သမ္မတဦးသိန်းစိန်နှင့် ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာ ကျိန်ဆိုမှုပြုရာတွင် လွဲချော်မှုဖြစ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် အမတ်များက ပြောသည်။ ...
ချင်းမိုင် (မဇ္စျိမ) ။ ။ သမ္မတဦးသိန်းစိန်နှင့် ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ကျမ်းသစ္စာ ကျိန်ဆိုမှုပြုရာတွင် လွဲချော်မှုဖြစ်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် အမတ်များက ပြောသည်။
၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦး၊ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်တို့သာ မတ်တပ်ရပ်နေခဲ့ကြပြီး လွှတ်တော်အမတ်များမှ ထိုင်လျက်သားဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
လွဲချော်မှု ဖြစ်ခဲ့ရခြင်းအပေါ် အမတ်များမှ လွှတ်တော်နာယက သို့မဟုတ် လွှတ်တော်ညွှန်ချုပ်တို့မှ ကြိုတင်မှာကြားမှုလုပ်ရန် သတိမေ့လျော့ခဲ့ခြင်းကြောင့်ဟု အပြစ်ပြောသည်။
“သမ္မတ ကျမ်းကျိန်နေတဲ့အချိန်မှာ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ် အားလုံးက ထိုင်လျက်ပဲ ထိုင်နေရတယ်၊ လွှတ်တော်ညွှန်ချုပ်ကလည်း ဘာမှမပြောဘူး၊ အခမ်းအနားမှူးရယ် ဘာရယ်မဟုတ်တော့ဘဲနဲ့ နာယက က အခမ်းအနားမှူး ပုံစံမျိုးလုပ်သွားတာ အဲဒီ အချက်ကတော့ လွဲချော်နေတယ်ဗျ” ဟု လွှတ်တော်အမတ်တဦးက ပြောသည်။
သို့သော်လည်း ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်များ ကျမ်းကျိန်ရာတွင် လွှတ်တော်နာယက ဦးခင်မောင်မြင့်က လွှတ်တော်အမတ်များကို မတ်တပ်ရပ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။
“သမ္မတတွေတုန်းက သူကိုယ်တိုင် ရှေ့ထွက်ပြီးတော့ တိုင်ပေးတယ်၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကျတော့ နာယက က သူ့ခုံကနေထိုင်ပြီးတော့ တိုင်ပေးတယ်၊ အဲဒီလို မတိုင်ခင် နာယက က လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံး မတ်တပ်ရပ်ပေးပါ၊ သမ္မတ တုန်းက သူတယောက်ပဲ မှတ်တပ်ရပ်သွားတယ််၊ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေကျတော့ နာယက ထိုင်နေတယ် လွှတ်တော် ကိုယ်စားလှယ်တွေက မတ်တပ်ရပ်ရတယ်၊ အဲဒီတော့ ပြောင်းပြန်တော့ ဖြစ်နေတယ်” ဟု အမတ်တဦးက ပြောသည်။
မှားယွင်းမှုများသည် လွှတ်တော်အတွေ့အကြံုများ နည်းပါးခြင်းကြောင့်ဖြစ်ရခြင်းသာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးစိုင်းမောင်တင် ပြောသည်။
သမ္မတ သုံးဦးက သစ္စာဆိုကြရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့ကို သစ္စာစောင့်သိရန်၊ အချုပ်အချာအာဏာကို တည်တံ့အောင် ထိန်းသိမ်းသွားရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းသွားရန်၊ တာဝန်များကို ဖြောင့်မှတ်စွာ ဆောင်ရွက်သွားရန်၊ လောကပါလ တရားများအတိုင်း အုပ်ချုပ်သွားရန်နှင့် နိုင်ငံတော်အား အသက်နှင့်ကိုယ်ကို အပ်နှင်းကြောင်း ပါရှိသည်။
သမ္မတများ ကျမ်းကျိန်ခြင်းကို နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် ခန်းမတွင် ပြုလုပ်ခြင်း ဖြစ်သည်။ ထိုအခမ်းအနားကို လွှတ်တော်နှစ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များအပြင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်များ တက်ရောက်ခဲ့ကြသည်။
၁၈ ရက်မြောက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပပြီးနောက် ပထမအကြိမ် လွှတ်တော်အစည်းအဝေးများ ရပ်နားလိုက်သည်။