က်လိုင်းတည်ဆောက်မည့်လမ်းတလျှောက် ရှင်းလင်းခဲ့ရာ ရွာသားအများအပြားကို လျော်ကြေး မဖြစ်စလောက်သာ ပေးပြီး၊ သူတို့မြေများကို အတင်းအကြပ် သိမ်းယူခဲ့သည်။ မြန်မာအစိုးရပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းမှ ရခိုင်ပြည်နယ်အတွင်း ပိုက်လိုင်းတည်ဆောက်မည့် လမ်းတလျှောက်ရှိ ဒေသခံများသို့ ၂ဝ၁ဝ ခုနှစ် မတ်လအတွင်းက ပေးပို့ခဲ့သော စာတစောင်ကို ERI က ရရှိခဲ့ပြီး ထိုစာတွင် ဒေသခံ ရွာသားများကို ၅ ရက်အတွင်း မိမိတို့ပိုင်မြေများပေါ်မှ ထွက်ခွါသွားရန် မောင်းထုတ်ခဲ့သည်ကို တွေ့ရှိရသည်။
အဆိုပါစာတွင် မြန်မာ့ရေနံဓာတ်ငွေ့လုပ်ငန်းနှင့် ဒေဝူးအင်တာနေရှင်နယ်တို့ ချုပ်ဆိုထားသော စာချုပ်ကို ရည်ညွှန်းဖော်ပြထားပြီး၊ ရွာသားများကို ယင်းတို့စိုက်ပျိုးထားသော သီးနှံများအား သည်အတိုင်း ထားခဲ့ပြီး ထွက်ခွါသွားရန် မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။
မကြာသေးခင်က ကိုရီးယားသံမဏိကုမ္ပဏီ Posco က ဝယ်ယူလိုက်သော ဒေဝူးအင်တာ နေရှင်နယ်ကလည်း သူတို့တွင် ဒေသခံများအတွက် ဆေးခန်းများ တည်ဆောက်ပေးခြင်း အပါအဝင် ကော်ပိုရိတ်လူမှုတာဝန်ယူမှု အစီအစဉ် Corporate Social Responsibility program ရှိကြောင်း ပြောဆိုကာ သူတို့ကုမ္ပဏီ ဤပိုက်လိုင်းစီမံကိန်းတွင် ပါဝင်ပတ်သက်နေမှုကို ကာကွယ်ပြောကြားခဲ့သည်။
သို့သော် ERI ကမူ အဆိုပါ ဒေဝူး၏ ဆေးခန်းများသည် ၂ဝဝ၉ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၌ ဒေသခံရွာသားများကို မြန်မာစစ်တပ်က အတင်းအကြပ် ဆောက်လုပ်ခိုင်းခဲ့ခြင်းသာ ဖြစ်သည်ဟု ပြန်လည်ချေပပြောဆိုထားသည်။ ယင်းသို့ ဆောက်လုပ်ခြင်းအတွက် ဒေသခံရွာသားများကို တိုင်ပင်ပြောဆိုခြင်းလည်း မရှိ၊ ဆောက်လုပ်ရာတွင်ပါဝင်လုပ်အားပေးခဲ့ ရခြင်းအတွက်လည်း တစုံတရာ ငွေကြေးပေးအပ်ခဲ့ခြင်း မရှိဟု ပြောသည်။
’’မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ဆောင်ရွက်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိတဲ့အကြောင်း နှစ်ပေါင်းများစွာကတည်းက ကြိုတင်သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုသတိပေးချက်တွေဟာ ကျွဲပါးစောင်းတီးပဲ ဖြစ်သွားပုံရပါတယ်။ ကုမ္ပဏီရဲ့ အကြီးတန်း အမှုဆောင်အရာရှိတွေကို ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုနဲ့ ERI က ကိုယ်စားလှယ်တွေ ၂ဝဝ၈ ခုနှစ်အတွင်းက လူကိုယ်တိုင်တွေ့ဆုံပြီး သတိပေးခဲ့တာပါ။ ဒါပေမဲ့ အခုထိတော့ အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စတွေကို ပိုက်လိုင်းစီမံကိန်းမှာ ပါဝင်နေတဲ့ ကုမ္ပဏီတွေက လေးလေးနက်နက် အရေးယူဆောင်ရွက်နေတဲ့ လက္ခဏာ မတွေ့ရသေးပါဘူး’’ ဟု စမစ်က ပြောသည်။
’’ဒေဝူးကော၊ CNPC ကုမ္ပဏီတွေပါ လူ့အခွင့်အရေး သက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှုတွေ လုပ်တာ မတွေ့ရသေးဘူး။ ကျနော်တို့သိသလောက် ဒီကုမ္ပဏီတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်လာခဲ့ရင် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် စနစ်တွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာတခုမှ မရှိသေးဘူး’’ ဟု သူက ဆက်ပြောသည်။
ပိုက်လိုင်းတည်ဆောက်မည့် စီမံကိန်းတလျှောက် အနည်းဆုံးတပ်ရင်း ၂၈ ရင်း တပ်စွဲထားသည်ဟု ERI အဆိုအရ သိရသည်။ အဆိုပါတပ်ရင်းများမှ တပ်သားများကို စီမံကိန်းရန်ပုံငွေဖြင့် ထောက်ပံ့မှုများ ပြုလုပ်ထားဖွယ်ရှိသည်ဟုလည်း ဆိုသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် နိုင်ငံခြားကုမ္ပဏီများ ချုပ်ဆိုထားသော သဘောတူ စာချုပ်များအရ စီမံကိန်းလုံခြံုရေးအတွက် မြန်မာစစ်တပ်က တာဝန်ယူရမည်ဟု ERI အစီရင်ခံစာက ဆိုသည်။ ပိုက်လိုင်းစီမံကိန်းကြောင့် ရှမ်းပြည်နယ်အတွင်း မြန်မာစစ်တပ်က နောက်ထပ်အကြမ်းဖက်မှုများ ထပ်မံကျူးလွန်လာစေမည်ကိုပါ အစီရင်ခံစာ ရေးသူများက ရတက်မအေး ဖြစ်နေကြသည်။
ပို်က်လိုင်းတည်ဆောက်မည့် လမ်းကြောင်းသည် မကြာသေးခင်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသော ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ နှင့် မြန်မာစစ်တပ်များ အကြီးအကျယ် တိုက်ပွဲများဖြစ်ပွားခဲ့သည့် လမ်းကြောင်းပေါ်တွင် ရှိသည်။ ဤတပ်မဟာ ၁ သည် သူတို့၏ ညီနောင်တပ်ဖွဲ့များဖြစ်သော တပ်မဟာ ၃ နှင့် ရ တို့ကဲ့သို့ မဟုတ်ဘဲ မြန်မာစစ်တပ်က ကမ်းလှမ်းခဲ့သည့် နယ်ခြားစောင့်တပ်ဖွဲ့ရေးအဆိုကို ငြင်းဆန်ခဲ့သူများ ဖြစ်သည်။
ပို်က်လိုင်းစီမံကိန်းကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်လာမည့်အရေးနှင့် အရပ်သားများအပေါ် အန္တရာယ် ကျရောက်မည်ကို စီမံကိန်းတွင် ပါဝင်နေသည့် ကုမ္ပဏီများ စိုးရိမ်ပူပန်ခဲ့မည်ဆိုပါက ’’စီမံကိန်းများကို ချက်ချင်း ရွှေ့ဆိုင်းထားလိုက်မည်ဖြစ်ကာ ရှမ်းပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားနေရာသို့ အတင်းတိုးဝင်သွားရောက်မည်ထက် အန္တရာယ်လျော့ပါးသက်သာစေရေးကိုသာ လုပ်ဆောင်ကြမှာဖြစ်သည်’’ ဟု စမစ်က ပြောသည်။
ပို်က်လိုင်းနယ်မြေအတွင်း သူတို့ထိန်းချုပ်နယ်မြေများရှိကာ စစ်အစိုးရနှင့် ရယူထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တဲတဲမျှသာ ကျန်တော့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ အကြီးတန်း အရာရှိတဦးကလည်း မြန်မာစစ်တပ်သည် ဒေသတွင်းရှိ ရွာသားများကို အတင်းအကြပ် ပြည်သူ့စစ်ထဲ ဝင်ခိုင်းနေသည်ဟု ERI ကို ပြောသည်။
ERI က လျှို့ဝှက်ပြုလုပ်ခဲ့သော ရွာသားများနှင့် တွေ့ဆုံမေးမြန်းမှုများအရလည်း ပိုက်လိုင်းကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့များ ဖြစ်ဟန်ရှိသည့် အဖွဲ့အတွင်း အတင်းအကြပ် ဝင်ခိုင်းနေသည်ကို တွေ့ရှိရသည်။ ယင်းသည် ပဋိပက္ခ ကြီးထွားလာတော့မည်ကို ပြသနေသည့် နိမိတ်ဆိုးတရပ်ပင် ဖြစ်သည်။