အပစ်ရပ် မှ ပြည်တွင်းစစ် သို့

အပစ်ရပ် မှ ပြည်တွင်းစစ် သို့
by -
သျှမ်းသံတော်ဆင့်

“အမျိုးသားညီလာခံကျင်းပခြင်း၊ (၂၀၀၈) အခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူခြင်း၊နိုင်ငံရေးပါတီများမှတ်ပုံ တင်ခွင့်ပြုခြင်း၊ မဲခိုးမဲလိမ်ရွေးကောက်ပွဲ ကျင်းပခြင်း၊ လွှတ်တော်ခေါ်ယူခြင်း” သော ဖြစ်စဉ်ဖြစ်ရပ်များ ...

သို့ဖြင့်

“အမျိုးသားညီလာခံကျင်းပခြင်း၊ (၂၀၀၈) အခြေခံဥပဒေ ပြည်သူ့ဆန္ဒခံယူခြင်း၊နိုင်ငံရေးပါတီများမှတ်ပုံ တင်ခွင့်ပြုခြင်း၊ မဲခိုးမဲလိမ်ရွေးကောက်ပွဲ ကျင်းပခြင်း၊ လွှတ်တော်ခေါ်ယူခြင်း” သော ဖြစ်စဉ်ဖြစ်ရပ်များ ကို ပုဒ်မချလိုက်သောအခါ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ ကံကြမ္မာ သည်ယခင် အချိန်များထက် ပို၍ရှင်းလင်းလာခဲ့ပြီ။

နယ်ခြားစောင့်တပ်(BGF) အဖြစ် အသာတကြည်ပြောင်းမည်လော။

စစ်ပြန်တိုက်ကြမည်လော။ (အချို့နေရာများတွင်ထိတွေ့မှုတချို့ဖြစ်ပွားပြီး သေဆုံးဒဏ်ရာရမှုများရှိနေပြီး/ အချို့ နေရာ များတွင် စစ်အတွက်ပြင်ဆင်နေကြသည်)

စစ်အစိုးရ၏ (နောင်တက်လာမည့်ကိုယ်ခွဲအစိုးရ၏) ရည်မှန်းချက်မှာအပစ်ရပ်များ နယ်ခြားစောင့်တပ် (BGF) ဖွဲ့ရေးသာဖြစ်သည်။

(BGF)ဖွဲ့စည်းခြင်း၏ တကယ့်အနှစ်သာရမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအား တစစီဖြိုခွဲဖျက်သိမ်းရေး ဖြစ်သည်။

“အပစ်အခတ်ရပ်စဲရေး+နယ်စပ်ဒေသဖွံ့ဖြိုးရေး+အမျိုးသားညီလာခံ”တို့ဖြင့်လှည့်စားသိမ်းသွင်းခဲ့ပြီး “(BGF) ဖွဲ့စည်းရေး” ဖြင့် အပြီးသတ်ချေမှုန်းခြင်းဖြစ်သည်။

ယခုရောက်နေသည့်အဆင့်မှာ အပြီးသတ်ချေမှုန်းရေး၏ နောက်ဆုံးအဆင့်ဖြစ်သည်။

မည်သည့်လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းမဆို (BGF) ဖွဲ့စည်းရမည်။

(နဝတ-နအဖ)စစ်အစိုးရ၏ “အပစ်အခတ်ရပ်စဲရေး+နယ်စပ်ဒေသဖွံ့ဖြိုးရေ +အမျိုးသားညီလာခံ” ဟူသော ဗျူဟာအောက် တွင် ပွဲဦးထွက်အနေဖြင့် (၁၉၈၉-၁၉၉၅ နှစ်များ၌လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများ၏ အထင်ကရ တပ်ပေါင်းစုကြီးဖြစ်သော (NDF) အစီးပြေသွား ခဲ့ရသည်။ ယင်းနောက် အဖွဲ့အစည်းကြီးများထဲမှ ကွဲအက်မှုခွဲထွက်မှုများဖြစ်ပွားခဲ့သည်။

အဖွဲ့အစည်းငယ်အချို့လုံးဝ လက်နက် ချရသည်။ အချို့တစစီပြိုကွဲကာပျက်သုန်းလုနီးပါးအခြေသို့ ဆိုက်ရောက်ခဲ့ရ၏။ အချို့အဖွဲ့များ အချင်းချင်းပင်ပြန်လည် တိုက်ခိုက်မှုများ/လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်သည့်အနေအထားသို့ရောက်ခဲ့ရသည်။
-    ပအိုဝ်းအဖွဲ့အစည်းများ (ရလလဖ SNPLO) နှင့် (PNO)
-    ပလောင်အဖွဲ့ (PSLO)
-    NDA(K)
-    (ကလလတ) နှင့် (ကယန်းပြည်သစ်ပါတီ)
-    မိခင်(KNU)မှ ခွဲထွက်သွားသောအဖွဲ့အစည်းများ ( ၆ ဖွဲ့)

စသဖြင့် ပုံစံမျိုးစုံ အစီးပြေခဲ့ရသည်။ ပြိုကွဲခဲ့ကြသည်။ အချို့ကားပျက်စီးလုနီးပါးအခြေအနေသို့ရောက်ရှိ ကာ ဖရို ဖရဲဖြစ်လျက်။

ယင်းတို့အနက် အနည်းစုအဖွဲ့အစည်းအချို့သည် (၂၀၀၈) အခြေခံဥပဒေ အောက်တွင် “နိုင်ငံရေးပါတီ” များဖြစ် လာခဲ့ကြသည်။ (PNO) (DKBO မှ KSDPP)

အချို့သည် တသီးပုဂ္ဂလများအဖြစ် ၂၀၁၀ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ယခုဆိုလျှင် ကြံ့ဖွံ့ပါတီ၏ မိတ်ဖက်ဖြစ်နေကြပြီ။ အချို့မှာကား (တစည) ပါတီမှပင်ဝင်ရောက်အရွေးခံခဲ့ကြသည် အထိ သရုပ်ပျက်ခဲ့ကြ၏။ NDA(K) မှ မုတ်ရင်ဒေါင်းဟောင်/ နဘုတ်ထောခေါင် လိုလူများ)

မပြီးဆုံးသေးသောပြည်တွင်းစစ်

BGF မပြောင်းနိုင်ဟု တင်းခံသည့်အဖွဲ့အစည်းများအား စစ်ရေးအရ တိုက်ခိုက်လာမည်သာဖြစ်သည်။ ယခုလည်း အဖက်ဖက်က ဖြတ်တောက်ပိတ်ဆို့နေသည်။ “ဖြတ်၄ဖြတ်” လုပ်နေသည်။အချို့နေရာများ တွင် တိုက်ပွဲတွေဖြစ်နေသည်။ အင်အား နည်းသည့်နေရာများတွင်အလစ်အငိုက်ဝင်ရောက်တိုက်ခိုက် ၍၊ အင်အားအတော်အတန်ရှိသည့်နေရာများတွင် ဝိုင်းပတ်ပိတ်ဆို့ ထားပြီး သွေးတိုးစမ်းတိုက်ပွဲများ ဖန်တီးနေသည်ကိုတွေ့ရသည်။ သို့ဖြင့် ကရင်ပြည်၊ ကချင်ပြည်၊ ရှမ်းပြည်တို့တွင်သေနတ်သများညံ နေသည်။

ယခု တိုက်ကြရမည့်တိုက်ပွဲမှာ ယခင်တိုက်ပွဲများတွင်တိုက်ခိုက်ခဲ့ကြဖူးသည့် နည်းနာများဖြင့် ခုခံ တိုက်ခိုက်၍ မဖြစ်နိုင်တော့ပါ။ “နယ်စပ်ဒေသဖွံ့ဖြိုးရေး” ကောင်းမှုကြောင့် လမ်းတွေပေါက်နေသည်။ ခွဲထွက်သူများအား ပွိုင့်ထွက်စေခြင်း၊ လမ်းပြလုပ် ခိုင်းခြင်းဖြင့်မိမိတို့အတွင်းပိုင်းခြေကုပ်ယူထား ရာနေရာများ အထိရန်သူ အလွယ်တကူထိုးဖောက်လာနိုင်ခဲ့ပြီ။

ခွဲထွက်သူများအား ရှေ့တန်းမှရင်ဆိုင်တိုက်ခိုက်စေပြီးဗမာစစ်တပ်ကအနောက်ကနေအမြောက်ပစ် ကူပေး သည့် ဗျူဟာသုံးလာ သည်ကိုတွေ့နေရသည်ခြေချအမြောက်စခန်းများအခိုင်အမာတည် ဆောက် လာခြင်း၊ အမြောက်ပစ်ကူအားကိုပိုမို အသုံးချ လာခြင်းနှင့် ခွဲထွက်များအားလမ်းပြအဖြစ်ပွိုင့် ထွက်ခိုင်း၍ တိုက်ခိုက်စေခြင်းမှာ ရှေ့အဖို့အဓိကရင်ဆိုင်ရမည့်တိုက်ပွဲပုံစံ ဖြစ်လာမည် ထင်ပါသည်။

အမြောက်ပစ်အားသုံးသည့် ဗျူဟာမှာ တမီးကျားသူပုန်များအား ချေမှုန်းခဲ့သည် သီရိလင်္ကာ စစ်တပ်ထံမှ ရရှိလာသည့် ဗျူဟာဖြစ်မည်ဟုတွက်ဆနိုင်ပါသည်။ ဤသည်မှာစစ်ကိုလက်တွေ့ ကွပ်ကဲကြမည့်သူများ၏ ဘာသာရပ်ဖြစ်ပါသည်။ မိမိတို့ဘက်ကလည်းပြောင်းလဲလာသည့်အခြေအနေ အတိုင်းခုခံစစ်၏သေနင်္ဂဗျူဟာနှင့်နည်းပရိယာယ်ကိုပြန်လည်စိစစ် သုံးသပ်နိုင်ရန် တင်ပြခြင်းဖြစ် ပါသည်။

တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို “လွှတ်တော်”ထဲ ဖြေရှင်းနိုင်သလော

ဤ မေးခွန်းအတွက်အခရာကျသောအဖြေသည် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုအာမခံနိုင်သော အချက်များ “(၂၀၀၈) အခြေခံဥပဒေ” တွင် ပါဝင်ပါသလား ဟူသော မေးခွန်းဖြင့်ပင်ပြန်လည်တုန့်ပြန် ရလိမ့်မည်။ အခြေခံဥပဒေ တွင်မပါရှိသော အချက်များကို အခြေခံဥပဒေအရခေါ်ယူသည့် “လွှတ်တော်” ထဲ မည်သို့ဖြေရှင်းနိုင်ပါမည်နည်း။

“လွှတ်တော်”အတွင်းအခြေအနေများကို လက်တွေ့ကျကျကြည့်ကြပါဦးစို့။

“လွှတ်တော်” ကို ကြံ့ဖွံ့ပါတီနှင့် စစ်ဦးစီးချုပ်၏ကိုယ်စားလှယ်များက စိုးမိုးထားသည်။ချုပ်ကိုင်ထား သည်။ တိုင်းရင်းသား ပါတီကိုယ်စားလှယ်များကတော့ အနည်းစုသာဖြစ်သည်။ သူတို့ အဘယ်မျှ စိတ်ကောင်းစေတနာကောင်းထားရှိကြစေကာမူ သူတို့၏ အဆိုများလက်တွေ့အကောင်အထည်ဖြစ်လာ လိမ့်မည်မဟုတ်ပါ။

(၅နှစ်လောက်စောင့်ကြည့်သင့်သည်ဟုတိုင်းရင်းသားဥပဒေဒေါက်တာတစ်ဦး ပြောတာကြားရသည်)

ကျင်းပနေသည့် လွှတ်တော်ထဲတွင် တိုင်းရင်းသားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများအဆိုများ တင် ခဲ့ကြပြီးပြီ။
-    အုပ်ချုပ်ရေး/စီမံခန့်ခွဲရေး ကဏ္ဍများတွင် တိုင်းရင်းသားများပိုမိုပါဝင်ခွင့်ရရှိရေး
-    တက္ကသိုလ်နှင့်ကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ကြားခွင့်ရရှိရေး
-    တိုင်းရင်းသားပညာရေးဆိုင်ရာဌာနတစ်ခုဖွင့်လှစ်ရေး
-    မျိုးနွယ်စုဘာသာစကားဖြင့် စာစောင်/ဂျာနယ်ထုတ်ဝေရေး

စသည့်အခြေခံကျသည့်အခွင့်ရေးများကို “လွှတ်တော်” ကလက်မခံပယ်ချခဲ့သည်မဟုတ်ပါလော။ ဤသည်မှာ လွှတ်တော်ထဲကြုံတွေ့ ရသည့်လက်တွေ့ဖြစ်ရပ်များဖြစ်ပါသည်။

သို့အတွက် “လွွှတ်တော်”ထဲ၌ ဘာကိုမျှော်လင့်ကြမည်နည်း။

“အရပ်သားအစိုးရ” က တိုင်းရင်းသားအရေး ဆွေးနွေးဖြေရှင်းနိုင်သလော

ပေါ်ထွက်လာမည့်/လာနေသည့် အရပ်သားအစိုးရသည် “နယ်စပ်ရေးရာဝန်ကြီး” မှတဆင့် (BGF) ကိစ္စကို ကိုင်တွယ် ရပါလိမ့်မည်။ “နယ်စပ်ရေးရာဝန်ကြီး”ကို ကာကွယ်ရေးဦးစီးချုပ်ကတိုက်ရိုက်ခန့် အပ်မည်ဖြစ်သည်။ ထို့အပြင် “နယ်စပ်ရေးရာ ဝန်ကြီး” သည်“အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ (အကလ) ”အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ နယ်စပ်ရေးရာဝန်ကြီးသည် (၂၀၀၈) အခြေခံဥပဒေ ပုဒ်မ ၃၃၈ ကို အကောင်အထည်ဖေါ်ရမည့်တာဝန်ရှိသည်။

ဖေါ်ပြပါအချက်များအတိုင်းပြောရလျှင် “(BGF) မဖွဲ့ရေး တင်းခံနေကြသည့် အဖွဲ့အစည်းများနှင့် “အရပ်သားအစိုးရ” ဆွေးနွေး ရေးဆိုသည်မှာ မျှော်လင့်နေကြသည့် နိုင်ငံရေးဆွေးနွေးပွဲပုံစံထက် စစ်ဘက်ယန္တယားလက်အောက်ခံ အုပ်ချုပ်ကွပ်ကဲရေးဆိုင်ရာကိစ္စ တစ်ရပ်ကိုသာ ဆွေးနွေးကြရမည့် ဆွေးနွေးပွဲမျိုးသာဖြစ်နိုင်ဖွယ်ရှိပါသည်။

“အရပ်သားအစိုးရ” သည် ပုဒ်မ (၃၃၈) ကို နည်းနည်းမျှအလျှော့ပေးလိမ့်မည်မဟုတ်။ အလျှော့ပေးလျှင် အခြေခံဥပဒေ ပြင်ဆင်ရလိမ့်မည်။ အလျှော့ပေးလာလိမ့်မည်ဟု မျှော်လင့်လျှင် မျှော်လင့်သူတို့၏ အပြစ်သာဖြစ်တော့မည်။

ဤသို့ဖြင့် တက်လာမည့်အရပ်သားအစိုးရဘက်ကလည်း ပုဒ်မ (၃၃၈)ကိုအလျှော့မပေးစတမ်းဆုပ်ကိုင် ထားပြီး လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများဘက်ကလည်း(BGFဖွဲ့စည်းရေးကိုလက်မခံလျှင် ထိပ်တိုက် တွေ့ရေးသည် ရှောင်လွှဲ၍ရနိုင်ဖွယ် မရှိပါ။

စစ်အတွက်ပြင်ဆင်ထားကြရမည်။

စည်းလုံးညီညွတ်မှုဖြိုခွဲခံခဲ့ရသော/ပြိုကွဲခဲ့ရသော၊ သေနတ်ကိုစွန့်လွှတ်ခဲ့ကြသော အဖွဲ့အစည်းများ၏ ကံကြမ္မာကိုလက်တွေ့ မြင်တွေ့ခဲ့ကြပြီးဖြစ်ပါသည်။