ငလျင်ကြောင့် သေဆုံးသူ ၁ဝ၄ ဦးဟု ဒေသခံများ ပြော

ငလျင်ကြောင့် သေဆုံးသူ ၁ဝ၄ ဦးဟု ဒေသခံများ ပြော
by -
ဖနိဒါ

ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေကို ဗဟိုပြုခဲ့သော ငလျင်ကြောင့် သေဆုံးသူ ရ၄ ဦး ရှိကြောင်း မြန်မာအစိုးရ ရုပ်မြင်သံကြားက ထုတ်ပြန်ချိန်တွင် မျက်မြင်သက်သေများနှင့် ဒေသခံများက ...

ချင်းမိုင် (မဇ္စျိမ) ။        ။ ရှမ်းပြည်နယ်အရှေ့ပိုင်း လွယ်မွေကို ဗဟိုပြုခဲ့သော ငလျင်ကြောင့် သေဆုံးသူ ရ၄ ဦး ရှိကြောင်း မြန်မာအစိုးရ ရုပ်မြင်သံကြားက ထုတ်ပြန်ချိန်တွင် မျက်မြင်သက်သေများနှင့် ဒေသခံများကမူ သေဆုံးသူ ၁ဝ၄ ဦး ရှိပြီဟု သောကြာနေ့ နှောင်းပိုင်းတွင် ပြောဆိုကြသည်။

ဒေသတွင်း ကြည့်ရှု့စာရင်းကောက်ခဲ့သူနှင့် ဒေသခံများသို့ မဇ္ဈိမ မေးမြန်းချက်အရ တာချီလိတ်မြို့ အရှေ့တောင်ဘက် တာလေမြို့၌ပင် သေဆုံးသူ ၄၇ ဦး ရှိပြီး၊ မိုင်းယောင်းအုပ်စု ကျကူနီရွာ၌ ၂၂ ဦး၊  မိုင်းလင်း ၂၉  ဦး၊ တာချီလိတ် ၃ ဦးနှင့် နားယောင်း ၃ ဦး ဖြစ်သည်။ ထို့အပြင် တာလီရွာ၌ ပျောက်ဆုံးနေသူများ ရှိသည်ဟု ဒေသခံများက ဆိုသည်။

တာလေသို့ သွားရောက်ခဲ့သူ တာချီလိတ်မြို့ခံ တဦးက “တာလေက အခြေအနေ တော်တော်ဆိုးတယ်။ လမ်းဘေးမှာပဲ အခေါင်းတွေနဲ့ ထားထားတယ်” ဟု မဇ္စျိမကို ပြောသည်။

ကျကူနီရွာ၌ သေဆုံးသူများမှာ နှှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းထဲတွင် ကျမ်းစာသင်နေစဉ် ငလျင်လှုတ်ခတ်သဖြင့် သေဆုံးရခြင်း ဖြစ်သည်။

သောကြာနေ့ မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထွန်းဦးနှင့်အဖွဲ့ တာလေနှင့် မိုင်းလင်းသို့ သွားရောက်ခဲ့သလို၊ တာလေမြို့ ကယ်ဆယ်ရေးတွင် စစ်သား ၃ဝဝ ခန့် ပါဝင်လုပ်ကိုင်နေခဲ့သည်။

MRTV-4 က မွန်းလွဲပိုင်း ထုတ်ပြန်ချက်တွင် တာချီလိတ်၊ တာလေ၊ နားယောင်း၊ မိုင်းလင်း၊ မိုင်းကိုး၊ ကျကူနီရွာ စသည့် ကျေးရွာများ၌ ရ၄ ဦး သေဆုံးကာ၊ ၁၁၁ ဦး ဒဏ်ရာရခဲ့ပြီး အိမ် ၂၂၄ လုံး၊ တိုက်ခန်းတွဲ ၆ ခု၊ သာသာနာ အဆောက်အအုံ ၁၁ ခု၊ အစိုးရ အဆောက်အုံ ၉ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကြာသပတေးနေ့ကတည်းက လျှပ်စစ်မီးပြတ်တောက်နေပြီး သောက်သုံးရေသန့် လုံလောက်စွာ မရသော တာလေ၌ လူအများမှာ ကွင်းပြင်များ၌ မိုးကာတဲများထိုး၍ နေကြကာ၊ မုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များကို အားကိုးနေရသည်။

ယူနီဆက်၊ World vision၊ ကြက်ခြေနီ၊ အမျိုးသားပြန်လည် နေရာချထားရေး အဖွဲ့များလည်း ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသည်။

Most read this week