ဦးဌေးဦး၏ စီးပွားရေး ပိတ်ဆို့မှု ကန့်ကွက်ရေးအဆို အတည်ပြု

ဦးဌေးဦး၏ စီးပွားရေး ပိတ်ဆို့မှု ကန့်ကွက်ရေးအဆို အတည်ပြု
by -
မျိုးသန့်

ကြံ့ခိုင် ဖွ့့ံဖြိုးရေးပါတီမှ အမတ်ဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးကတင်ပြသည့် စီးပွားရေး ပိတ်ဆို့မှုများကို ကန့်ကွက်ရေး အဆိုကို နောက်လာမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ...

ချင်းမိုင် (မဇ္စျိမ) ။       ။ ကြံ့ခိုင် ဖွ့့ံဖြိုးရေးပါတီမှ အမတ်ဖြစ်သော လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဌေးဦးကတင်ပြသည့် စီးပွားရေး ပိတ်ဆို့မှုများကို ကန့်ကွက်ရေး အဆိုကို နောက်လာမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးများအတွင်း ဆက်လက်ဆွေးနွေးရန် သောကြာနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးလိုက်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုကြောင့် ပြဌာန်းထားသော စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်ရေးအဆိုကို ဦးဌေးဦးက တင်သွင်းထားခဲ့ရာ ကြ့ံခိုင်ရေး လွှမ်းမိုးသော ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက်ဆွေးနွေးမှာ ဖြစ်သည်။

ဥပဒေမူကြမ်း ဖြစ်လာရေး မသေချာသော်လည်း လွှတ်တော်မှ သဘောတူသည့် ပြန်တမ်းအဖြစ် ထုတ်ပြန်နိုင်ပြီး နိုင်ငံတကာသံရုံးများသို့ ပေးပို့နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီအမတ် ဦးခိုင်မောင်ရည်က ဆိုသည်။

“အောင်တဲ့အဆိုတွေသည် ဒုတိယ အကြိမ်မှာကျင်းပမယ့် အစည်းအဝေးမှာ မူကြမ်းတွေ ဖြစ်ဖို့ ဆွေးနွေးကြမှာ ဥပဒေမူကြမ်းဖြစ်မယ်လို့တော့ ကွက်တိ ပြောလို့မရဘူး။ အဆိုတွေသည် သတင်းစာတွေမှာ ပြန်တမ်းအဖြစ် ကြေညာနိုင်တယ်ပေါ့နော်၊ နောက်ပြီး ပြန်တမ်းဖြစ်ပြီးတော့ လွှတ်တော်က အတည်ပြုတာဖြစ်တဲ့အတွက် နိုင်ငံတကာ သံရုံးတွေကို ပို့နိုင်တယ် ပြန်တမ်းမှာ ထုတ်ပြန်နိုင်တယ်” ဟု ဦးခိုင်မောင်ရည်က ပြောသည်။

စီးပွားရေးပိတ်ဆို့မှုများရုတ်သိမ်းစေချင်သောအဆိုကို ထောက်ခံသူ ရ ဦးရှိပြီး လွှတ်တော်တွင်း အတိုက်အခံပါတီများလည်း ပါဝင်နေသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်များ ဖြစ်သည့် ဦးသိန်းညွှန့်နှင့် ဒေါက်တာမြတ်ဉာဏစိုး တို့လည်း ထောက်ခံဆွေးနွေးခဲ့ကြသည်ဟု လွှတ်တော်တက် အမတ်တဦးက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်အမတ် ဦးလှမြင့်က ထိုအဆိုကို ဖြည့်စွက် ဆွေးနွေးရာတွင် ပိတ်ဆို့မှုကို ကန့်ကွက်ပါသည် ဆိုသည့်အဆိုသည် သံတမန်ရေးအရ မသင့်လျော်သည့် အဆိုဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုများ ပြန်လည် ရုပ်သိမ်းပေးရန် မေတ္တာ ရပ်ခံပါသည် ဆိုသည့် အဆိုပြုချက်များ ဖြစ်သင့်ကြောင်း ထည့်သွင်းဆွေးနွေးသွားသည်။

သောကြာနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများတွင် ဒေါက်တာအေးမောင်၏ ကြက်ငှက်တုတ်ကွေးဖြစ်သည့် ဒေသများတွင် တိကျသည့် ဧရိယာ သတ်မှတ်ပေးရေး၊ ကြက်များကို သုတ်သင်ရာတွင် ခြံပိုင်ရှင်များကို လျော်ကြေးပေးရေး အဆိုကို လွှတ်တော်က ကန့်ကွက်သူမရှိ ထောက်ခံခဲ့ပြီး ထိုအဆိုကို တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်သည်။

အခြားအဆိုတခုဖြစ်သည့် ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီပေးရေး အမျိုးသားဒီမိုကရေစီ အင်အာစုပါတီမှ ဒေါက်တာမြတ်ဉာဏစိုး၏ အဆိုကို ထောက်ခံသူ ၃ဝဝ ကျော်နှင့် ကန့်ကွက်သူ ၂ဝဝ ကျော်ရှိခဲ့ခြင်းကြောင့် ထိုအဆိုကိုလည်း တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။

ဒေါက်တာ မြတ်ဉာဏစိုး၏ အဆိုသည် ရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးရေးထက် ရှုပ်ထွေးမှုများသာ ဖြစ်လာနိုင်ကြောင်း ပါတီတူ အမတ်တဦးဖြစ်သည့် ပြည်သူ့လွှတ်တော်အမတ် ဦးခင်မောင်ရည်က ဝေဖန်လိုက်သည်။

“အဲဒါက ကူညီဖို့ထက် အစိုးရလက်ထဲ ရောက်သွားတဲ့အတွက် အခွန်ကောက်ခံမှုတွေ ဖြစ်လာနိုင်တယ်၊ အရေးယူခံရမယ့် ကိစ္စမျိုးတွေ ပေါ်လာနိုင်တယ်၊ အဲဒါတွေကို ပိုဆိုသွားနိုင်တယ်” ဟု သူက ဆိုသည်။

ပြည်ထောင်စုလွှတ်တော်၏ သောကြာနေ့ မေးခွန်းများတွင် ဝန်ထမ်းများ လစာတိုးပေးရေး ကိစ္စနှင့် ပတ်သက်သည့် မေးခွန်းကို စက်မှု ၁ ဝန်ကြီး ဦးအောင်သောင်းက ပြည်ပမီဒီယာများ၏ မမှန်မကန် သတင်းလွှင့်မှုကြောင့် ဝန်ထမ်းများ လစာတိုးပေးမည်ဆိုသော သတင်းများ ထွက်ပေါ်လာခြင်းပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်ရခြင်းဖြစ်ကြောင်း ဖြေကြားပြီး ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြောင်း ဖြေခဲ့သည်။

အခမဲ့ ပညာရေးနှင့် ပတ်သက်သည့် အမတ်များ၏ မေးခွန်းကို ပညာရေးဝန်ကြီး ဒေါက်တာ ချမ်းငြိမ်းက မူလတန်းအထိ အခမဲ့ ပညာသင်ကြားရေးစနစ်ကို လုပ်ပေးနေကြောင်း ဖြေခဲ့သည်။

သောကြာနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကြာသပတေးနေ့ညက တာချီလိတ်မြို့နှင့် အနီးတဝိုက်တွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် သေဆုံးသူများအတွက် ဝမ်းနည်းမှတ်တမ်းကို လွှတ်တော်နာယကမှ ဖတ်ပြခဲ့သေးသည်။

သို့သော် လွှတ်တော်အမတ်များက ထုံးစံအတိုင်းလုပ်ဆောင်နေကြဖြစ်သော လွှတ်တော်နာယကပြောအပြီး လက်ခုတ်တီးမိကြသဖြင့် ရယ်စရာဖြစ်ခဲ့ကြရကြောင်း အမတ်တဦးက ပြောသည်။

“ဒီနေ့ ဝမ်းနည်းကြောင်း လွှတ်တော်အခမ်းအနားခင်မှာ လွှတ်တော်နာယကက ကြေညာချက်ကို ဖတ်ပြရာမှာ ကြေညာအပ်ပါတယ် ဆိုတာကို နာယကက ဒါဟာ ဝမ်းနည်းတာဖြစ်တဲ့အတွက် လက်ခုပ်တီးဖို့ မလိုပါဘူး ဆိုတာကို ပြောမထားဘူး။ ဝမ်းနည်းကြောင်း အတည်ပြုပါတယ်ဆိုတော့ လက်ခုပ်တီးကြသေးတယ်၊ တဝက်လောက်ကတော့ မတီးဘူးပေါ့။ ဝမ်းနည်းတာကို လက်ခုပ်တီးတဲ့အတွက် သောင်းသောင်းဖျဖျ ဖြစ်သွားတာပေါ့နော်” ဟု သူက ပြောသည်။

ပြည်ထောင်စု လွှတ်တော်အစည်းအဝေးများကို ယခုလ ၂၉ ရက်နေ့အထိ ကျင်းပဖွယ်ရှိပြီး သမ္မတ ဦးသိန်းစိန်က အတည်ပြုပေးထားသော ဝန်ကြီး အယောက် ၃ဝ ကိုလည်း တာဝန်ထမ်းဆောင်ရန် ဌာနများသတ်မှတ်ပေးဖွယ်ရှိကြောင်း အမတ်များက ခန့်မှန်းနေကြသည်။

Most read this week