မွန်ပြည်နယ် အစိုးရသစ် ကျမ်းကျိန် ကတိသစ္စာပြု

မွန်ပြည်နယ် အစိုးရသစ် ကျမ်းကျိန် ကတိသစ္စာပြု
by -
မင်းချမ်း

၂၀၁၀ ရွေးကောက်ပွဲမှဖြစ်ပေါ်လာသော မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ မွန်ပြည်နယ် လွှတ်တော်၌ ယနေ့နံနက်ပိုင်းတွင် ကျမ်းကျိန် ကတိသစ္စာပြုခဲ့ကြကြောင်း စစ်အစိုးရပိုင် ရုပ်မြင်သံကြား ထုတ်လွှင့်ချက်အရ သိရသည်။ ...

၂၀၁၀ ရွေးကောက်ပွဲမှဖြစ်ပေါ်လာသော မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ မွန်ပြည်နယ် လွှတ်တော်၌ ယနေ့နံနက်ပိုင်းတွင် ကျမ်းကျိန် ကတိသစ္စာပြုခဲ့ကြကြောင်း စစ်အစိုးရပိုင် ရုပ်မြင်သံကြား ထုတ်လွှင့်ချက်အရ သိရသည်။

Mon-State“သမိုင်းမှာဆိုရင် ပထမဦးဆုံး မွန်ပြည်နယ် အစိုးရပေါ့ဗျာ၊ ဒါပေမယ့် ပြည်နယ်သားတွေရဲ့အကျိုး၊ မွန်တွေရဲ့ အကျိုးအတွက် အကောင်းဖက် ဒါမှမဟုတ် အဆိုးဖက်ကို ဦးတည်မလားဆိုတာ စောင့်ကြည့်သွားရမှာပေါ့” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဝင် တစ်ဦးက ပြောသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင်ဝန်ကြီးချုပ် -ဦးအုန်းမြင့်ဖြစ်ပြီး အခြားဝန်ကြီးများမှာ ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊ ဒေါက်တာ ခင်မောင်သွင်၊ ဒေါက်တာ တိုးတိုးအောင်၊ ဒေါက်တာ လှဦး၊ ဦးမျိုးညွန့်၊ ဦးဝင်းမော်ဦး၊ ဦးထွန်းလှိုင်၊ နိုင်လဝီအောင် (ဗိုလ်မှုုးကြီးမြင့်ဆွေ-မွန်ပြည်သစ်ပါတီမှအနားယူခဲ့သူ)၊ ဒေါက်တာမင်းနွယ်စိုး (အထွေထွေအတွင်းရေးမှုုး- မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ)၊ တိုင်းရင်းသားလူမျိုးရေးရာ ၀န်ကြီးအဖြစ် ဦးအောင်ကျော်သိန်း(ကရင်)၊ ဦးဖေမြ(ခ) ခွန်ဖေမြ (ပအိုဝ်း)၊ ဦးသက်ဝင်း (ဗမာ)နှင့် ဥပဒေချုပ် - ဦးဝင်းကြည်တို့ပါဝင်သည်ဟု သိရသည်။

အဆိုပါမွန်ပြည်နယ်ဝန်ကြီးများ၏ဌာနများမှာ ၁၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၂၊ စီးပွားရေးဝန်ကြီးဌာန ၃၊ စက်မှုဝန်ကြီးဌာန ၄၊ပညာရေးနှင့်ကျန်မာရေးဝန်ကြီးဌာန ၅၊စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးဌာန ၆၊သစ်တောဝန်ကြီးဌာန ရ၊ သာသနာရေးနှင့်အလုပ်သမားဝန်ကြီးဌာန ၈၊စွမ်းအင်နှင့်လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၉၊လူမှုရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့ဖြစ်ကြသည်ဟု လွန်ခဲ့သည့်ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာများတွင်ရေးသားဖေါ်ပြခဲ့သည်။

သို့ရာတွင် ပြည်နယ်ဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် မည်သူတို့တာဝန်ယူကြရမည်ကို စစ်အစိုးရရုပ်မြင်သံကြား ယနေ့ထုတ်လွှင့်ချက်၌ မတွေ့ရှိရသေးပေ။

အလားတူသက်ဆိုင်ရာ လွှတ်တော်အသီးသီးကအစိုးရအဖွဲ့ဝင်ဝန်ကြီးများ ယနေ့နံနက်ပိုင်း၌ ကတိသစ္စာပြုခဲ့သည်ဟု စစ်အစိုးရရုပ်မြင်သံကြားမှ သတင်းဖတ်ကြားပြသည်။

ထို့အတူ ကြံ့ဖွတ်ခေါင်းဆောင် ဦးသိန်းစိန်သည်လည်း သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သတင်းဌာနများကဖေါ်ပြသည်။

အဆိုပါအစိုးရအဖွဲ့သစ်သည် လာမည့်ဧပြီလ (၁)ရက်နေ့တာဝန် စတင်ထမ်းဆောင်မည်ဟု သိရသည်။

ထို့အပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းလိုက်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ယနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သဖြင့် အုပ်ချုပ်ရေးရုံးများကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိ တပြည်လုံး အတိုင်းအတာအထိ ပြောင်းလဲ ဖွဲ့စည်းလိုက်ကြောင်း ဆက်သွယ် မေးမြန်းချက်များအရ သိရသည်။

“ဒီအစိုးရသစ်ကိုဦးဆောင်တဲ့ သမ္မတဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဘယ်သူအာဏာပိုရှိလဲဆိုတာ မကြာခင်အဖြေပေါ်လာပါလိမ့်မယ်” ဟု ၁၉၉၀ ရွေးကောက်ပွဲဝင် အဖျက်သိမ်းခံမွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်တစ်ဦးက မှတ်ချက်ချပြောဆိုသည်။