ပင်လယ်ထဲမှာ ၈ ရက်ကြာ မျောပါ

ပင်လယ်ထဲမှာ ၈ ရက်ကြာ မျောပါ
by -
ကျော်ခ

လေပြင်းမုန်တိုင်းကြောင့် ပင်လယ်ပြင်ထဲ ငါဖမ်းမော်တော် မျောပါရင်း  ၈ ရက်ကြာ လှိုင်းလေဒဏ်ကြား အစာရေစာပြတ်တောက်နေခဲ့ရာမှ ထိုင်းငါးဖမ်းလှေတစီးက ကယ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဖျာပုံခရိုင် ဂေါ်တူရွာ ရေလုပ်သား ရ ဦးမှာ အိမ်ပြန်နိုင်ကြပြီဖြစ်သည်။ ...

ချင်းမိုင် (မဇ္စျိမ) ။        ။ လေပြင်းမုန်တိုင်းကြောင့် ပင်လယ်ပြင်ထဲ ငါဖမ်းမော်တော် မျောပါရင်း  ၈ ရက်ကြာ လှိုင်းလေဒဏ်ကြား အစာရေစာပြတ်တောက်နေခဲ့ရာမှ ထိုင်းငါးဖမ်းလှေတစီးက ကယ်ခဲ့သဖြင့် ဧရာဝတီတိုင်း ဖျာပုံခရိုင် ဂေါ်တူရွာ ရေလုပ်သား ရ ဦးမှာ အိမ်ပြန်နိုင်ကြပြီဖြစ်သည်။ 

၎င်းတို့ ရ ဦးထဲမှ ဦးဇော်ဝင်းကို မဇ္စျိမသတင်းထောက် ကျော်ခက ဆက်သွယ်မေးမြန်းထားပါသည်။
 
စိုက်ဆင်းလေပြင်းများ မတ်လ ၁၅ ရက်နေ့တွင် တိုက်ခတ်ခဲ့သဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ လှေများ၊ ဝါးဖောင်များဖြင့် ငါး၊ ပုဇွန်ဖမ်းလုပ်ငန်း လုပ်ကိုင်သည့် ရေလုပ်သား ၄ ထောင်ခန့် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

နာမည်နဲ့ ဇာတိကို ပြောပြပေးပါလားခင်ဗျ။ 

“ဟုတ်ကဲ့ ကျနော့်နာမည် ဦးဝင်းဇော်ပါ။ ကျနော့်အသက် ၄၂ နှစ်ခင်ဗျာ့။ ဖျာပုံခရိုင် ဂေါ်တူကျေးရွာကပါ။ ဗမာ လူမျိုးပါပဲဗျ’’

အန်ကယ်တို့ကို မြိတ်အာဏာပိုင်တွေက ကယ်တင်လာခဲ့တယ်လို့ သိရတယ်ခင်ဗျ။ ဒါနဲ့ပတ်သက်ပြီး ဖြစ်ပျက်ပုံ အဆင့်ဆင့်ကို သိချင်ပါတယ်။ 

“ ဖြစ်ခဲ့တာကတော့ မြန်မာလို တပေါင်းလဆန်း ၁၁ ရက်နေ့က လေထတိုက်တယ်ဗျ။ လေတိုက်ပြီးတော့ မနက် ၄ နာရီလောက်ကနေစပြီးတော့ ကျနော်တို့ မျောတယ်။ ကျနော်တို့မော်တော်ပေါ်မှာ လူ ၄ ယောက်ပါတယ်’’
 
“ မျောတော့ မနက်မိုးလင်းလို့ ၈ နာရီနဲ့ ၈ နာရီခွဲလောက်မှာ ကျနော်တို့ တပြလောက်မှာ ဖောင်တဖောင် တွေ့တယ်။ အဲဒီဖောင်ဆီကို ကျနော်တို့ မောင်းသွားတယ်။ ကျနော်တို့ မောင်းသွားတော့ တွေ့တဲ့လူတွေက ကျနော်တို့ အုပ်စုထဲက လူတွေပဲ ဖြစ်နေတယ်။ အဲဒီ ဖောင်ပေါ်က လူ ၃ ယောက် ဆက်တင်တယ်။ ဆက်တင်ပြီးတော့ ကျနော်တို့ ဆက်မောင်းတယ်’’
 
“ ၂ နာရီလောက် မောင်းပြီးတဲ့နောက်မှာ လေက တအားတိုက်ပြီး၊ လှိုင်းက တအားကြီးတော့ စက် ရေမြုပ်သွားတယ်။ မနိုင်တော့ဘူး။ ဆက်မောင်းလို့လည်း မရတော့ဘူး။ အဲဒီအချိန်မှာ ကျနော်တို့ မျောတာပေါ့။ ၅ ရက်လောက် မျောတယ်ခင်ဗျာ့’’
 
“ ပထမဆုံး ကျနော်တို့ကို ကယ်တဲ့လှေက ယိုးဒယားလှေလို့ ပြောတယ်။ ဗမာလိုပြောတာ တလုံးမှ နားမလည်ဘူး။ ငါးဖမ်းလှေပဲ။ သူတို့ကိုတွေ့လို့ ကျနော်တို့က လှမ်းခေါ်တာ။ သူတို့က လာတယ်။ လာတော့ ကျနော်တို့က လက်ဟန်၊ ခြေဟန်နဲ့ သူတို့နားလည်အောင် ပြောတာပေါ့။ ကျနော်တို့ လေတိုက်လို့ မျောလာတယ်၊ အစာရေစာ မစားရဘူး၊ ဒုက္ခရောက်နေတယ်ဆိုတာကို သူတို့ကို ပြောပြတယ်’’
 
“ အဲဒီလို လက်ဟန်ခြေဟန်နဲ့ ရှင်းပြတော့မှ သူတို့လှေကို ကျနော်တို့မော်တော်ဘုတ်နားကို ကပ်တယ်။ ပြီးတော့မှ လှေပေါ်ခေါ်တင်တယ်။ အဲဒီလှေနဲ့ လိုက်လာပြီး မြန်မာဘက်က လာကယ်တဲ့ လှေနဲ့ နောက်ရက်တွေမှာ တွေ့တော့ ပြောင်းပေးလိုက်ပြီး အခုလို ဒီကိုရောက်လာတာ’’

မျောသွားတာ ၅ ရက်ဆက်တိုက်ဆိုတော့ အန်ကယ်တို့အဖွဲ့တွေ ဒုက္ခရောက်မှာပေါ့။ ဘယ်လိုတွေဖြစ်ကြလဲ။ အတွေ့အကြံုလေးတွေ ရှင်းပြပေးပါဦးခင်ဗျ။

“ ကျနော်တို့လှေ မမြုပ်သွားရေး၊ လှေပေါ်မှာရှိတဲ့လူတွေ တယောက်တလဲ ပက်ကြတယ်လေ။ ရေပက်ပြီး မျှောခံတာပေါ့။ မျှောခံပြီး ၄ ရက်ကျော် ၅ ရက် မြောက်တဲ့နေ့မှာ ကျနော်တို့ကို ဆယ်တဲ့ မော်တော်တစီး သွားတွေ့တယ်။ မနက် ၄ နာရီလောက်မှာ’’
 
“ ထမင်းကတော့ ၃ ရက်လောက် စားလိုက်ရတယ်။ နောက်ရက်တွေကျတော့ ကျနော်တို့ မစားရတော့ဘူး၊ ရေပဲ သောက်ရတယ်။ ရေကလည်း မရှိတော့ဘူး၊ ရေကုန်သွားတော့ ရေငန်တွေကို ကျနော်တို့ ပေါင်းခံပြီးတော့ သောက်တယ်’’
 
ပင်လယ်ထဲမှာ မျောသွားတဲ့အခါ စက်လည်း ရပ်သွားတယ်ဆိုတော့။ စိတ်ဓာတ်ကျတာတို့၊ မျှော်လင့်ချက် မဲ့သွားတာတို့ကော ဘယ်လိုကြံုခဲ့ရလဲဗျ။ 

“ ပထမကတော့ ကျနော်တို့ ပင်လယ်သား ထုံးစံကတော့ မိုးနဲ့ ပင်လယ်သားဆိုတာ အမြဲတမ်း ထိတွေ့နေကျပဲလေ။ လေတော့လာပြီ ဒို့တော့ မျှောကြမယ်၊ ဒီလောက်ထိတော့ ဒုက္ခရောက်လိမ့်မယ်လို့ မထင်ဘူးပေါ့’’
 
“ ကိုယ်တိုင်ကြံုတွေ့လာရတော့မှ ငါတို့တော့ အခြေအနေကောင်းပါ့မလား၊ တချို့ဆို အားလျော့တဲ့သူက လျော့နေပြီ။ ဦးစီး ကျနော်တို့တော့ သေတော့မယ်၊ ရေမပက်နိုင်တော့ဘူး မြုပ်တော့မယ် အဲဒီလို ပြောကြတာပေါ့’’
 
“ အဲဒီအချိန်မှာ ကျနော်တို့က တယောက်နဲ့တယောက် အားတင်းပြီးတော့။ ဒီမော်တော် မြုပ်သွားရင် ဒို့ သေမှာ၊ ပက်ကြပေါ့။ ဒီမော်တော် မမြုပ်အောင် ပက်ကြမယ်ဆိုပြီးတော့ ပက်လာတာပေါ့။ အဲဒါ ဆယ်တဲ့လူလည်း တွေ့ရော ကျနော်တို့လည်း ခြေကုန်လက်ပန်းကျ။ ထမင်းက ဝအောင်မစားရ ရေက ဝအောင်မသောက်ရတော့ လူတွေလည်း တော်တော်လေး ဒုက္ခရောက်တာပေါ့’’
 
“ တချို့ဆိုရင် ချိနဲ့ကုန်ပြီး ခြေတွေ၊ လက်တွေ မသယ်နိုင်ဖြစ်ပြီး မှောက်တဲ့လူက မှောက်ကုန်ပြီ။ အဲဒီလိုမျိုးတွေ ဖြစ်ကုန်ကြတာပေါ့။  ဒါပေမယ့် နုံးချိနေတာကို ပဓာန မထားဘဲ အားလုံး စုစုစည်းစည်းနဲ့ အသက်ရှင်ဖို့အတွက် ရေပေါ်မှာ မော်တော်ပေါ်ရေးကို ကျနော်တို့ တယောက်တလဲစီ ရေပက်ကြတာ’’
 
မုန်တိုင်းဒဏ်၊ လှိုင်းလုံးတွေဒဏ်တွေကြားမှာ အသက်မသေအောင် ကြိုးစားနေချိန် အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုတွေကို သတိရတာမျိုး၊ တွေးမိတာမျိုးကကော။
 
“ မိသားစုကို သတိရတာပေါ့ဗျာ။ သြော် … ငါ့သားသမီး ငါ့မယား၊ ငါ့ညီကိုမောင်နှမတွေနဲ့ တွေ့ရပါတော့မလား။ ငါတို့တော့ ဒီဘဝနဲ့တင် ချုပ်ငြိမ်းသွားပြီလားပေါ့။ အဲဒီလောက်ထိ တွေးမိပါတယ်။ ကမ်းမမြင်လမ်းမမြင် ဒုက္ခရောက်နေတဲ့ အချိန်မှာ တော်တော်ကို ဝမ်းနည်းသွားပါတယ်’’
 
“ကျနော့ တသက်နဲ့တကိုယ် ဒါမျိုး တခါမှ မကြံုဖူးဘူး။ ကြံုတော့ ကြံုဖူးတယ်။ ဒီလောက် ဆိုးဆိုးဝါးဝါးကြီးတော့ တခါမှ မဖြစ်ဖူးဘူး။ ဒါပေမယ့်ဗျာ… ကျနော်တို့ သူဋ္ဌေးလည်း ပစ္စည်းတွေ ပျက်စီးဆုံးရှုံးမှုတွေ တော်တော်ဖြစ်တယ်။ ကျနော်တို့ကကျတော့ အသက်နဲ့ ရင်းရတယ်။ အခုလို ကြံုတွေတဲ့အပေါ်မှာတော့ တော်တော်လေး ဝမ်းနည်းပက်လက် ဖြစ်ရတယ်ဗျ’’
 
“အခုလို ကျနော်တို့ သေကံမရောက်၊ သက်မပျောက်ဘဲ ပြန်ရောက်လာတာဟာ ကုသိုလ်ကံကောင်းလို့ ကူညီမယ့်သူ၊ မ’စမယ့်သူ တွေ့တယ်လို့ ပြောရမှာပေါ့’’
 
အိမ်က မိသားစုတွေ ဘယ်လောက်ထိ စိတ်ပူနေမယ်လို့ တွေးမိခဲ့လဲ။ 
 
“ကျနော်တို့ဆီမှာ ကျနော်တို့အရင် ဖြစ်ခဲ့ကြဖူးတဲ့ ရေလုပ်သားတွေတုန်းက မျက်မြင်ကိုယ်တွေ့ တွေတာတော့ အဲလိုဖြစ်ပြီဆိုရင် အိမ်က သားမယားတွေက တငိုငို၊ တရီရီ ဖြစ်ကုန်ကြတာပေါ့ဗျာ။ ဝမ်းနည်းပက်လက်ပေါ့ဗျာ။ ပင်လယ်ပြင်မှာ ပျောက်သွားတဲ့ သူတို့အိမ်သားတွေ ပြန်မလာမချင်း ငိုယိုနေကြတာပေါ့ဗျာ’’
 
“အိမ်မှာက ကျနော်က မိသားစုရဲ့ အားအထားရဆုံး အိမ်ထောင်ဦးစီးလေ။ အဲဒါကြောင့် ကျနော့်မှာ တာဝန်တွေ အများကြီး ရှိတယ်လေ။ သူတို့အတွက် ကျနော်ဟာ အတော်လိုအပ်တဲ့ လူတဦးပါ။ အခုလို ကျနော် မသေဘဲ ပြန်ရောက်လာတာဟာ ကျနော့်အတွက်ရော၊ ကျနော့်မိသားစုအတွက်ပါ အလွန်ဝမ်းသာပီတိ ဖြစ်ရပါတယ်ဗျာ’’
 
မသေမပျောက် ကမ်းပေါ် ပြန်ရောက်လာတယ်ဆိုတော့ ဘယ်လိုခံစားရလဲဗျ။ 
 
“ကျနော့်စိတ်ထဲမှာတော့ ပြောမပြတတ်အောင် တော်တော်လေးကို ဝမ်းသာပီတိ ဖြစ်မိတာပေါ့။ ငါ့မိသားစု၊ ငါ့ဆွေမျိုးတွေနဲ့ ပြန်ပြီး တွေ့ခွင့်ရတော့မှာပါလားဆိုတဲ့ အသိစိတ်က ပြောမပြတတ်အောင် အတိုင်းထက် အလွန်ပါပဲဗျာ’’
 
“အော်… ငါတို့ဟာ ဗုဒ္ဓဘာသာ မြန်မာလူမျိုး ဖြစ်တဲ့အတွက်ကြောင့် ဘုရားကိုလည်း ယုံကြည်တယ်၊ တရားကိုလည်း ယုံကြည်တယ်၊ သံဃာကိုလည်း ယုံကြည်တယ်။ အဲဒါကြောင့် ဒီအကျိုးတရားတွေကြောင့် သြော် … ငါတို့မှာ ရှင်သန်ခွင့် ပြန်ရခဲ့တယ်လို့ ကျနော် ယုံကြည်မိတာပေါ့လေ’’
 
“ပင်လယ်ထဲမှာ အတိဒုက္ခရောက်ပြီး ကမ်းမမြင်လမ်းမမြင် ဖြစ်နေတဲ့အချိန်မှာ ဂုဏ်တော်တွေကိုလည်း ကျနော်တို့ တတ်သလောက် မှတ်သလောက် ရွတ်ဖတ်ကြတာပေါ့ဗျာ။ အဲဒါကြောင့် ကျနော်တို့ကို ကယ်ဆယ်မယ့်သူတွေနဲ့ တွေ့တယ်လို့ပဲ ကျနော်ယူဆတယ်’’
 
“အခုလည်း မြိတ်မြို့က ဘုန်းကြီးကျောင်းက ကျနော်တို့ကို ကူညီတယ်၊ ကျွေးတယ်။ အဲဒါတွေဟာ ရှေးဘဝက ရေစက်တွေပေါ့။ မနက်ဖြန် ကျနော်တို့ ရွာကိုပြန်ဖို့အတွက်လည်း ကားလက်မှတ်တွေ ဝယ်ပေးတယ်။ အကုန် စီစဉ်ပေးပါတယ်’’
 
ဒီမနက်မှ မြိတ်ကမ်းခြေကို ရောက်လာတယ်ဆိုတော့ အိမ်နဲ့ရော အဆက်အသွယ်ရပြီလား။ အာဏာပိုင်တွေကရော ဘာအကူအညီတွေပေးလဲဗျ။ 
 
“ဆိပ်ကမ်းကို ရောက်ရောက်ချင်း ဒီက အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်။ ဆက်သွယ်ပြီး သူတို့မေးတာ စမ်းတာကို ကျနော်တို့ ဖြေပြီးတော့ သူတို့က အိမ်နဲ့ ဆက်သွယ်ဖို့ ဖုန်းပေးပြောတယ်။ အဆက်အသွယ်တွေ လုပ်ပေးတယ်။ ကျနော်တို့ လုပ်ငန်းရှင်နဲ့ ကျနော်တို့ မိသားစုနဲ့ အဆက်အသွယ်တော့ ရသွားပြီ’’
 
ဦးဇော်ဝင်းက ဂေါ်တူးရွာမှာ ဘာစီးပွားရေးကို အဓိကလုပ်လဲဗျ။ အဲဒီမှာရှိတဲ့လူတွေကရော ဘာလုပ်ငန်းတွေ လုပ်ကြလဲဗျ။ 
 
“ကျနော်တို့လုပ်ငန်းက ရေလုပ်သားတွေပါ။ ငါး၊ ပုဇွန် ဖမ်းတာပေါ့။ ကျနော်တို့က အခုလုပ်နေတဲ့ အလုပ်ကလည်း ကိုယ်ပိုင်လုပ်ငန်း မဟုတ်ဘူးခင်ဗျ။ စားရင်းငှားပေါ့ဗျာ။ ကျနော်တို့အလုပ်တွေကတော့ အစားစားပါပဲ။ ၁၅ဝဝ ကနေ ၃ဝဝဝ ထိ ရတဲ့လူတွေလည်း ရှိတာပဲ’’
 
“ငါးဖမ်းတာကတော့ ညရောနေ့ရော ဖမ်းတာပေါ့။ ကျနော်တို့လုပ်ငန်းက ဖောင်နဲ့အလုပ်လုပ်တာ။ ဖောင်နဲ့ ကျားပိုက်နဲ့ အလုပ်လုပ်တယ်။ ရတဲ့ပစ္စည်းကို ကျနော်တို့မော်တော်ကတဆင့် ကမ်းကို ပြန်ပို့ရတယ်။ စာရင်းဒိုင်ဆီကို’’
 
“ကျနော်တို့ သူဋ္ဌေးမှာဆို ဖောင် ၁ဝ ဖောင် ရှိတယ်။ တဖောင်ကို ၄ ယောက် သတ်မှတ်ထားတယ်။ နောက် ကျနော်တို့ ဆိပ်ကမ်းမှာ ဆိုလို့ရှိရင် ၉ဝ ရာခိုင်နှုန်းက အဲဒီအလုပ်လုပ်တဲ့ လူတွေချည်းပဲ။ ဒီဖျာပုံခရိုင်အတွင်းမှာလည်း ဖောင်လုပ်ငန်းလုပ်တဲ့ လူတွေချည်းပါပဲ’’
 
“ဒီကရတဲ့ ငါးသားပုဇွန်တွေကို သူဋ္ဌေးတွေက အခြောက်လုပ်ပြီးတော့ ရန်ကုန် ဘုရင့်နောင်ပွဲရုံကို ပို့တာပေါ့’’
 
ဖျာပုံခရိုင်ထဲက အများစုက ဝါးဖောင်တွေနဲ့ ပင်လယ်ထဲမှာ သားငါးပုဇွန်  လိုက်ဖမ်းပြီး အသက်မွေးဝမ်းကျောင်းတယ်ဆိုတော့ လေပြင်းတိုက်တုန်းက မျောသွားတဲ့အထဲမှာ တော်တော်များလားဗျ။ 
 
“အဲဒီအချိန်က ညဘက်ဖြစ်နေတော့ သိပ်ပြီးတော့ သူ့မမြင်၊ ငါ့မမြင် အဲလိုဖြစ်နေကြတာပေါ့။ မျောတာတော့ တော်တော်လေးကို မျောကုန်ကြတယ်။ မနက်မိုးလင်းတော့ တောင်၊ မြောက် လိုက်ကြည့်လိုက်တဲ့အခါ သူလည်းမျော၊ ကိုယ်လည်းမျော တော်တော်များများ မျောနေတာတော့ တွေ့ရတယ်’’
 
“ဘယ်သူတွေ သေကြလဲတော့ မသိဘူး။ ကျနော်တို့ကို ပင်လယ်ထဲမှာ လာကယ်တဲ့ လှေကတော့ ပြောတယ်။ ကျနော်တို့လို လူတွေကို အရင်နေ့က ၁ဝဝ ကျော်လောက် ကယ်ပြီး နေရပ်ဌာနေတွေကို ပြန်ပို့ပေးတယ်လို့ ပြောတယ်’’
 
မိသားစုတွေနဲ့ အဆက်အသွယ်ရတော့ သူတို့ ဘယ်လိုဖြစ်သွားတယ်ပြောလဲ။ 
 
“ကျနော့်မှာတော့ မိန်းမနဲ့ သားသမီး ၅ ယောက် ရှိတယ်။ ကျနော် ဖုန်းဆက်လိုက်တော့ သူတို့ အံ့အားသင့်သွားကြတယ်။ တော်တော်လည်း ပျော်နေကြတယ်။ ကျနော်တို့ လေနဲ့ ပါသွားပြီဆိုပြီး အားလုံးက ဝမ်းနည်းပက်လက် ဖြစ်နေကြတာလေ။ ကျနော်ဖုန်းဆက်တော့ ဝမ်းနည်း၊ ဝမ်းသာဖြစ်ပြီး ငိုကြတာပေါ့ဗျာ’’
 
ပင်လယ်ထဲမှာ လေဒဏ်မိုးဒဏ်တွေ တွေ့ကြံုခဲ့ရ၊ အစားအသောက်မရ ဒုက္ခရောက်ခဲ့ရတယ်ဆိုတော့ ကျန်းမာရေးထိခိုက်မှုတွေ ရှိလားဗျ။ 
 
“အခုတော့ ဆိုးဆိုးဝါးဝါးရောဂါတော့ ဘာမှမဖြစ်ဘူးဘဲ ပြောရမှာပေါ့ဗျာ။ တချို့တွေကတော့ အအေးပတ်လို့ ကိုက်ခဲတာတို့၊ ဖျားတာတို့လောက်ကတော့ ဖြစ်ကြတာပေါ့လေ။ အဲဒါလည်း ဒီဘက်က လာကယ်တဲ့ လှေပေါ်က လူတွေက ဆေးတွေ ပေးပါတယ်’’
 
မနက်ဖြန် ရွာကို ပြန်ရောက်ကြတော့မယ်၊ မိသားစုတွေနဲ့ ပြန်တွေ့ရတော့မယ်။ ရွာနဲ့ ကမ်းခြေကြီးကိုလည်း ပြန်တွေ့ရတော့မယ်ပေါ့နော်။ အိမ်ပြန်ရောက်တဲ့အခါ ဒီငါးဖမ်းတဲ့ အလုပ်ကို ဆက်လုပ်ဖြစ်ဦးမလားဗျ။ 
 
“ကျနော်တို့က ဒီအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းလာတဲ့ လူတွေပါ။ ကျနော်တို့ဆီမှာလည်း ဒီအလုပ်ပဲ ရှိပါတယ်။ ကျနော်ကိုယ်တိုင်လည်း ဒီအလုပ်နဲ့ပဲ ကျနော့်မိသားစုကို လုပ်ကိုင်ကျွေးမွေးလာခဲ့တာပါ။ ဒါကြောင့် ကျနော့်အနေနဲ့ ဒီအလုပ်ကိုပဲ ကျနော့်သူဋ္ဌေးနဲ့အတူ ဆက်ပြီး လုပ်ဆောင်သွားဦးမှာပါ’’

Most read this week