ကနေဒါနိုင်ငံသားကို နယ်စပ်ကျော်မှုဖြင့် တရားစွဲမည်

ကနေဒါနိုင်ငံသားကို နယ်စပ်ကျော်မှုဖြင့် တရားစွဲမည်
by -
ကျော်ခ

နယူးဒေလီ (မဇ္စျိမ) ။        ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှ မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့သူ ကနေဒါနိုင်ငံသား မစ္စတာ ရွန် ဇာရက်စ်ကီ Ron Zakreski ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုမြင့် တရားစွဲမည်ဖြစ်ကြောင်း မြဝတီမြို့နယ် တရားရုံးနှင့် နီးစပ်သူများထံမှ သိရှိရသည်။

၆၂ နှစ် အရွယ် မစ္စတာ ရွန် ဇာရက်စ်ကီကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေး (လဝက) တာဝန်ရှိသူများက မတ်လ ၂၄ ရက်နေ့တွင် အဖမ်းခံထားရသည့် ခီးညာလီး ရဲစခန်းမှ မြဝတီ မြို့နယ်တရားရုံးသို့ ခေါ်ဆောင်လာကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် တိုင်တန်းလျှောက်ထားကာ ကြာသပတေးနေ့က ယမန်ယူသွားခဲ့သည်။

“အဲဒီ နိုင်ငံခြားသား အဖြူတယောက်ကို ရဲတွေနဲ့ အတူတူလာပြီး တရားရုံးကို တရားမဝင် နယ်စပ် ဖြတ်ကျော်မှုနဲ့ ယမန် လာယူသွားတယ်” ဟု တရားရေးဌာန တရားရုံးနှင့် နီးစပ်သူတဦးက မဇ္စျိမကို ပြောသည်။
 
ရွန်သည် မတ်လ ၂၄ ရက်နေ့ မနက်တွင် မဲဆောက်တောင်ဘက် ဖုတ်ဖရာ့မြို့နယ်မှ သောင်းရင်းမြစ်ကို ကူးဖြတ်ကာ မြန်မာနိုင်ငံ ဝေါလေဒေသသို့ ကူးလာပြီး ဓာတ်ပုံရိုက်နေစဉ် ရဲက ဖမ်းဆီးသွားကြောင်း ဒေသတွင်း လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBA အရာရှိ တဦးက ပြောသည်။
 
ဓာတ်ပုံရိုက်သည့် နေရာမှာ မတ်လ ၂၃ ရက်၊ ည ၁၂ နာရီခန့်တွင် DKBA နှင့် နယ်မြေခံ ခြေမြန်တပ်ရင်း ခမရ ၃၅၆ တိုက်ပွဲဖြစ်ခဲ့သည့် နေရာဖြစ်သည်။
 
“သူက ဝေါလေတဖက်ကမ်းမှာ ရှိတဲ့ မဲဆောက်ဘက်အခြမ်းကနေ မြန်မာပြည်ဘက်ကို ကူးလာပြီး ဓာတ်ပုံရိုက်နေတာ ရိုက်နေတုန်းတန်းလန်းပဲ ရဲက ဖမ်းသွားတာ။ သူကူးလာတဲ့ ဘက်အခြမ်းမှာတော့ ထိုင်းစစ်တပ်ရှိတယ်” ဟု DKBA ဗဟို ဆက်သွယ်ရေးဌာနမှ ဗိုလ်မှူးချစ်စရာက မဇ္စျိမကို ပြောသည်။
 
ဝေါလေရွာအနီး စစ်တပ် နည်းဗျူဟာ ၁ စကခ ၅ တပ်အနီးရှိ ခီးညာလီး ရဲစခန်း၌ တပတ်ကြာ ထိန်းသိမ်းစစ်ဆေးပြီး ယခုတပတ် ကြာသပတေးနေ့တွင် မြဝတီသို့ ခေါ်လာခြင်း ဖြစ်သည်။
  
မစ္စတာ  ရွန် ဇာရက်စ်ကီ ဝေါလေ၌ အဖမ်းခံရစဉ် တယ်လီဖုန်းဖြင့် ပြင်ပသို့ ဆက်သွယ်ခွင့် ရရှိခဲ့သည်ဟု အဆက်အသွယ်ရခဲ့သည့် သူ၏ မိတ်ဆွေတဦးက အီးမေးလ်မှတဆင့် မဇ္စျိမကို ပြောပြသည်။

မဲဆောက်ရှိ သူနေထိုင်ခဲ့သည့် Green Guest house ဧည့်ရိပ်သာသို့ အဖမ်းခံရသည့်နေ့သာမက၊ ၂၆-၂၇ ရက်နေ့များ၌ပါ ဧည့်ရိပ်သာရှိ တည်းခိုဖော် နိုင်ငံခြားသားများထံ ဖုန်းဆက်ခဲ့သေးသည်ဟုလည်း ပါရှိသည်။

အချို့သော သတင်းများတွင်တော့ အဖမ်းခံရသော ကနေဒါနိုင်ငံသား၏ အမည်မှာ ရော်နယ်ဂျိမ်းဖြစ်သည်ဟု ပါရှိသည်။

Most read this week