လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ တစွန်းတစမျှ သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခြင်း မရှိသော်လည်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးလိမ့်မည်ဟု အတိုက်အခံများက မျှော်လင့်နေကြသည်။ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ တစွန်းတစမျှ သမ္မတ ဦးသိန်းစိန်က ထည့်သွင်း ပြောကြားခြင်း မရှိသော်လည်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးလိမ့်မည်ဟု အတိုက်အခံများက မျှော်လင့်နေကြသည်။
အစိုးရသစ် ပြောင်းလဲချိန်တိုင်း နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးလေ့ရှိသည်ကို အခြေတည်ကာ မျှော်လင့်နေကြခြင်း ဖြစ်သည်။
“ကျနော့် အတွေ့အကြံုအရဆိုရင် တော်လှန်ရေးကောင်စီ တက်တဲ့ ၁၉၆၂ ခုနှစ်မှာ၊ ၁၉၇၄ မဆလ အစိုးရ ဖွဲ့တယ်။ နောက်ပြီးတော့ ၈၈ မှာ နဝတ အစိုးရတက်တယ်။ ၉၇ မှာ နအဖ ဖြစ်တယ်။ အဲဒီလို အပြောင်းအလဲဖြစ်တိုင်းမှာ သူတို့က အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် လုပ်လေ့လုပ်ထ ရှိတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးအဖွဲ့ဝင် ဦးဝင်းထိန်က မဇ္စျိမကို ပြောသည်။
“ဒီအစိုးရသစ်တခု စပြီးတည်ထောင်ပြီဆိုရင် ဒီကိစ္စကို ရှင်းရမယ့် တာဝန်ရှိတယ်။ အဲဒီအကျဉ်းသားနဲ့ ပတ်သက်လို့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းရမယ့် တာဝန်ရှိတယ်။ ဒါကို မဖော်ပြဘူးဆိုတာတော့ သူတို့ရဲ့ ချို့ယွင်းချက်ပေါ့” ဟု နိုင်ငံခြားသတင်းဌာနများသို့ သတင်းမှားများ ပေးပို့သည်ဟု စွပ်စွဲခံရကာ ထောင်ထဲ၌ ၂၂ နှစ်ကြာ နေခဲ့ရသော နိုင်ငံရေး အကျဉ်းသားဟောင်းလည်းဖြစ်သည့် သူက ပြောသည်။
ဧပြီလနှင့် မေလအတွင်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ဟုလည်း ခန့်မှန်းလိုက်သည်။
ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP ၏ အတွင်းရေးမှူး ကိုတိတ်နိုင်ကမူ သမ္မတသစ်သည်လည်း အတိုက်အခံများအပေါ် အာဃာတရှိနေသည်ဟု တွက်ဆထားသည်။
“ဒါက နိုင်ငံရေး အကျဉ်းသားတွေကို ရန်သူလိုထားတယ်။ အာဃာတ ကြီးကြီးထားတယ်ဆိုတာက အင်မတန် ပေါ်လွင်ပါတယ်။ ကျနော်တို့အမြင်တာတော့ နဂိုကတည်းကလည်း နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးလိမ့်မယ် မဟုတ်ဘူး။ လွှတ်ပေးရင်တောင် အကန့်အသတ်အနေနဲ့ လွှတ်ပေးလိမ့်မယ်လို့ တွက်ဆထားပါတယ်” ဟု သူက မဇ္စျိမကို ပြောသည်။
အကျဉ်းဦးစီးဌာနနှင့် နီးစပ်သော သတင်းရပ်ကွက်တခုက အစိုးရသစ်အနေဖြင့် မျက်နှာလှရန် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာရေး အကျဉ်းသားစာရင်း ပြုစုမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
မြန်မာနို်င်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ် အိုဟေး ကင်တားနား Tomas Ojea Quintana က နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့တွင် တောင်းဆိုခဲ့သည်။
ယခုလ ၂၂ ရက်နေ့၊ ပြည်သူ့လွှတ်တော် ၁၃ ရက်မြောက် အစည်းအဝေး၌ ကျားဖြူပါတီမှ လင်းခေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှကျော်က လွတ်ငြိမ်းချမ်းသာခွင့်အတွက် ခြွင်းချက်မရှိဘဲ လွှတ်ပေးရေးနှင့် ပတ်သက်သည့် မေးခွန်းအပေါ် ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦးက သမ္မတသစ် တာဝန်ယူချိန်တွင် ဆောင်ရွက်ရမည့်ကိစ္စဟု ဖြေဆိုခဲ့သည်။
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက ပထမအကြိမ် လွှတ်တော် အစည်းအဝေး၌ အစိုးရသစ်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ရေး ဦးစားပေးတင်ပြရန် ရည်ရွယ်ခဲ့သော်လည်း တင်သွင်းခွင့်ပင် မရခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောသည်။